မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု နည်းပါးနေဆဲ
2024.12.19

ခရီးသွား ရာသီကာလမှာ မြန်မာနိုင်ငံကို အလည်အပတ်လာတဲ့ ပြည်ပခရီးသည် မရှိသလောက် နည်းပါးနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ ပြည်ပ ခရီးသွားဝင်ရောက်မှု လျော့နည်းနေတဲ့အပေါ် တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ အာဆီယံထဲက ခရီးသွားတွေ ပိုဝင်ရောက်လာအောင် စီစဥ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က အခုလိုစီစဥ်နေပေမဲ့ ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံဒေသကို လက်ရှိ ပြည်ပ ခရီးသည်ဝင်ရောက်မှု မရှိသလောက်ပဲလို့ ဒေသခံတွေက ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုမဖြစ်ခင် နိုဝင်ဘာနဲ့ ဒီဇင်ဘာဆိုရင် ပုဂံမှာ နိုင်ငံခြားသားတွေကို လမ်းပေါ်မှာ ရာနဲ့ချီ တွေ့ရလေ့ရှိပေမဲ့ လက်ရှိမှာတော့ တစ်ဦး၊ နှစ်ဦးလောက်သာ တွေ့ရတယ်လို့ ဆိုပါတယ်။
“ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံဒေသကို လက်ရှိ ပြည်ပ ခရီးသည်ဝင်ရောက်မှု မရှိသလောက်ပါပဲ”
ညောင်ဦးမြို့က ခရီးသည်တင် သုံးဘီးဆိုင်ကယ် (တုတ်တုတ်) ယာဥ်မောင်းတစ်ဦးကလည်း နိုင်ငံခြားသား ခရီးသည်တွေ မပို့ဆောင်ရတာ ကြာပြီလို့ RFA ကို ပြောပါတယ်။
“လက်ရှိမှာတော့ နိုင်ငံခြားသားက လောလောဆယ်တော့ မရှိသလောက်ဘဲ ပြောရမှာပေါ့ သိပ်မတွေ့ဘူး။ ကျွန်တော် သွားနေတဲ့ လမ်းကြောင်းတွေမှာလေ။ အရင်တုန်းကတော့ နိုင်ငံခြားသားပဲ များတာ။ အမြဲတမ်း နှစ်ပတ်လည် နိုင်ငံခြားသား မကျဘူးဆိုတာ ခပ်ရှားရှားရယ်။ အဲဒီတုန်းကတော့ တရုတ်တွေဆိုလည်း အများကြီး နိုင်ငံခြားသားတွေဆိုလည်း အများကြီးပေါ့။ ဗမာတွေက နည်းတယ်။ အခုက ဗမာဘုရားဖူးပဲ များတာ။ ညဆို နိုင်ငံခြားသားတွေ ဆိုင်ကနေ ပြန်အထွက် ပြန်အပို့တွေကို စောင့်ရတာပေါ့။ အခုကျတော့ အဲဒီလို မရှိတော့ဘူးပေါ့။ ကျွန်တော်တို့က အခုဆို ညနေခြောက်နာရီ နေဝင်တာနဲ့ ကိုယ့်အိမ်ကိုယ် ပြန်ရုံပဲရှိတာ စောင့်စရာ နိုင်ငံခြားသားမှ မရှိတာ”
ပြည်ပခရီးသွားတွေ လာရောက်ချိန်က တစ်နေ့ကို ကျပ်ရှစ်သောင်းကနေ တစ်သိန်းကျော်အထိ ဝင်ငွေရှိခဲ့ပြီး တစ်ပတ်မှာ ငါးရက်အထိ နိုင်ငံခြားသားတွေကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိ ဘုရားဖူး အလာများတဲ့ ကာလမှာတောင် တစ်နေ့ကို ပျမ်းမျှ သုံးသောင်းကျပ်ဝန်းကျင်နဲ့ ပြည်တွင်း ဧည်သည်တွေပဲ ပို့ဆောင်ပေးနေရတာကြောင့် ပုံမှန် ဝင်ငွေမရတော့ဘူးလို့ ယာဥ်မောင်းတွေက ပြောပါတယ်။
ဟိုတယ်တွေမှာလည်း ပြည်တွင်းဧည်သည်တွေပဲ အများဆုံး လာရောက်တည်ခိုနေကြပြီး နိုင်ငံခြားသား ဧည်သည်တစ်ဦး၊ နှစ်ဦးလောက်သာ ရှိတယ်လို့ ပုဂံဒေသမှာရှိတဲ့ ဟိုတယ်ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ဟိုတယ်တွေတော့ နိုင်ငံခြားသား လာတာတော့ တစ်လ တစ်ခါတစ်ရံ တစ်ယောက်တစ်လေပေါ့နော်။ အဲဒီလိုလေးတွေလာတာ တွေ့ဖူးတယ်ပေါ့နော်။ နိုင်ငံခြားသားကြီးတွေ ဆယ်ယောက်၊ ၁၅ ယောက် အရင်ခေတ်တွေကလို လာတာတော့ မတွေ့ဘူး။ နိုင်ငံခြားသားတွေ ကျတာ မရှိဘူးဗျ။ အရင်ခေတ်တုန်းကလို မရှိဘူး ပြောတာပေါ့နော်။ ဧည့်သည်ကတော့ အခုက ဧည်သည်ကျတဲ့ရာသီဗျ။ နိုင်ငံခြားသား လာတာတော့ ကျွန်တော်တို့ ဟိုတယ်တွေတော့ မလာဘူးဗျ။ ကျန်တဲ့ဟိုတယ်တွေတော့ မသိဘူးပေါ့နော်”
