အာဏာသိမ်းကာလ စည်းကမ်းမဲ့သတ္တုတူးဖော်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ထိခိုက်

RFA Burmese
2025.03.05
အာဏာသိမ်းကာလ စည်းကမ်းမဲ့သတ္တုတူးဖော်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ထိခိုက် ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် ရွှေတူးဖော်နေသည့်လုပ်ကွက်အချို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
Citizen Photo

Update: 6: 15 PM, Mar 5, 2025

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်၊ စစ်ကိုင်းနဲ့ ကယားပြည်နယ်တွေမှာ ကျောက်စိမ်း၊ ရွှေနဲ့ အခြားသတ္တုတွေကို စည်းကမ်းမဲ့ တူးဖော်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့သတ္တုမိုင်း စောင့်ကြည့်ရေးကွန်ရက် (MMWN) က မတ်လ ၅ ရက် ဒီနေ့ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နောက်ဆက်တွဲအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါ ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့လည်း MMWN ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပေါလ် (Paul) က ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုင်းရင်းသားဒေသတွေမှာ သတ္တုတူးဖော်မှုက ပိုပြီးမှ ဆိုးရွားလာတယ်ပေါ့နော်။ ပဋိပက္ခတွေလည်း ပိုများလာတယ်။ ဒါ့အပြင် မြေယာတွေ သိမ်းတာတွေပေါ့နော်၊ ပြီးတော့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတော့ ဂေဟစနစ်တွေလည်း ပြောင်းလဲလာတယ်။ အပူချိန်လည်း မြင့်တက်လာတာ၊ ရေကြီးရေလျှံမှုတွေ မိုးတွင်းဆိုရင် အများကြီးဖြစ်လာတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီး ဖြစ်ပေါ်နေတယ်ပေါ့၊ အထိန်းအကွပ်မဲ့ပေါ့။ တရားမျှတမှုလည်း လက်လှမ်းမမီဘူးပေါ့”

အခုလို ကျောက်စိမ်းနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ဒေသခံ လက်နက်ကိုင်တပ်တွေ၊ စစ်ကောင်စီနဲ့ သူတို့ရဲ့ ဩဇာခံတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေကြတာလို့လည်းပြောပါတယ်။

“စက်ယန္တရားတွေ ပိုပြီး အသုံးပြုလာတဲ့အခါကျတော့ သဘာဝပတ်ဝန်းကျင်ဆုံးရှုံးမှုက ပိုပြီးတော့ မြန်ဆန်လာတာပေါ့။ တောင်တွေဆို အလုံးလိုက်ဖြိုလိုက်တာတို့၊ မြေစာပုံတွေက တောင်တွေ ပြန်ဖြစ်တာတို့၊ ဒီမြေစာပုံကနေ ချောင်းတွေထဲကို ပိတ်ဆို့မှုတွေ ဖြစ်သွားတာပေါ့နော်"

MMWN ဟာ ကချင်၊ ကယားနဲ့ စစ်ကိုင်းတိုင်းက အရပ်ဘက်အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ကွန်ရက်တစ်ခုပါ။ ကွန်ရက်က ၂၀၂၃ ဇွန်လကနေ ၂၀၂၄ ဧပြီလအတွင်း ကချင်ပြည်နယ် ဖားကန့်၊ တနိုင်း၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း နဲ့ ကယားပြည်နယ် မော်ချီး ဒေသက သယံဇာတနဲ့ သတ္တုတူးဖော်မှုတွေကို ကွင်းဆင်းမှတ်တမ်းတင်ထားတဲ့ စောင့်ကြည့်ရေးအစီရင်ခံစာတစ်စောင်ကိုပါ တစ်ပါတည်း ဖြန့်ဝေခဲ့ပါတယ်။

