စစ်ကိုင်းတိုင်းကို စစ်ကောင်စီ စစ်ရေးအရှိန်မြှင့်ပြီး ချေမှုန်းနေ
2023.03.04

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းက မြို့နယ် ၁၄ မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် တိုင်းအတွင်း စစ်အင်အားတိုးချပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံလိုက်ရတဲ့ ဝက်လက်မြို့နယ်မှာဆိုရင် စစ်ကောင်စီ စစ်ကြောင်းဝင်လာတဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ မတ်လ ၃ရက်နေ့အထိ လေးရက်အတွင်း ရွာပေါင်း ကိုးရွာ မီးရှို့ခံလိုက်ရသလို ဒေသခံ ရှစ်ယောက် အသတ်ခံခဲ့ရပါတယ်။
မာရှယ်လောထုတ်လိုက်ပြီးကတည်းက စစ်ကောင်စီ အင်အားတွေပိုတိုးလာပြီး ရွာတွေကို မီးရှို့နေတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုလွင်မိုးသန့်က ပြောပါတယ်။
“အဲဒီလေးရက်အတွင်း သူတို့(စစ်ကောင်စီ)စစ်ကြောင်း ဖြတ်သွားတဲ့ ရွာမှန်သမျှကို မီးပတ်ရှို့သွားတယ်။ ပြည်သူတွေကို သတ်သွားတယ်။ ဝက်လက်မြို့နယ်ရယ် ရွှေဘိုမြို့နယ်ရယ် အရာတော်မြို့နယ်ရယ် သုံးမြို့နယ်ကို မာရှယ်လော သီးသန့်ထုတ်ပြီးနောက်ပိုင်းမှာမှ စစ်ကြောင်းက ပိုကြမ်းလာတယ်။ ဒီသုံးမြို့နယ်ကို သီးသန့်ထုတ်တယ်ဆိုကတည်းက သပ်သပ်ဖိချင်လို့လို့ ယူဆတယ်။ ပြီးတော့ ဒီနေရာတွေက တော်လှန်ရေးမှာ တော်တော်အားကောင်းတဲ့အထဲမှာ ပါတယ်ဗျ။”
ဝက်လက်မြို့နယ် ကျီးကန်တောင်ရွာ၊ ကျီးကန်မြောက်ရွာ၊ ဘိုတဲ၊ အောင်ချမ်းသာ၊ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး၊ တည်တော စတဲ့ ရွာ ကိုးရွာ မီးရှို့ခံခဲ့ရတာပါ။ ဒီရွာတွေက ဒေသခံ တစ်သောင်းဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
အရာတော်၊ ဝက်လက်၊ ရွှေဘို၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦးမြို့ စတဲ့ မြို့နယ် ၁၄ မြို့နယ်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခံထားရတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း တစ်တိုင်းလုံးအနှံ့ ရွာတွေကို မီးရှို့ဖျက်ဆီးရုံတင်မဟုတ်ဘဲ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။
မတ်လ ၁ ရက်နေ့က စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၁၇ ယောက်ကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးအသတ်ခံရသူတွေဟာ အသက် ၁၇နှစ်၊ ၂၅နှစ်အရွယ်တွေ ပါဝင်သလို အများစုဟာ အသက် ၃၀ ကျော် ၄၀ အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
"ပြည်သူ ပြည်သူအချင်းချင်း ကိုယ့်နိုင်ငံသူ နိုင်ငံသားအချင်းချင်း ပြန်သတ်တာကို သူတို့ကိုယ်သူတို့ လူစွမ်းကောင်းကြီးလို့ ထင်ချင်ထင်နေမှာပေါ့နော်။"
ကသာမြို့နယ် မိုးဒါးကြီးကျေးရွာက သူနာပြုဆရာမ ဒေါ်သဲသဲဝင်းကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ပါတယ်။ ဒေါ်သဲသဲဝင်းဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် သူ့ရဲ့ဓာတ်ဆီဆိုင်မှာ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF လေးဦးလည်း စစ်ကောင်စီတပ်ရဲ့ ခေါင်းဖြတ် အသတ်ခံခဲ့ရပါတယ်။ မြင်းမူမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ က တပ်ဖွဲ့ဝင် နှစ်ဦး ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဖမ်းဆီးခံရပြီး ခေါင်းဖြတ်သတ်ဖြတ်ခံရသလို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာလည်း ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်နှစ်ဦး သတ်ဖြတ်ခံရပြီး သူတို့ရဲ့ခေါင်းတွေကို ရွာတွင်းက အိမ်ခြံစည်းရိုးတိုင်တွေ၊ ကွပ်ပျစ်ပေါ်တွေမှာ ချိတ်ထားခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။
