စစ်ကိုင်းနဲ့ မကွေးမှာ နှစ်လအတွင်း PDF တပ်ဖွဲ့ဝင် ၈၀ ကျော် အသတ်ခံရ

ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်၊ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ရေးသားချက်တွေပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းဇယားတွေအရ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၅ ရက်ကနေ သြဂုတ်လ ၁၅ ရက်နေ့အထိ နှစ်လအတွင်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့ဝင် ၈၁ ဦး ပစ်သတ်ခံခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ၁၃ ဦး၊ ရွှေဘိုမြို့နယ်မှာ ၁၁ ဦး၊ ပုလဲမြို့နယ်မှာ ရှစ်ဦး၊ ယင်းမာပင်မြို့နယ်မှာ ငါးဦး၊ ကလေးမြို့နယ်မှာ ခြောက်ဦး၊ ကောလင်းမြို့နယ်မှာ သုံးဦး၊ ခင်ဦးမြို့နယ်မှာ နှစ်ဦး၊ ချောင်းဦး၊ ဘုတလင်၊ ကသာ၊ ကနီ၊ မုံရွာနဲ့ မင်းကင်းမြို့နယ်တို့မှာ တစ်ဦးစီနဲ့ စုစုပေါင်း ၅၄ ဦး ဖြစ်ပါတယ်။
မကွေးတိုင်းမှာတော့ ပွင့်ဖြူမြို့နယ်မှာ ၁၂ ဦး၊ မြိုင်မြို့နယ်မှာ ခုနစ်ဦး၊ မြို့သစ်မှာ ခြောက်ဦးနဲ့ ရေစကြိုမြို့နယ်မှာ နှစ်ဦး စုစုပေါင်း ၂၇ ဦး ပစ်သတ်ခံခဲ့ရပါတယ်။ ဒါကြောင့် မကွေးနဲ့ စစ်ကိုင်းတိုင်းနှစ်ခုမှာ နှစ်လအတွင်း သေဆုံးသူ PDF တပ်ဖွဲ့ဝင် ၈၁ ဦး ရှိပါတယ်။
PDF တွေကို နေရာမှာတင် အသေပစ်သတ်ရုံမက အရှင်ဖမ်းမိရင်တောင် စစ်ကြောရေးမှာ သေဆုံးတဲ့အထိ နှိပ်စက်ညှဉ်းပန်းတာဟာ လူထုကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးစားတဲ့လုပ်ရပ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် က ထောက်ပြဝေဖန်ပါတယ်။
"PDF တွေ အဖမ်းခံလိုက်ရရင် စကစ အကြမ်းဖက် အုပ်စုတွေအနေနဲ့က အသေပစ်သတ် တာပဲ။ အသေသတ်တယ်။ အရှင်ဖမ်းလို့ရတဲ့လူကိုလည်း အရှင်ဖမ်းလို့ရရင် နှိပ်စက်ပြီး တော့ အသေသတ်တယ်။ ဒါက စစ်တပ်က အကြမ်းဖက် စစ်တပ်၊ သူတို့အနေနဲ့ အခုမှလုပ်တာ မဟုတ်ဘူး။ အရင်တုန်းကလည်း တိုင်းရင်းသားဒေသတွေမှာ ဖမ်းမိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို အဲလိုပဲ သတ်ဖြတ်တာတွေ ရှိခဲ့တယ်။ စစ်တပ်ဟာ အကြမ်းဖက် အုပ်စုပီပီ သူတို့အနေနဲ့ နိုင်ငံတကာကျင့်ဝတ်တွေကို လုံးဝ လိုက်နာခြင်း မရှိဘူး။ နိုင်ငံတကာဥပဒေလည်း မလိုက်နာ၊ ပြည်တွင်း ဥပဒေလည်း မလိုက်နာဘဲနဲ့ လူသတ်ဖို့ သက်သက်ပေါ့နော်။ အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးစားတဲ့ အကြမ်းဖက် အုပ်စုဆိုတော့ ဖမ်းမိတာနဲ့ သတ်တာလုပ်တယ်။ ရာဇဝတ်မှု ကျူးလွန်တာပေါ့"
NUG အနေနဲ့ PDF တွေ ထိခိုက်ကျဆုံးမှု နည်းအောင် လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံရှိတဲ့ အဖွဲ့တွေနဲ့ အတူ လှုပ်ရှားနိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ပေးကွပ်ကဲမှု စနစ် Chain of Command အောက်ကို ရောက်ရှိလာအောင် ကြိုးစားနေတယ်လို့လည်း သူက ဆိုပါတယ်။