သတ္တုတွေကို စနစ်တကျ မတူးဖော်တဲ့အတွက် ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာတွေ ဆုံးရှုံးရတာ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ကျန်းမာရေးပြဿနာတွေပါ ဆိုးဆိုးရွားရွား ခံစားနေရတာ၊ တောတောင်တွေ ပြုန်တီးမှုများလာတဲ့အတွက် ဂေဟစနစ်တွေ ယိုယွင်းလာတာ၊ သဘာဝချောင်းရေတွေ ညစ်ညမ်းတာကြောင့် သောက်သုံးရေအတွက်ပါ ခက်ခဲလာတာတွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုနောက်ပိုင်း တရုတ်လုပ်ငန်းရှင်တွေက ဖားကန့်ဒေသအထိ လာရောက်ပြီး ကျောက်စိမ်းအရောင်းအဝယ် လုပ်လာကြတဲ့အတွက် ဒေသခံ ကျောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေ ထိခိုက်ရသလို ကျောက်စိမ်းတွင်း ပြိုကျမှုတွေကြောင့် လူတွေ သေဆုံးရတာတွေလည်း ပိုများလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်တစ်နေရာကို ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်တစ်နေရာကို ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဖားကန့်ဒေသမှာ ကျောက်စိမ်းအလွန်အကျွံ တူးဖော်နေတာတွေက စိုးရိမ်စရာအခြေအနေတစ်ရပ် ဖြစ်လာနေ တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီသယံဇာတ တူးဖော်မှုတွေ အရမ်း အင်မတန်မှ များပြားလာတော့ အင်မတန်မှ စိုးရိမ်စရာတစ်ခုတော့ ဖြစ်သွားပြီ။ ကျွန်တော်တို့က ပူပြင်းခြောက်ကပ်ပြီးမှ တောရိုင်းတိရစ္ဆာန်မပြောနဲ့ ကျွန်တော်တို့ ဒီမှာ ပုရစ်တို့လို သေးသေးမွှားမွှား အကောင်တွေကအစ အကုန်လုံးက ရေအိုင်ဖြစ်သွားလိုက်၊ မြေစာပုံဖြစ်သွားလိုက်ဆိုတော့ အပင်တွေရှင်သန်ဖို့အချိန်က မရှိတော့ဘူး”

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ကျေးရွာမြေတွေမှာပါ တိုးချဲ့လုပ်ကိုင်နေကြတာလို့လည်း သူက ပြောပါတယ်။

ကချင်ပြည်နယ် ဟူးကောင်းတောင်ကြားဘက်မှာလည်း အရင်က ရိုးရာနည်းလမ်းတွေနဲ့ တစ်ပိုင်တစ်နိုင် ကျောက်စိမ်း တူးဖော်လာရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် စက်ယန္တရားကြီးတွေနဲ့ပါ တူးဖော် လာကြတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရတဲ့အပြင် လူမှုရေးပြဿနာတွေ များလာတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စက်ယန္တရားကြီးတွေနဲ့ တူးဖော်တာတွေက သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားပျက်စီးစေတယ်လို့ ကချင်ပြည်နယ် တနိုင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွှေတူးတာကတော့ အရင်ကထက်တော့ အရမ်းများသွားပြီ။ ရွှေထွက်တဲ့ဒေသတွေ အကုန်လုံး တူးစားသွားပြီ ကုန်တောင် ကုန်ပြီ။ အဲဒါတွေကြောင့် ကျွန်တော်တို့ရဲ့ ဓလေ့တွေ၊ သစ်ပင်၊ ဝါးပင်၊ သဘာဝကို ကိုင်တွယ်တဲ့ အရင်က အမူအကျင့်တွေ၊ အရင်က ဓလေ့တွေတောင် အကုန်ပျောက်ဆုံးသွားပြီ။ အခုက စည်းမဲ့ကမ်းမဲ့ကို ဖြစ်နေပြီ”