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ အရင်က နိုင်ငံခြားသားတွေနဲ့ အခန်းပြည့်နေခဲ့ပေမဲ့ လက်ရှိတော့ ပြည်တွင်း ဧည်သည်တွေပဲ လာရောက်တည်းခိုနေတယ်လို့ ဆိုပါတယ်။
“ပြည်ပဧည့်သည်တွေ မလာတာကြောင့် ကမ္ဘာ့လှည့်ခရီးသည်တွေကို အမှီပြုနေတဲ့ လုပ်ငန်းတွေ ထိခိုက်မှုရှိပါတယ်”
ပုဂံကို ဒီအချိန် လာရောက်လည်ပတ်နေတဲ့ နိုင်ငံခြားသားတွေကလည်း မြန်မာနိုင်ငံမှာ အလုပ် လာလုပ်နေသူတွေ၊ အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းက လူတွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းလူတွေပဲ အများဆုံးတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်ပဧည့်သည်တွေ မလာတာကြောင့် ကမ္ဘာ့လှည့်ခရီးသည်တွေကို အမှီပြုနေတဲ့ လုပ်ငန်းတွေ ထိခိုက်မှုရှိတယ်လို့ ပုဂံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကမ္ဘာလှည့်ခရီးသွားက ကျွန်တော်တို့ပုဂံက နံပါတ်ဝမ်း အားအထားရဆုံး လုပ်ငန်းဖြစ်နေတာကို။ မြန်မာကတော့ အားထားရပေမဲ့ နိုင်ငံခြားသား ခရီးသွားလုပ်ငန်းလောက်တော့ အဆင်မပြေဘူးပေါ့လေ။ အဲဒီတော့ မြင်းလှည်း ကျွန်တော်တို့ ယွန်းထည်လုပ်ငန်း၊ ကျွန်တော်တို့ရဲ့ ပန်းချီ၊ ပန်းပွတ် အစရှိတဲ့ နံရံပန်းချီ၊ ပိတ်ပန်းချီ၊ သဲပန်းချီ ဒါမျိုးလေးတွေ လုပ်ကိုင်စားသောက်သူအားလုံးဟာ လုံးဝ ရပ်တန့်သွားပြီ။ တိုးရစ်ဂိုက်က တုတ်တုတ်ဒရိုင်ဘာ ဖြစ်သွားတာပေါ့။ ကမ္ဘာလှည့်ခရီးသွား မလာရောက်တဲ့အတွက် လူမှန်နေရာမှန် ကျွန်တော်တို့ မဖြစ်တော့ဘူး။ ငါ နိုင်ငံခြားသားဂိုက်ဆိုပြီး မာန်တက်နေလို့ မရတော့ဘူး။ တွေ့ရာအလုပ် လက်သမားလည်း ဝင်လုပ်၊ ပန်းရံလည်း ဝင်လုပ်၊ ကျွန်တော်တို့လည်း တိုးကားမောင်းတာပဲ။ ကျွန်တော်တို့လည်း ထော်လာဂျီပေါ် တက်ရတာပဲ”
နိုင်ငံခြားသားတွေ စိတ်ဝင်တစား ဝယ်ယူလေ့ရှိတဲ့ မြန်မာ့ယဥ်ကျေးမှုအနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေဟာ အခုကာလမှာ ကြုံရာကျပန်း လုပ်ကိုင်စားနေရတယ်လို့ ဆိုပါတယ်။
ကိုဗစ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ထိခိုက်ခဲ့မှုဟာ ငါးနှစ်ကျော် ရှိလာနေပြီဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ ပြောင်းလဲခဲ့ရပါတယ်။