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ သူတို့ တပ်ဖွဲ့ဝင်တွေမှာ လူအင်အား၊ လက်နက်အင်အား မပြည့်စုံတာကြောင့် သေဆုံးထိခိုက်မှုတွေ ပိုဖြစ်ရပြီး စစ်တပ်ဘက်ကလည်း PDF ဆိုတဲ့ အမည်ကြားရုံနဲ့ တွေ့တဲ့နေရာမှာ အသေပစ်သတ်တာမျိုးပဲ လုပ်နေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့က မကွေးတိုင်း မြို့သစ်မြို့နယ်၊ ကနီရွာက နေအိမ်တစ်လုံးကို ရောက်ရှိနေတဲ့ ဗိဿနိုး နယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးကို စစ်တပ်က ဝိုင်းပြီး အသေပစ်ခတ် သတ်ဖြတ်ခဲ့တဲ့အတွက် အဲဒီ နေရာမှာပဲ အိမ်ရှင်အရပ်သားတစ်ဦးနဲ့ အတူ သေဆုံးသွားခဲ့တယ်လို့ ဗိဿနိုး PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ထန်ထွဋ် က RFA ကို ပြောပါတယ်။
"ကျနော်တို့မှာ မောင်းပြန်လေးတစ်လက်ပဲ ရှိတယ်။ မောင်းပြန်လေးတစ်လက်နဲ့ Defense လုပ်ဖို့ ဘယ်လိုမှ မလွယ်နိုင်ဘူးပေါ့။ လက်နက်ခဲယမ်းကလည်း ပြည့်စုံမှု မရှိတဲ့အချိန်မှာ ကျနော်တို့ ရဲဘော်တွေရဲ့ အသက်တွေ ပေးဆပ်လိုက်ရတယ်ပေါ့။ ဒါဟာ အမှန်တကယ်ဆိုရင် ဒါက လူမဆန်စွာ လုပ်ရပ်တစ်ခုပဲလေ။ ဒီလိုမျိုး လာဝိုင်းပြီးတော့ တန်းပစ်လိုက်တယ်ဆိုတဲ့ ကိစ္စကြီးက ဒါက သူတို့ အကြမ်းဖက်စွပ်စွဲရုံပဲ ရှိသေးတယ်။ ဒါက ဘယ်သူ ဘယ်သူဆိုတာ တိတိကျကျ မသိသလို အထဲထဲမှာ ဘာရှိတယ်ဆိုတာ လည်း သိချင်မှ သိမှာပေါ့နော်"
PDF တွေကို လက်နက်ချဖို့၊ အဖမ်းခံဖို့ အော်ဟစ်သတိပေးတာမျိုး လုံးဝမရှိဘဲ သတင်း ကြားရုံနဲ့ အိမ်ကိုဝိုင်းဝန်းပိတ်ဆို့ပြီး စက်သေနတ်တွေနဲ့ မနားတမ်း ပစ်ခတ်တိုက်ခိုက်ခဲ့တာ လို့ ဗိုလ်ထန်ထွဋ် က ပြောပါတယ်။
"လက်နက်ခဲယမ်းကလည်း ပြည့်စုံမှု မရှိတဲ့အချိန်မှာ ကျနော်တို့ ရဲဘော်တွေရဲ့ အသက်တွေ ပေးဆပ်လိုက်ရတယ်ပေါ့"
အိမ်ထဲမှာ အရပ်သားတွေ ရှိ မရှိ၊ PDF တွေ ဟုတ် မဟုတ် သေချာစုံစမ်းစစ်ဆေးခြင်း မရှိဘဲ ပစ်သတ်တာ၊ စစ်မြေပြင်မှာ အရှင်ဖမ်းမိတဲ့ သုံ့ပန်းတွေကို နေရာတင် ချက်ချင်းပစ်သတ် တာ၊ PDF သံသယနဲ့ ဖမ်းမိတဲ့ အရပ်သားတွေကို ပစ်သတ်တာတွေဟာ နိုင်ငံတကာ စစ်မြေပြင်စည်းကမ်းတွေကို ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦး က ထောက်ပြဝေဖန်ပါတယ်။
"သေသေချာချာလည်း တိတိကျကျလည်း သိတာမဟုတ်ဘဲနဲ့ သံသယနဲ့ အထင်နဲ့ ဒီလိုတွေ လုပ်လိုက်တာသည် တကယ်ပြောရင်တော့ ဒါ ခုနက ကျနော်တို့ စစ်ရာဇဝတ်မှု ပေါ့။ စစ်ရာဇဝတ်မှုတစ်ခုကို ကျူးလွန်လိုက်တယ်လို့ ဒီလို ပြောလို့ရပါတယ်။ ဒါ နိုင်ငံတကာ လက်ခံထားတဲ့ Code of Conduct ပေါ့၊ ဂျနီဗာကွန်ဗန်းရှင်းနဲ့ Code of Conduct အရ စစ်မြေပြင်မှာလိုက်နာရမယ့် စည်ကမ်းတွေထဲမှာ ဒါဥပဒေနော်၊ စစ်မြေပြင် စည်းကမ်းတွေဆိုတာ ဂျနီဗာကွန်ဗန်းရှင်းက ဥပဒေပဲ။ ဥပဒေကဲ့သို့ လိုက်နာရတဲ့ စည်းကမ်းချက် ဖြစ်တယ်"