တနိုင်းဒေသမှာ အဓိကအားဖြင့် အခြားဒေသက လုပ်ငန်းရှင်တွေက ရွှေလာရောက်တူးဖော်ကြတာဖြစ်ပြီး ဒေသခံတွေကတော့ ဘာအကျိုးခံစားခွင့်မှ မရကြဘူးလို့လည်း သူက ပြောပါတယ်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ တန်းလတ်ရွာအနီးမှာ ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားသည့်မြေများကို ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။ (Citizen Photo)
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ တန်းလတ်ရွာအနီးမှာ ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားသည့်မြေများကို ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။ (Citizen Photo)

အလားတူ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှာလည်း စစ်ကောင်စီနဲ့ သူ့ရဲ့ ဩဇာခံအဖွဲ့တွေနဲ့ လုပ်ငန်းရှင်တွေ ညှိနိုင်းပြီး ကျေးရွာက နေအိမ်ခြံတွေထဲအထိ တူးဖော်လာကြတယ်လို့ မြန်မာ့သတ္တုမိုင်း စောင့်ကြည့်ရေးကွန်ရက် (MMWN) ရဲ့ အစီရင်ခံစာအတွက် စစ်တမ်းကောက်ယူရာမှာ ပါဝင်ခဲ့တဲ့ ဟုမ္မလင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေရာမှာ ဒီလူက တာဝန်ရှိတဲ့လူဆိုလို့ရှိရင် သူနဲ့ညှိပြီး အဆင်ပြေတယ်ဆိုလို့ရှိရင် ကြိုက်သလောက်လည်း တူးလို့ ရတယ်။ ဆိုတော့ ဒေသခံပြည်သူတွေက သူတို့ရဲ့မြေနေရာတွေကို သူတို့ မပိုင်ဘူးဖြစ်နေတာ အခု အခြေအနေက။ စစ်ကောင်စီနဲ့ သူ့ရဲ့အပေါင်းအပါတွေ ပျူစောထီးရှိမယ်၊ ရှမ်းနီရှိမယ်၊ ပြည်သူ့စစ်ဖြစ်မယ်၊ သူတို့တွေရဲ့လက်ထဲမှာဖြစ်နေတာ။ ဒီနေရာကရွှေထွက်တယ် အဲဒီနေရာတဲ့ပိုင်ရှင်က ဒီရွာသားဖြစ်နေပါစေဦး တော့ ဘာမှ ငြင်းပိုင်ခွင့်မရှိဘူးဖြစ်နေတာ။ ဒီဧကကို ဗမာငွေ ဘယ်လောက် သူတို့ပေးတာကို ကျေနပ်ရတာ”

ဟုမ္မလင်းဘက်မှာ ရွှေတူးဖော်ဖို့အတွက် စက်ယန္တရားပေါ်မူတည်ပြီး ရွှေတူးတဲ့လုပ်ကွက်ကို ကျပ်သိန်းသုံးရာကနေ တစ်ထောင်အထိ စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တွေကို ပေးရတယ်လို့ သူက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ


ပူတာအိုခရိုင်မှာ တရားမဝင် ရွှေတူးလို့ လယ်မြေရော ရွာတွေပါ ပိုပျက်စီးလာ

KIA ဝင်ငွေရလမ်းဖြတ်တောက်ဖို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ

သစ်နဲ့ သယံဇာတ အလွန်အကျွံထုတ်ယူမှုကြောင့် သစ်တောပြုန်းတီးမှုများလာ


ဟုမ္မလင်းဒေသမှာ ရွှေတူးဖော်မှုတွေများလာပေမဲ့ ကျေးရွာတွေမှာ စာသင်ကျောင်းတွေမရှိတဲ့အတွက် ကျောင်းတက်နိုင်သူ နည်းပါးသလို ကျန်းမာရေးအတွက် ဆေးခန်းတွေမရှိတဲ့အတွက် ဒေသခံတွေ အခက်အခဲ ကြုံနေရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကယားပြည်နယ် မော်ချီးဒေသမှာတော့ အခုနောက်ပိုင်း တောင်တွေကိုဖြိုပြီး ရွှေတူးတာတွေများလာတဲ့အတွက် သဘာဝပတ်ဝန်းကျင် ပိုထိခိုက်ပျက်စီးလာရတာလို့ မြန်မာ့သတ္တုမိုင်း စောင့်ကြည့်ရေးကွန်ရက် (MMWN) ရဲ့ အစီရင်ခံစာအတွက် အချက်အလက်ကောက်ယူမှုမှာ ပါဝင်ခဲ့တဲ့ ဒေသခံ နော်အမ်မလီက RFA ကို ပြောပါတယ်။

