ကန့်ဘလူမှာ ဒေသခံတစ်ရာကျော် ဖမ်းဆီးခံရပြီး နေအိမ်ရှစ်ရာခန့် မီးရှို့ခံရ

RFA Burmese
2024.11.06
ကန့်ဘလူမှာ ဒေသခံတစ်ရာကျော် ဖမ်းဆီးခံရပြီး နေအိမ်ရှစ်ရာခန့် မီးရှို့ခံရ ကန့်ဘလူမြို့နယ် ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဥ်။
Facebook/ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းက ရွာတွေကို အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး လူပေါင်းတစ်ရာကျော်ကို ဖမ်းဆီးခဲ့သလို နေအိမ်ရှစ်ရာခန့်ကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကာဘိုးရွာမှာ အထိုင်ချထားတဲ့ အင်အားတစ်ရာကျော်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းထိုး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့မှာ အိုင်ပေါင်းချောင်ရွာခံ ၃၇ ဦးကို ပထမဆုံး ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့မှာ ဝက်တိုးရွာခံ ငါးဦး၊ နိုဝင်ဘာ ၄ ရက်နေ့မှာ ဘူးကြီးရွာခံ အယောက်ငါးဆယ်နဲ့ ကျီကုန်းရွာခံ အယောက်သုံးဆယ်၊ စုစုပေါင်း ၁၂၂ ဦးကို ဖမ်းဆီးသွားတာလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“ဖမ်းဆီးသွားသူတွေကို ပြည်သူ့စစ်သင်တန်းပေးမှာဖြစ်ကြောင်း စစ်ကောင်စီတပ်က ပြောဆိုခဲ့ပါတယ်”

အများစုဟာ အသက် ၄၀ အရွယ်အောက် အမျိုးသားတွေဖြစ်ပြီး အမျိုးသမီး ဘယ်နှဦးပါတယ် ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အခုလို ဒေသခံတွေ ဖမ်းဆီးခံရတဲ့ ရွာတွေဟာ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်စိုးမိုးထားတဲ့ရွာတွေ ဖြစ်တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။

“မြေပြင်မှာ ထိတွေ့မှုလည်း မရှိဘူး။ နောက်တစ်ခုက အိုက်ပေါင်းချောင်တို့၊ ဇီးကုန်းတို့လိုဟာမျိုး နောက်ထပ် ဝက်တိုးတောင် ရွာလိုမျိုးက PDF တွေ စိုးမိုးထားတဲ့နယ် မဟုတ်တာပေါ့နော်။ စကစရဲ့လက်အောက်မှာပဲ ရှိသေးတာပေ့ါ။ အဲဒီတော့ အရင်က စစ်ကြောင်းထိုးတယ်ဆိုရင် လူထုက အေးအေးဆေးဆေး မရှောင်ကြတာ များတယ်။ ဒီတစ်ခေါက်မှာတော့ အဲဒီလို မရတော့ဘဲနဲ့ စစ်ကြောင်းထိုးတဲ့အချိန်မှာ တစ်ခါတည်း ဝင်ဖမ်းတာမျိုးတွေ လုပ်လာတာပေါ့နော်။ ယောက်ျားလေးတွေ ခေါ်သွားတဲ့ရွာတွေလည်း ရှိတယ်။ တခြားရွာတွေဆိုရင် အမျိုးသမီးတွေကို ဖမ်းလိုက်တယ်။ ဖမ်းပြီးမှ ချက်ချင်း ပြန်လွှတ်တယ်လို့လည်း ကျွန်တော်တို့ သိရတယ်”

ဖမ်းဆီးခံရသူတွေကို ကန့်ဘလူမြို့ပေါ်က အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းဆီ ပို့ဆောင်လိုက်တယ်လို့လည်း ဆိုပါတယ်။

“စစ်ကြောင်း ထပ်ရောက်လာနိုင်တာကြောင့် ရွာထဲ မဝင်နိုင်သေးဘဲ ဘေးလွတ်ရာမှာပဲ ဆက်နေနေရပါတယ်”

နိုဝင်ဘာ ၅ ရက်နေ့ မနေ့ညနေပိုင်းကလည်း ဇီးကုန်းမြို့ လက်ဆည်ရပ်ကွက်ကို စစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် လက်ဆည် ဘုန်းကြီးကျောင်းမှာ ယာယီအထိုင်ချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဇီးကုန်းမြို့ခံ တစ်ဦးကတော့ ဖမ်းဆီးသွားသူတွေကို ပြည်သူ့စစ်သင်တန်းပေးမှာဖြစ်ကြောင်း စစ်ကောင်စီတပ်က ပြောဆိုခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ဘယ်သူ့မှ PDF ဆက်သွယ်တယ် ဘာညာဆိုပြီး ပုဒ်မ မတပ်ဘူး။ လူသစ် စုဆောင်းတဲ့ပုံစံမျိုးနဲ့ ဖမ်းသွားတယ်။ ဘူးကြီးရယ်၊ ဝက်တိုးရယ်၊ လူခေါ်သွားတဲ့ရွာတွေက ကျီကုန်း နောက်ပြီးတော့ အိုက်ပေါင်းချောင်ကို သူတို့ တစ်ခါတည်း ပြောထားတယ်။ ဒီလူတွေရဲ့နောက်ကို ဆက်မလိုက်ခဲ့နဲ့ ရက်နှစ်ဆယ်နေရင် ပြန်တွေ့ခွင့်ပေးမယ်။ ငါတို့ ဒီလူတွေကို သင်တန်းပေးမယ်။ ဒီလူတွေကို ကာကွယ်ရေးအဖွဲ့ ဖွဲ့ပြီးတော့မှ မင်းတို့ရွာကို ပြန်လွှတ်မယ်လို့ ဖြေသိမ့်စကား ပြောသွားတယ်တဲ့”

