စလင်းမှာ စစ်ဘေးဒုက္ခသည် လေးထောင်ကျော် အကူအညီ လိုအပ်နေ
2025.03.15

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာလေးရွာက စစ်ဘေးဒုက္ခသည် လေးထောင်ကျော် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ ဆင်ဖြူကျွန်း ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ မတ် ၆ ရက်နေ့ကတည်းက ကျပင်း(မြောက်)ရွာ၊ နေပူခံ၊ သီးပင်စုနဲ့ ကုက္ကိုတန်းရွာစတဲ့ရွာတွေကို တစ်ရွာဝင် တစ်ရွာထွက် စီးနင်းဝင်ရောက်ပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ အထိုင်ချထားတဲ့ တပ်စခန်းတွေကနေ မတ် ၉ ရက်နေ့ကနေ မတ် ၁၅ ရက်နေ့အထိ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ ကုက္ကိုတန်း ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မတ် ၁၃ ရက်နေ့က လက်နက်ကြီးကျလို့ လူနေအိမ် နှစ်ရာနီးပါးလောက် မီးလောင်သွားတဲ့ ကုက္ကိုတန်းရွာရဲ့မြောက်ဘက် ကန်တော်ရွာမှာ အိမ်တွေမီးလောင်သွားတာ ဒီနေ့ပဲလေ။ လက်နက်ကြီး လှမ်းပစ်တာခံလိုက်ရလို့ စစ်တပ်က တစ်ရက်မှ မနားဘူး။ မတ် ၉ ရက်နေ့ကတည်းစပြီး တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုး ဖျက်ဆီးနေတာပဲ။ ဘယ်ရွာမှ သူတို့တွေ ဝင်လာရင် မနေရဲဘူး။ ယူလို့ရတာ ဆွဲပြေးနေရတာပဲ။ ဘယ်မှလည်း ဝေးဝေးပြေးနိုင်ကြတာ မဟုတ်ဘူး။ ရွာနဲ့နီးတဲ့ တောထဲ တောင်ထဲပဲ၊ ရွာတွေမီးရှို့နေတာ။ မီးခိုးလုံးကြီးတွေ မြင်နေရတာပဲလေ။ ကျပင်း(မြောက်)ရွာ၊ နေပူခံနဲ့ သီးပင်စုက ၁၂ နေ့က မီးရှို့ခံလိုက်ရတာ။ ကုက္ကိုတန်းရွာက ၁၃ နေ့က မီးလောင်သွာတာ။ ဒီနေ့က ကန်တော်ရွာ လက်နက်ကြီးကျလို့ အိမ်တွေ မီးလောင်သွားတယ်။ နေကပူပူ၊ မီးကပူပူနဲ့ လူတွေရော၊ တိရစ္ဆာန်တွေရော ရေငတ်တယ်။ ဆေးတွေလည်း လိုတယ်။ ရိက္ခာတွေက လိုအပ်နေပါတယ်။ ပါလာတာတွေလည်း ဘာမှ မကျန်တော့ဘူး”
လက်ရှိမှာ စစ်ကြောင်းတွေကြောင့် နွယ်တမယ်၊ ချောင်းဖြူ၊ သပြေပင်၊ ကုန်းခြား၊ မြို့သစ်၊ ကျောင်းကုန်း၊ ကျပင်း(တောင်)၊ ကျပင်း(မြောက်)၊ နေပူခံ၊ သီးပင်စု၊ ကုက္ကိုတန်းနဲ့ ကန်တော် စတဲ့ရွာတွေက ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီတပ်ရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
လတ်တလောမှာတော့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၀၁ ခြေမြန်ဌာနချုပ် လက်အောက်ခံ တပ်တွေဖြစ်တဲ့ ခလရ- ၂၅၃၊ ခလရ-၂၅၄၊ ခလရ-၂၅၅ နဲ့ မကွေးတပ်မ ၈၈ တို့ဟာ စလင်းမြို့ကို ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။