စစ်ကောင်စီ အခုလိုလုပ်နေတာဟာ ပြည်သူတွေကို အကြောက်တရား သွတ်သွင်းနေတာဖြစ်ပြီး လူသားမဆန်တဲ့လုပ်ရပ်တွေပဲလို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု တာဝန်ခံ ဦးကျော်ခင် က ပြောပါတယ်။
“စစ်ကိုင်းတိုင်းထဲမှာ PDF တွေကို အနိုင်မတိုက်နိုင်တော့ ပြည်သူတွေရဲ့ရွာတွေကို လိုက်မီးရှို့တာပဲ။ သူတို့(စစ်ကောင်စီ)ရဲ့ အဆုံးစွန်ဆုံး အယုတ်မာဆုံး အလုပ်က ဒါပဲ။ ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်တာကလည်း စစ်အုပ်စု အကြမ်းဖက်ဆုံး အယုတ်မာဆုံးအုပ်စုက လူသားချင်းမဆန်တဲ့အပြုအမူကို သူတို့ပြုကျင့်တာပဲ။ ပြည်သူ ပြည်သူအချင်းချင်း ကိုယ့်နိုင်ငံသူ နိုင်ငံသားအချင်းချင်း ပြန်သတ်တာကို သူတို့ကိုယ်သူတို့ လူစွမ်းကောင်းကြီးလို့ ထင်ချင်ထင်နေမှာပေါ့နော်။ သူတို့သတ်နိုင်တာက လက်နက်လုံးဝမကိုင်ဆောင်နိုင်တဲ့ အိုမင်းမစွမ်း၊ ကလေးသူငယ်၊ အမျိုးသမီးတွေ မုဒိမ်းကျင့် ဒါတွေကိုပဲ သူတို့သတ်နိုင်တာ။”
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ဒီလိုလုပ်ရပ်ဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပြီး စစ်ရာဇဝတ်မှုကျုးလွန်တဲ့လုပ်ရပ်ဖြစ်လို့ သက်သေအထောက်အထားတွေကို နိုင်ငံတကာတရားစီရင်ရေးဆိုင်ရာ ယန္တရားတွေဆီ ပေးပို့ထားတယ်လို့ မတ်လ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အခုလိုသတ်ဖြတ်ခံရမှုတွေအပြင် စစ်ကောင်စီဘက်က တိုက်ခိုက်ရာမှာ အင်အားပြင်းလက်နက်တွေကို အရင်ထက် ပိုမိုအသုံးပြုလာတယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
“ဒီတစ်လောမှာ စစ်ကောင်စီဘက်က အင်အားပိုဖြည့်တင်းလာတာတွေရှိတယ်၊ လက်နက်ခဲယမ်းပိုသုံးလာတာတွေရှိတယ်။ အရင်ကဆိုရင် လက်နက်ငယ်နဲ့ ပစ်တာလောက်ပဲရှိတယ်။ အခုဆို လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ဝင်တယ်၊ အရင်တုန်းကဆို ၄၀ မမလောက် သုံးတာကနေ အခုဆို ၆၀ တွေ ၈၀ မမ တွေ တောက်လျှောက်သုံးတယ်။ အဓိကကတော့ လက်နက်ကြီးတွေ၊ စစ်လက်နက်ပစ္စည်းတွေ ဖောဖောသီသီသုံးပြီး စစ်လက်နက်အင်အားအသာစီးနဲ့ ဝင်ရောက်စီးနင်းနေတာမျိုးပေါ့။”
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုဇာနည်သိန်း ပြောသွားတာပါ။
မတ်လ ၃ ရက်နေ့ တစ်နေ့တည်းမှာပဲ စစ်ကောင်စီတပ်တွေက ကျေးရွာအတော်များများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ နေအိမ်တွေနဲ့ ဥစ္စာပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာတွေ အများအပြားရှိခဲ့ပါတယ်။
အဲဒီ မတ်လ ၃ ရက်နေ့က ယင်းမာပင်မြို့နယ် မြောက်နုံးရွာ ရွာလုံးကျွတ် မီးရှို့ခံလိုက်ရပါတယ်။ နေအိမ် ၃ဝဝ နီးပါးရှိတဲ့ မြောက်နုံးရွာကို စစ်ကောင်စီတပ်သား ၁၅ဝ လောက် အင်အားအလုံးအရင်းနဲ့ ဖြန့်တက်လာပြီး ရွာကို စီးနင်း မီးရှို့ခဲ့တာဖြစ်ပါတယ်။