ကာဘိုးရွာအပြင် ရေဦးမြို့အစပ်ကြားက ကျောက်တိုင်၊ ကျီစု၊ ပင်စိမ်းကင်းရွာနဲ့ မုံလှရွာတွေဘက်ကိုပါ စစ်ကြောင်းထိုးခဲ့တာကြောင့် အဲဒီရွာတွေက ဒေသခံနှစ်သောင်းခန့် ဒီနေ့အထိ ဘေးလွတ်ရာမှာပဲ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာက ခရစ်ယာန်ဘုရားကျောင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရ

ဇီးကုန်းမြို့မှာ စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီး

နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ရာနီးပါးရှိလာ


အောက်တိုဘာ ၃၀ ရက်နေ့မှာလည်း ကျောက်တိုင်နဲ့ ကျီစုရွာတွေကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်း ထပ်ရောက်လာနိုင်တာကြောင့် ရွာထဲ မဝင်နိုင်သေးဘဲ ဘေးလွတ်ရာမှာပဲ ဆက်နေနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျီစုရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းက အခုချိန်ထိ ကာဘိုးထဲမှာရှိနေတော့ ကျွန်တော်တို့ရွာက သူတို့နဲ့ နယ်နိမိတ်ချင်းကပ်ရပ်ဆိုတော့ ကျွန်တော်တို့ရွာက အဓိက ပြေးရတယ်။ အဓိက သိမ်းရတယ်။ အဓိက မီးရှို့ခံရတယ်။ တံတိုင်းသဖွယ် ဖြစ်နေတာ။ အခုချိန်အထိလည်း ကျွန်တော်တို့ရွာသားတွေက စစ်ဘေးရဲ့ဒဏ်ကို ခံနေရတယ်။ ညဆိုရင် မိုးတွေ ရွာတယ်။ မိုးထဲမှာ ကလေးလူကြီး၊ ကလေးမိခင်၊ ကိုယ်ဝန်ဆောင်မိခင်တွေ ပြေးရင်း လွှားရင်း ကလေးမီးဖွားရတဲ့သူတွေ ရှိတယ်ဗျာ။ ကျွန်တော်တို့ရွာနဲ့ ပတ်သက်လို့ကတော့ တော်တော်ကို အခက်အခဲရောက်နေပြီဗျ”

တစ်ပတ်အတွင်း လက်ဆည်ရပ်ကွက်၊ ဝက်တိုး၊ ကျောက်တိုင်နဲ့ ကျီစုရွာက နေအိမ်ပေါင်းရှစ်ရာခန့် မီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

တိုက်ပွဲမရှိဘဲ စစ်သားစုဆောင်းဖို့နဲ့ နယ်မြေရှင်းလင်းရေးလုပ်ဖို့ အခုလို စစ်ကြောင်းထိုးနေတာလို့ ကန့်ဘလူ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“လူသစ် စုဆောင်းတယ်။ ရိက္ခာ စုဆောင်းတယ်။ အနီးအနားမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ နယ်မြေရှင်းလင်းတယ်။ အဲဒီအချက်တွေ ပါတာပေါ့။ အဓိက,ကတော့ သူတို့ အထက်ပိုင်း ပင်လည်ဘူးဘက် ပွဲပြီးတဲ့အချိန်မှာ အင်အားတွေ လိုတယ်။ အင်အား တော်တော်များများ ပြုတ်တယ်။ အင်အား စုဆောင်းတယ်။ ရိက္ခာ စုဆောင်းတယ်။ ဒီဘက် ၆၀၀၆ မှာလည်း အင်အားတွေ ဖြည့်ထားတယ်။ ဇီးကုန်းဘက် တစ်ကြောမှာလည်း အင်အားတွေ ဖြည့်ထားတယ်။ ရိက္ခာတွေ လိုတယ်။ လူသစ်အင်အားတွေ လိုတယ်ပေါ့။ အဲဒါကြောင့် ထပ်ထိုးတာပါ။ ထိတွေ့မှုကတော့ ကြီးကြီးမားမား ဘာမှမရှိပါဘူး”

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ဓာတ်ပုံ)
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ဓာတ်ပုံ)

ကျောက်တိုင်၊ ကျီစု၊ ပင်စိမ်းကင်းနဲ့ မုံလှရွာတွေက ထွက်ပြေးလာတဲ့ ဒေသခံတွေကိုတော့ ကာကွယ်ရေးအဖွဲ့က တတ်နိုင်သလောက် ကူညီနေပေမဲ့ စားဝတ်နေရေးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ လကုန်ကစပြီး ကန့်ဘလူမြို့နယ်ထဲမှာ ကာဘိုးရွာက ထွက်လာတဲ့ စစ်ကြောင်းအပြင် မြို့ပေါ်က ထွက်လာတဲ့စစ်ကြောင်းနဲ့ ကန့်ဘလူအရှေ့ဘက် မလယ်ရွာက ထွက်လာတဲ့စစ်ကြောင်း စုစုပေါင်း စစ်ကြောင်း သုံးကြောင်းနဲ့ လှုပ်ရှားနေတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

အခုလို ဒေသခံတွေကို ဖမ်းဆီးတာနဲ့ နေအိမ်တွေကို မီးရှို့ခဲ့တယ်ဆိုတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဘုတလင်မြို့နယ်မှာလည်း အောက်တိုဘာလအတွင်း စစ်ကြောင်းတွေ ရွာစဥ် လှည့်စစ်ကြောင်းထိုးခဲ့ပြီး အရပ်သား အယောက်လေးဆယ်ခန့်ကို ဖမ်းဆီးခဲ့သလို နေအိမ် လေးရာကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဘုလတင် ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။