ပုလဲနဲ့ ကန့်ဘလူမှာ ဒေသခံနှစ်သောင်းခွဲကျော် ထွက်ပြေးနေရပြီး သုံးဦးပျောက်ဆုံးနေ

RFA Burmese
2023.10.14
ပုလဲနဲ့ ကန့်ဘလူမှာ ဒေသခံနှစ်သောင်းခွဲကျော် ထွက်ပြေးနေရပြီး သုံးဦးပျောက်ဆုံးနေ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ပုလဲနဲ့ ကန့်ဘလူမြို့နယ်ထဲကရွာတွေကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ် က အင်အား အများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေလို့ ဒေသခံနှစ်သောင်းခွဲကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက်ဒီနေ့မှာ ပုလဲမြို့နယ်ထဲက ကြာစီရွာအပါအဝင် ချင်ပြစ်၊ ပိတောက်ကုန်း၊ မုံသွင်၊ ရွာနောင်(တောင်၊ မြောက်ရွာ)၊ မရိုးတုံး (အရှေ့၊ အနောက်၊ မြောက်ရွာ)၊ သပြေလှ၊ ပျော်ဘွယ်ကျောင်း၊ နွယ်အင်း စတဲ့ရွာတွေက ပြည်သူ တစ်သောင်းခွဲကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုလဲမြို့နယ်ထဲကို အောက်တိုဘာလ ၅ ရက်နေ့ကစပြီး အင်အားသုံးရာနီးပါးရှိတဲ့ စစ်ကြောင်း ဝင်ရောက်နေတာပါ။

အောက်တိုဘာလ ၁၃ ရက် နေ့လယ်ပိုင်းကလည်း ချင်ပြစ်ရွာနဲ့ ကြာစီရွာထဲကို စစ်ကြောင်းဝင်လာပြီး ကြာစီရွာက ထွက်မပြေးတဲ့ ဒေသခံသုံးဦးကို ဖမ်းဆီးထားတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က RFA ကို ဒီနေ့ပြောပါတယ်။

"ကြာစီရွာကတော့ သုံးယောက်မိထားတာ သိတယ်။ သူတို့မရှောင်တာပေါ့။ ရွာက လူတွေကတော့ အကုန်လုံး ထွက်ဖို့ရာပြောတယ်။ သူတို့ သုံးဦးကတော့ မရှောင်ခဲ့တာ ပေါ့။ ပြောမရတာပေါ့။ ပြောမရတော့ မိသွားတာပေါ့။ သုံးဦးအနေအထားကတော့ သတ်ပစ်လိုက်ပြီလား ဘာလားတော့ အခြေအနေမသိရသေးဘူး။ သူတို့ (စစ်ကောင်စီ) ကလည်း ကြာစီရွာက လုံးဝမခွာသေးဘူး။ ကံကြီးလည်း အဲလိုပါပဲ ရွာထဲကိုဝင်တော့ မရှောင်ကြတာပေါ့။ ဘာမှမလုပ်လောက်ဘူးထင်ပြီး မရှောင်တာပေါ့။ နှစ်ဦးပေါ့ မိတာ။ တစ်ဦးကိုတော့ သတ်ပစ်လိုက်ပြီ။ တစ်ဦးကိုတော့ ရိုက်နှက်ပြီး ပြန်လွှတ်လိုက်ပြီ"

အောက်တိုဘာ ၁၂ ရက်နေ့ကလည်း ကံကြီးရွာကဒေသခံနှစ်ဦးကို ဖမ်းသွားပြီး အဲဒီအထဲက အသက် ၄၀ ကျော် အရွယ် ကိုချမ်းသာကိုသတ်ဖြတ်ခဲ့သလို တစ်ဦးကိုတော့ ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဟာ လက်ရှိ ကြာစီရွာထဲက မထွက်သေးတာကြောင့် ဖမ်းခံရသူတွေရဲ့ အသက်၊ နာမည်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ ပုလဲမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အရင်က စစ်ကြောင်း ထိုးခဲ့တဲ့ တပ်တွေနဲ့ စီးနင်းဝင်ရောက်ပုံမတူဘူးလို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ဒေါက်တာနန်းဝင်းက RFA ကို ပြောပါတယ်။

