အာဏာသိမ်းသုံးနှစ်ကျော်အတွင်း အိမ်တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရ
2024.11.11

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ပေါင်း တစ်သိန်းငါးထောင်ကျော် (၁၀၅,၃၁၄ လုံး) ရှိသွားပြီလို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က နိုဝင်ဘာ ၁၀ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဒီအရေအတွက်ဟာ ၂၀၂၁ ခုနှစ်၊ မေလကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ရရှိတဲ့ အချက်အလက်တွေ လို့ ဆိုပါတယ်။ ဖြစ်ရပ်တွေထဲမှာ တစ်သိန်းကျော်က စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ မီးရှို့တာဖြစ်ပြီး၊ ၃၈၀၀ ကျော်ကိုတော့ ဘယ်သူတွေရှို့လဲဆိုတာ အတည်မပြုနိုင်သေးဘူးလို့လည်း ဖော်ပြပါတယ်။
အိမ်တွေပျက်စီးဆုံးရှုံးရတဲ့ ပြည်သူတွေမှာ ပြန်လည်ထူထောင်ရေး အလှမ်းဝေးနေပါသေးတယ်။
"မီးရှို့ဖျက်ဆီးခံရတဲ့ အခြေအနေမှာ ပြည်သူတွေက ဘယ်လိုပြောမလဲဆိုရင် ကုန်းကောက်စရာ မကျန်အောင်အထိကို ဖြစ်သွားတဲ့ ပြည်သူတွေက အများအပြားရှိတယ်ပေါ့နော်”
ရွာမှာအိမ်မရှိတော့လို့ မြို့ပေါ်တက်ရင်လည်း မြို့အဝင်ဂိတ်တွေမှာ ရိုက်နှက်ခံရတယ်လို့ မြင်းခြံမြို့နယ်ထဲက အိမ်မီးရှို့ခံရတဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။
“နေစရာ တဲထိုးနေရတယ်ဆိုတော့ မိုးတွင်းတို့၊ ဆောင်းတွင်းတို့ကျတော့ အဆင်မပြေဘူးပေါ့ဗျာ။ ဒီ ကျွန်တော်တို့ ဒီမြင်းခြံဘက်တွေမှာက မီးရှို့ခံရတဲ့ ရွာတွေဆိုလို့ရှိရင် များသောအားဖြင့် မြို့ပေါ် တက်မရတာတို့ ဘာတို့ ရှိတယ်။ ရွာကလူတွေ မြို့ပေါ် တက်လာလို့ရှိရင် အဲဒီလိုမျိုး မြို့အဝင်ဂိတ်မှာ စစ်ပြီးတော့ ခုနလိုမျိုးဗျာ ရိုက်နှက်တာ ဘာညာ အဲဒီလို တစ်ဦးစ၊ နှစ်ဦးစ အစပိုင်းက လုပ်ပြထားတော့ မီးရှို့ခံထားရတဲ့ ရွာတွေတို့ ဘာ တွေတို့ကဟာတွေက မြို့ကို မတက်ရဲကြတော့ဘူး”
ဆက်နွှယ်သောသတင်းများ
မြင်းခြံမြို့နယ် စိန်ကျောင်းရွာမှာ နေအိမ် ၄၀၀ ခန့် မီးရှို့ဖျက်ဆီးခံရ
ဘုတလင်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ငါးရာခန့် ရှိလာ
ကန့်ဘလူမှာ ဒေသခံတစ်ရာကျော် ဖမ်းဆီးခံရပြီး နေအိမ်ရှစ်ရာခန့် မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ အိမ်ခြောက်ထောင်ကျော် အထိ ပျက်စီးခဲ့ရပါတယ်။
ဒေသခံတွေဟာ နေစရာမရှိသလို၊ စားနပ်ရိက္ခာလည်းခက်ခဲနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ခံ ကိုဖြိုးက RFA ကို ပြောပါတယ်။
“မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာက နေအိမ်တွေတင်မကဘဲနဲ့ ဒီတောင်သူတွေရဲ့ ကောက်ပဲသီးနှံဖြစ်တဲ့ စပါးတွေ၊ ဆန်တွေကအစ အများအပြားပေါ့နော်။ စပါးတင်းထောင်ချီပြီးတော့မှ မီးရှို့ဖျက်ဆီးခံရတာ မျိုးတွေ ရှိတယ်။ ရှိတဲ့အခါကျတော့ မီးရှို့ဖျက်ဆီးခံရတဲ့ အခြေအနေမှာ ပြည်သူတွေက ဘယ်လိုပြောမလဲဆိုရင် ကုန်းကောက်စရာ မကျန်အောင်အထိကို ဖြစ်သွားတဲ့ ပြည်သူတွေက အများအပြားရှိတယ်ပေါ့နော်”
Data For Myanmar ရဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းမှာ အိမ် ခုနစ်သောင်းကျော် (၇၃,၃၅၁ လုံး) နဲ့ အများဆုံးဖြစ်ပြီး မကွေး၊ မန္တလေး၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အိမ် နှစ်သောင်းကျော် (၂၆,၅၈၃ လုံး) မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်မှာ အိမ် သုံးထောင်ကျော်အထိ မီးလောင်ပျက်စီးသွားပြီး ပြန်လည်ထူထောင် ရေးလုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုစစ်မုန်းက RFA ကို ပြောပါတယ်။
“ပေါက်မြို့နယ်မှာဆိုရင် အိမ်ခြေ သုံးထောင်ကျော် မီးရှို့ဖျက်ဆီးခံရတယ်ဗျ။ အာဏာသိမ်းပြီးမှလေ။ စစ်ကြောင်းထိုးတယ်။ ရွာတွေကို ဆဲတယ်၊ ဆိုတယ်။ အဲဒီလိုမျိုး မီးရှို့ဖျက်ဆီးခံရတာပေါ့။ ပြန်လည် ထူထောင်ရေးအပိုင်းတွေ လုပ်ဖို့ရာအတွက်ကတော့ ဒီ လုပ်လို့မလွယ်သလို နောက်ပြီးတော့ လုပ်လို့ အခြေအနေအခွင့်မသာသေးတဲ့ အနေအထားတွေလည်း တချို့နေရာတွေမှာ ရှိသေးတယ်”
အောက်တိုဘာနဲ့ အခု နိုဝင်ဘာလတွေမှာလည်း စစ်ကိုင်းတိုင်းထဲမှာ အိမ်မီးရှို့ဖျက်ဆီးခံရမှုတွေ ဆက်ပြီးရှိနေပါတယ်။
ဘုတလင်မြို့နယ်မှာ အောက်တိုဘာလကစလို့ အိမ် ငါးရာခန့် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စီပါက အိမ်ခြေ ၂၉၃ လုံး၊ ဆယ်ဝ ကလည်း နှစ်ရွာပေါင်း ရွာသစ်နဲ့ ရွာမကြီးပေါင်းရင် သူကလည်း လေးဆယ်ကျော်လောက်၊ ကတိုးကလည်း အိမ်ခြေ သုံးဆယ်ကျော်လောက်ရှိမယ် မီးရှို့ခံရတာ။ ငါးရာဝန်းကျင်လောက်တော့ ရောက်နေပြီ အကုန်လုံးဆိုရင်”
အိမ်တွေ မီးရှို့ဖျက်ဆီးတဲ့အခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။ ဒါပေမဲ့ စစ်တပ်ကအိမ်တွေ မီးရှို့တာမရှိဘူးလို့ အရင်က ငြင်းဆိုထားပါတယ်။
Data For Myanmar ရဲ့ ဖော်ပြချက်တွေအရ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှု ကြောင့် ၂၀၂၁ ခုနှစ်မှာ အရပ်သားနေအိမ် နှစ်ထောင်ကျော် (၂၁၁၁ လုံး)၊ ၂၀၂၂ ခုနှစ်မှာ နေအိမ်ပေါင်း လေးသောင်းကျော် (၄၆,၈၅၆ လုံး) မီးလောင်ဆုံးရှုံးခဲ့ရသလို ၂၀၂၃ ခုနှစ်မှာ သုံးသောင်း ကျော် (၃၁,၄၈၄ လုံး) နဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကုန်အထိ နေအိမ်ပေါင်း နှစ်သောင်းကျော် (၂၁,၀၂၃ လုံး) မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။