ဒါကြောင့် ယဥ်ကျေးမှုအနုပညာနဲ့ လက်မှုအတတ်ပညာ ကျွမ်းကျင်သူတွေ ပျောက်ကွယ်သွားမှာ စိုးရိမ်ရတဲ့အခြေအနေ ရောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပုဂံဒေသဟာ စက်မှုလက်မှုနဲ့ စိုက်ပျိုးရေးလုပ်ငန်း သိပ်မဖြစ်ထွန်းဘဲ ခရီးသွားတွေကိုသာ မှီခိုနေရတာကြောင့် ဒေသခံတွေအတွက် အခြား အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးသင့်ပြီလို့ ပုဂံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကမ္ဘာလှည့်ခရီးသွား ရပ်တန့်ပြီဆိုကတည်းက ယနေ့ထိတိုင် နလန်မထူဘဲနဲ့ မိမိလုပ်ကိုင်တဲ့ မိမိကျွမ်းကျင်တဲ့ဟာတွေ စွန့်လွှတ်ပြီးတော့ မိမိနဲ့ မဆိုင်တဲ့အလုပ်တွေ လုပ်ပြီးတော့ ထမင်းစားဖို့အတွက် အခြေအနေ တော်တော်ဆိုးရွားနေတယ်။ အဲဒီအတွက် တစ်နည်းတစ်ဖုံ စက်ရုံ အလုပ်ရုံလည်း မရှိတာဖြစ်တဲ့အတွက် ဘယ်သွား အလုပ်ပြောင်းရမလဲ မသိဘူး။ တောင်သူလယ်သမားလည်း ကောက်ပဲသီးနှံ၊ ဧရာဝတီတိုင်းလို ကောင်းကောင်း မဖြစ်ဘူး။ အဲဒီတော့ ရှေးဟောင်း ယဥ်ကျေးမှုနယ်မြေမှာ နေထိုင်တဲ့ ပြည်သူလူထုအတွက် ကမ္ဘာလှည့် ခရီးသွားကြီးမှ မလာဘူးဆိုရင်လည်း တခြားအစားထိုးပေးနိုင်သော အလုပ်အကိုင် အခွင့်အလမ်းလေးတွေ ဖော်ဆောင်ပေးသင့်ပြီလို့ ကျွန်တော်ကတော့ လေးစားစွာနဲ့ အကြံပြုချင်ပါတယ်”
အလားလူ မွန်ပြည်နယ်၊ မော်လမြိုင်နဲ့ ကရင်ပြည်နယ် ဘားအံမြို့ဘက်မှာလည်း ပြည်ပဧည့်သည်တွေ သွားရောက်မှု သိပ်မရှိတော့ဘူးလို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်ကောင်စီကတော့ ၂၀၂၄ ခုနှစ်၊ ပထမငါးလအတွင်းမှာ ပြည်ပခရီးသွား ငါးသိန်းကျော် (၅၂၀၀၀၀ ဦး) ဝင်ရောက်ခဲ့တယ်လို့ မြန်မာ့အလင်း သတင်းစာကနေ ဇူလိုင် ၂၂ ရက်နေ့မှာ ဖော်ပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံကို ဝင်ရောက်တာ တရုတ်နိုင်ငံက အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦီးနောင်းနောင်းဟန်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ တရုတ်နိုင်ငံကတော့ ခရီးသည် ဝင်ရောက်မှု အများဆုံးပါပဲ၊၊ တရုတ်နိုင်ငံပြီးသွားလို့ရှိရင် ထိုင်းနိုင်ငံပေါ့နော်၊၊ အဲဒီနှစ်နိုင်ငံကတော့ အများဆုံးဖြစ်ပါတယ်၊၊ အနောက်နိုင်ငံတွေ ဝင်ရောက်မှုကတော့ နည်းတော့ နည်းပါတယ်၊၊ ဒါပေမဲ့ ရှရှားနိုင်ငံက ခရီးသည်တွေလည်း ဝင်ရောက်မှုက ရှိနေတယ်ပေါ့နော်၊ များတယ်၊၊ ဒါပေမဲ့ ဝင်ရောက်လာတဲ့ ခရီးသည်တွေက တိုးရစ်အနေနဲ့လည်း ပါတယ်၊၊ နောက်တစ်ခါ စီးပွားရေးကိစ္စနဲ့ပေါ့နော်၊၊ ဆွေးနွေးပွဲတွေ တက်ဖို့အတွက် လာရောက်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့တွေလည်း ပါတဲ့အတွက်ကြောင့် ဒီဟာကတော့ မျှနေတယ်ပေါ့နော်။ မျှနေတယ်။ သီးသန့် ခရီးသည် လာရောက်မှုကတော့ ထင်သလောက် အပန်းဖြေခရီးအတွက် လာတဲ့ ရှရှားနိုင်ငံသားတွေကတော့ ထင်သလောက်တော့ တိုးတက်လာခြင်းတော့ မရှိသေးပါဘူး အများကြီးလေ”
ပြီးခဲ့တဲ့နှစ်က ပြည်ပခရီးသည် တစ်သန်းကျော်ခန့်အထိ ဝင်ရောက်မှုရှိခဲ့ပြီး ဒီနှစ်မှာလည်း အဲဒီနှုန်းထားအထိ ရရှိနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။