"ဒါမျိုးစစ်ကြောင်းထိုးတာကတော့ ရှားပါးတယ်ပေါ့ဗျာ။ အခုဟာက မြေပြန့်တစ်ခုလုံး ကို သူတို့က ပတ်ပြီးတော့ စစ်ကြောင်းထိုးနေတဲ့သဘော သက်ရောက်တာကိုး။ အရင်တစ်ခေါက်စစ်ကြောင်းတွေကတော့ အင်မထီးနဲ့ ဇီးဖြူကုန်းကိုပဲ ရိက္ခာပို့တယ်။ ရိက္ခာပို့ပြီး သူတို့တာဝန်ပြီးရင်တော့ ပြန်ခေါက်သွားတယ်။ လက်ရှိ စစ်ကြောင်း ကတော့ အခုမနက်ကြားရသလောက်တော့ ထိတွေ့မှုတွေ နှစ်ကြိမ်လောက် ဖြစ်ထားတယ်လို့ ကြားရတယ်။ ဒီဘက်တောင်ဘက်မှာ ထွက်လာတဲ့အချိန်မှာ မိုင်းဆွဲလိုက်တဲ့ပြန်ဝပ်သွားတဲ့သဘောမျိုးရှိတယ်"

လက်ရှိမှာ လုံခြုံရေးအခြေအနေကြောင့် အသေးစိတ်ကို အတည်မပြုနိုင်သေးပေမယ့် ချင်ပြစ်ရွာထဲမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူ သုံးဆယ်လောက် ရှိနေတယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ်ထဲက လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရွာတစ်ရွာမှာနေထိုင်တဲ့ ဒေသခံ ဦးအောင်ကျော်မင်းကတော့ ဒေသခံတွေက စစ်ကောင်စီတပ်လာရင် ရွံမုန်းနေကြပြီလို့ RFA ကိုပြောပါတယ်။

"အစစအရာရာ ပြည်သူကို ကာကွယ်မယ့် တပ်မတော်က ပြည်သူကို မကာကွယ်တဲ့ အပြင်ကို ရောက်တဲ့အရပ်မှာ နှိပ်စက်တယ်။ ဖျက်ဆီးတယ်။ အကုန်လုံးကို သတ်ဖြတ်တယ်။ ပြည်သူတွေကတော့ စစ်ကောင်စီလာရင် ရွံမုန်းနေတယ်။ ရွံရှာတဲ့အဆင့် ဒီကောင်တွေကို ဘယ်လိုမှကို လက်ခံလို့မရတော့ဘူး"

"ပြည်သူတွေကတော့ စစ်ကောင်စီလာရင် ရွံမုန်းနေတယ်"

အောက်တိုဘာ ၁၃ ရက်မနက်ကလည်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်နဲ့ ငှက်ပျောတိုင်းရွာမှာ တပ်စွဲထားတဲ့ အင်အားတစ်ရာပါစစ်ကြောင်းနဲ့ ကန့်ဘလူ ၆၀၀၆ တပ်က အင်အားနှစ်ရာခန့်ပါ စစ်ကြောင်းဟာ အင်းလယ်ကြီး၊ ကျီးပင်အက်၊ ရွာမ၊ ရွာသစ်၊ ညန်အင်း စတဲ့ရွာတွေအပါအဝင် ရွာခုနစ်ရွာနီးပါးကို ဝင်ရောက်လာတာကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ကန့်ဘလူဒေသခံတွေကပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းလယ်ကြီးဒေသခံ အမျိုးသမီးတစ်ဦးကတော့ ဒေသခံတွေ ထွက်ပြေးနေရတဲ့ တောတိုက်တဲတွေအထိပါ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်နေတယ်လို့ RFA ကိုပြောပါတယ်။

"အင်းလယ်ကြီး စစ်ကြောင်းထိုးတာ။ မနေ့ကစစ်ကြောင်းက ရွာတဲတိုက် (စစ်ဘေးရှောင်များနေထိုင်ရာနေရာ) ကို ဖြတ်ပြီးတော့ ကျီးပင်အက်ရွာကိုဝင်တာ။ အခုရွာတောတိုက်ကိုဖြတ်ပြီး ညန်အင်းဘက်ကို ဖြတ်မယ့် သဘောနေမှာ။ တောတိုက်ထဲလည်း လူတွေနေလည်း သေနတ်တွေနဲ့လိုက်ပစ်တာ။ လက်နက်ကြီးတွေ နဲ့ ထုတာ။ တစ်ရွာလုံးပြေးနေရတယ်။ အဲဒီတဲတိုက်တွေလည်း ငြိမ်ငြိမ်မနေရဘူး။ စစ်ကြောင်းကြောက်လို့ ပြေးရတာ"

စစ်ကောင်စီစစ်ကြောင်းများကြောင့် ထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)
စစ်ကောင်စီစစ်ကြောင်းများကြောင့် ထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ကန့်ဘလူအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အောက်တိုဘာလ ၁၄ ရက် ဒီနေ့မနက်ပိုင်းမှာ ဒေသ ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ် ကျီးပင်အက်ရွာနဲ့ အင်းလယ်ကြီးရွာအကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်၊

ပုလဲမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်က ဒေသခံတွေ ထွက်ပြေးနေတဲ့ အခြေအနေအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပါပြီ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၄၁၄၆ ဦးရှိပြီဖြစ်တယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။