"အရင်က ဗုံးကြဲချတဲ့အနေအထားဆိုတာက စခန်းသိမ်းတိုက်ပွဲတို့၊ တစ်ဘက်က တပ်ဖွဲ့တွေ အခိုင်အမာ ခြေကုပ်ထားတဲ့နေရာတွေကိုပဲ ကြဲတာ၊ အခုကတော့ နေရာပေါင်းစုံ၊ အချိန်မရွေး ဗုံးပါကြဲချတယ်ပေါ့။”
ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာကို မတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်ပြီး လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရပြီး မတ်လ ၄ ရက်နေ့မှာ ၁၂ အရွယ် ယောက်ျားလေးတစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပါတယ်။ ခင်မွန်ရွာက အိမ်ခြေ ၁၅၀၀ လောက်ရှိတဲ့ရွာကြီးဖြစ်ပြီး လက်ရှိမှာ နေအိမ် ၁၀ လုံးလောက် မီးရှို့ခံထားရသလို ရွာက ဒေသခံ ခြောက်ထောင်လောက်လည်းထွက်ပြေးနေရပါတယ်။

ကန့်ဘလူမြို့နယ်က အောက်တဲရွာနဲ့ ပင့်သာရွာကိုလည်း မတ်လ ၃ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် အရပ်သား သုံးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲတိုင်းလိုလိုမှာ မြေပြင်တင်မက ဝေဟင်ကပါ ထိုးစစ်ဆင်နေတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီက စစ်လက်နက်အင်အား အားသာတာကို အသုံးချပြီး တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်နေတာလို့ ပြည်သူ့ဘက်ကူးပြောင်းထားတဲ့ CDM တပ်မတော်သား ဗိုလ်ကြီးကောင်းသူဝင်းက သုံးသပ်ပါတယ်။
“အရင်တုန်းက တိုက်ပွဲဖြစ်တဲ့နေရာတွေကို Mi 35 လို လေယာဉ်မှာပါတဲ့ စက်သေနတ်တွေနဲ့ပဲ ပစ်တာ အခုတော့ အဲ့လိုမဟုတ်ဘူး။ ပေါင် ၅၀၀ ဗုံးတွေ၊ ပေါင် တစ်ထောင် ဗုံးတွေနဲ့ကို ရွာပဲဖြစ်ဖြစ်၊ ဋ္ဌာနချုပ်တွေပဲဖြစ်ဖြစ်၊ စခန်းရှိတယ်လို့ ယူဆရတဲ့နေရာတွေကို ပြင်းထန်တဲ့လက်နက်သဘောရှိတဲ့ ဗုံးတွေပါ ကြဲချတာပေါ့နော်။ အရင်က ဗုံးကြဲချတဲ့အနေအထားဆိုတာက စခန်းသိမ်းတိုက်ပွဲတို့၊ တစ်ဘက်က တပ်ဖွဲ့တွေ အခိုင်အမာ ခြေကုပ်ထားတဲ့နေရာတွေကိုပဲ ကြဲတာ၊ အခုကတော့ နေရာပေါင်းစုံ၊ အချိန်မရွေး နေ့ခင်းလုပ်ရင်လည်းလုပ်တယ်၊ ညဘက်ဆိုလည်း အလစ်အငိုက်ရနိုင်တဲ့အချိန် အဲ့လိုမျိုးတွေမှာ ဗုံးပါကြဲချတယ်ပေါ့နော်။”
စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာတဲ့အတွက် ပိုပြီး ဖိနှိပ်နေတာလို့ တော်လှန်ရေးအင်အားစုတွေက ယူဆကြပါတယ်။ အခုလိုစစ်ကိုင်းတိုင်းအတွင်း နေအိမ်မီးရှို့တာ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ အရင်ကတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက နေအိမ်တွေမီးရှို့နေတာဟာ PDF တွေရဲ့ လက်ချက်ဖြစ်ပြီး စစ်တပ်က အရပ်သားတွေအပေါ် ဒုက္ခရောက်အောင် မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
စစ်လက်နက်အင်အားခိုင်မာတဲ့ စစ်ကောင်စီကို အမြန်ဆုံး ချေမှုန်းနိုင်ဖို့အတွက် အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေက စစ်လက်နက်အင်အား ပိုမိုရရှိဖို့နဲ့ စနစ်ကျပြီး စုစည်းမှုအားကောင်းတဲ့ စစ်ရေးဗျူဟာတွေ ချမှတ်ဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နိုင်ငံတကာကို တောင်းဆိုနေကြပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီး နှစ်နှစ်အကြာမှာ စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပေါင်း လေးသောင်းကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရသူကတော့ ခြောက်သိန်းခွဲဝန်းကျင်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။