ပြည်ပခရီးသည် ဝင်ရောက်မှုဟာ အောက်တိုဘာမှာနည်းပေမဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ပြန်များလာနေတယ်လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေဟာ ခရီးသွားလာဖို့ လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
မြန်မာ့ခရီးသွားလုပ်ငန်းကို တရုတ်ဧည့်သည်တွေနဲ့ မြှင့်တင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ
ပြည်တွင်းစစ်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ကျဆင်း
ရုန်းကန်ရဦးမယ့် ပုဂံခရီးသွားလုပ်ငန်း
ကမ္ဘာ့ဘဏ်ကတော့ ၂၀၂၃ ခုနှစ်၊ ပထမ ခြောက်လအတွင်း မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား လေးသိန်းခြောက်သောင်း ဝင်ရောက်ခဲ့ပြီး ဒါဟာ ၂၀၂၂ နှစ်က ဝင်ရောက်မှုထက် ငါးဆယ်ရာခိုင်နှုန်း တိုးလာတာလို့ ပြောထားပါတယ်။
ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါမတိုင်ခင် ၂၀၁၉ ခုနှစ်က ခြောက်လအတွင်း မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား ၁၃ သိန်းကျော် ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ရုရှားနိုင်ငံသားတွေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်အထိ ဗီဇာကင်းလွတ်ခွင့် တစ်လပေးထားသလို တရုတ်နဲ့ အိန္ဒိယ ခရီးသွားတွေကိုလည်း ဆိုက်ရောက်ဗီဇာနဲ့ တစ်လ နေထိုင်ခွင့်ပေးမယ်လို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့က ကြေညာထားပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့ကလည်း နေပြည်တော်မှာ ရုရှားကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံပြီး မြန်မာ-ရုရှား နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဥ် ပျံသန်းမှု အပါအဝင် ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နိုဝင်ဘာ ၇ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကျင်းပတဲ့ (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီး ခရီးသွားလုပ်ငန်းအခြေအနေတွေ ပြောဆိုခဲ့ပါတယ်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဟာ ဒေသတွင်းဝင်ငွေ တိုးတက်မှု အပါအဝင် ဒေသခံတွေရဲ့ လူနေမှုအဆင့်အတန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက်စေတယ်လို့လည်း စစ်ကောင်စီ ခေါင်းဆောင်က ဆိုပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ အက်ခ်မက်နိုင်ငံတွေ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာကျင်းပတာ၊ အက်ခ်မက် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဥ် (၂၀၂၃ -၂၀၂၅) အဆင့်မြှင့်တင်တာတွေနဲ့ “ငါးနိုင်ငံ၊ ခရီးစဥ်တစ်ခု” အစီအစဥ်ကို အကောင်အထည် ဖော်နေတယ်လို့လည်း စစ်ကောင်စီ ခေါင်းဆောင်က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေ ပြန်ဝင်ရောက်လာဖို့ မျှော်လင့်နေပေမဲ့ လက်ရှိ ပြည်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဝင်ရောက်လာဦးမှာ မဟုတ်သေးဘူးလို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။