စစ်ကောင်စီတပ်တွေဟာ အခုနောက်ပိုင်းမှာ ရွာတစ်ရွာကို PDF ထောက်ခံတယ်ဆိုတဲ့ သတင်းကြားရုံနဲ့ ရွာထဲမှာ PDF တွေ ရှိ မရှိ မစုံစမ်းတော့ဘဲ တစ်ရွာလုံးကို မီးရှို့နေတာ ကလည်း ပြည်တွင်း၊ ပြည်ပ ဥပဒေတွေအရ လုံးဝ လက်ခံနိုင်တဲ့ အခြေအနေ မရှိဘူးလို့ သူက ဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း တို့ကတော့ ကျေးရွာတွေကို မီးရှို့တာဟာ စစ်ကောင်စီတပ် မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ စစ်တပ်ဘက်က PDF တွေကို ရှင်းလင်းတာဟာ လုံခြုံရေးဆောင်ရွက်တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အရင်က RFA ကို ဖြေဆိုခဲ့ဖူးပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ အကြမ်းဖက်တိုက်ခိုက်တဲ့ PDF တွေကို အကြမ်းဖက်နည်းနဲ့သာ တိုက်ခိုက်နှိမ်နင်းရလိမ့်မယ်လို့ သူ့ရဲ့ ဩဂုတ် ၁ ရက် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

အာဏာသိမ်းထားတဲ့ စစ်တပ်ဘက်က ဘယ်လောက်ပဲ သာလွန်အင်အားနဲ့ ချေမှုန်းနေပါစေ PDF တစ်ယောက်အတွက်ကတော့ ဒီနေ့ အသက်ရှင်ခြင်းဟာ မနက်ဖြန် ခုခံတိုက်ခိုက်ဖို့ ဖြစ်တာကြောင့် အသက်ရှင်အောင် ကြိုးစားနေထိုင်ဖို့ လိုတယ်လို့ စစ်ကိုင်းတိုင်း ပုလဲ မြို့နယ် PDF တပ်ဖွဲ့၊ တပ်ရင်း ၂၊ တပ်ရင်းမှူး ကိုညာကြီး က ပြောပါတယ်။
"PDF တစ်ယောက် အနေနဲ့ကတော့ ကျနော်တို့ တော်လှန်ရေး စလုပ်ပါပြီ ဆိုကတည်း က ဒီနေ့ အသက်ရှင်ခြင်းဟာ မနက်ဖြန်အတွက် တိုက်ခိုက်ခြင်းပဲ။ အဲဒီအတွက် PDF လုပ်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပဲဖြစ်ဖြစ်၊ ထောက်ပို့သမားတစ်ယောက်ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အသက်ရှင်အောင်တော့ အတတ်နိုင်ဆုံး နေထိုင်ပါ။ ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုရှိအောင်နေပါ။ ကိုယ်က သူတို့လက်ထဲကို မရောက် မချင်း ကိုယ့်အတွက် လုံခြုံမှုရှိသလို ကိုယ့်တပ်စိတ်၊ တပ်ဖွဲ့အတွက် အားလုံးအတွက် လုံခြုံမှု ရှိတယ်"
စစ်ကောင်စီဟာ တစ်ဖက်မှာ ကာကွယ်ရေးတပ်တွေကို အင်အားသုံးချေမှုန်းနေသလို အခြားတစ်ဖက်မှာတော့ လက်နက်ချအလင်းဝင်ဖို့ သတင်းစာတွေကရော လူနေရပ်ကွက် အတွင်းမှာပါ လော်စပီကာနဲ့ ကြေညာပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စည်းရုံးနေပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်ကနေ ဇူလိုင် ၂၉ ရက်နေ့အထိ နှစ်လနီးပါးအတွင်း ဥပဒေဘောင် ထဲ ပြန်ဝင်လာတဲ့ PDF အဖွဲ့ဝင် အမျိုးသား ၁၅၆ ဦး၊ အမျိုးသမီး ၄၉ ဦး စုစုပေါင်း ၂၀၅ ဦး ရှိတယ်လို့ မကြာသေးခင်က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောသွားပါတယ်။
စစ်ကောင်စီရဲ့ စာရင်းအရ လက်နက်ချလာတယ်ဆိုတဲ့ PDF စာရင်းဟာ ဧရာဝတီတိုင်းက အများဆုံးဖြစ်ပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ချင်းပြည်နယ်နဲ့ ကယား ပြည်နယ်က အနည်းဆုံး ဖြစ်ပါတယ်။