“အဓိကတော့ စက်ယန္တရားတွေ ပိုပြီး အသုံးပြုလာတဲ့အခါကျတော့ သဘာဝပတ်ဝန်းကျင် ဆုံးရှုံးမှုက ပိုပြီးတော့ မြန်ဆန်လာတာပေါ့။ ဒီနောက်ပိုင်းတွေ့ရတာက တောင်တွေဆို အလုံးလိုက်ဖြိုလိုက်တာတို့၊ ပြီးတော့ မြေစာပုံတွေက တောင်တွေ ပြန်ဖြစ်တာတို့၊ ပြီးတော့ ဒီမြေစာပုံကနေ ချောင်းတွေထဲကို ပိတ်ဆို့မှုတွေ ဖြစ်သွားတာပေါ့နော်။ အဲလိုဖြစ်သွားတော့ ချောင်းရေတွေ ကောင်းကောင်းမစီးနိုင်တာတို့၊ ရေအိုင်အလိုက် ဖြစ်ပေါ် လာတာတွေလည်းရှိပါတယ်”

သတ္တုတူးဖော်မှုတွေနဲ့အတူ သစ်တောတွေပါ ဖျက်ဆီးခံရတာကြောင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဒေသခံတွေ အထွတ်အမြတ်ထားတဲ့ လိုပွေဂကိုးတောင်တို့လိုနေရာတွေနဲ့ ဒေသခံတွေ အဓိကအသုံးပြုတဲ့ မိုခိုချောင်းလည်း ပျက်စီးရတယ်လို့ ပြောပါတယ်။

သတ္တုတူးဖော်မှုတွေမှာ လုပ်ငန်းရှင်တွေသာ အကျိုးအမြတ်ရပြီး ဒေသခံရွာသားတွေကတော့ ဆုံးရှုံးခဲ့ရတဲ့ လယ်မြေတွေအတွက် ထိုက်သင့်တဲ့ လျော်ကြေးငွေတောင် မရကြဘူးလို့လည်း ပြောပါတယ်။

အနာဂတ်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းလာအောင် တာဝန်ရှိသူတွေအနေနဲ့ သက်ဆိုင်ရာ ဥပဒေတွေ ကို လိုက်နာဖို့လိုသလို ဌာနေဒေသခံတွေရဲ့ ဆန္ဒကို အလေးထားဖို့နဲ့ နိုင်ငံရေး မတည်ငြိမ်ဖြစ်နေတဲ့ ကာလမှာ သဘာဝသယံဇာတ အလွန်အကျွံ တူးဖော်တွေကို ရပ်တန့်ထားဖို့ကိုလည်း မြန်မာ့သတ္တုမိုင်း စောင့်ကြည့်ရေး ကွန်ရက်က အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

ဒီအစီရင်ခံစာပါ အချက်အလက်တွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ နဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအပါအဝင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO) ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့် တို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

(မှတ်ချက် - ဤသတင်းတွင် မြန်မာ့သတ္တုမိုင်း စောင့်ကြည့်ရေးကွန်ရက် (MMWN) ပြောရေးဆိုခွင့်ရှိသူ ပေါလ်(Paul)၊ ဖားကန့်ဒေသခံ၊ တနိုင်းဒေသခံ၊ ဟုမ္မလင်းဒေသခံ၊ မော်ချီးဒေသခံတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။