နယ်မြေရှင်းလင်းမှုကြောင့် စစ်ကိုင်းတိုင်းမှာ သုံးရက်အတွင်း အရပ်သား ၁၂,၀၀၀ ကျော် ထွက်ပြေး

စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ရေဦးနဲ့ အရာတော်မြို့နယ်တွေကို စစ်ကောင်စီတပ်တွေက ဩဂုတ် လ ၈ ရက်ကစလို့ ကုန်းကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် အရာတော်မြို့နယ်က ကမ်းပြူ၊ ကျွန်းဖိုပင်၊ ဇီးပင်ဝိုင်း၊ ရှောက်ခါး၊ ဖုတ်ကုန်း၊ ကြာပင်လှ၊ ရေဦးမြို့နယ်အတွင်းက ကုံးသာ၊ ချမ်းသာ၊ ရွာသစ်၊ ကွမ်းအုံ၊ ထန်း ပင်ကုန်း၊ ရွာမိဿာ၊ တောင်ကွင်၊ မရိုးကုန်းနဲ့ ဒီပဲယင်းမြို့နယ်က ညောင်လှ၊ ဆူးတပ်၊ ယဉ် ကျင်း၊ နများ၊ လက်ဆည်၊ ဝဲကြီး၊ လက်လှုပ်၊ ကုန်းကြီး စတဲ့ ရွာတွေက အရပ်သား တစ်သောင်း နှစ်ထောင်ကျော် အိုးအိမ်စွန့် ခွာထွက်ပြေးနေကြရပါတယ်။
မနေ့က ဩဂုတ်လ ၁၀ ရက်နေ့ တစ်ရက်တည်းမှာပဲ ရေဦးမြို့နယ်၊ ကုံးသာရွာအနီးကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုန်းကြောင်းကနေလာတဲ့ စစ်ကောင်စီတပ်သားတွေ ကုံးသာရွာအနီး တိုက်ခိုက်ခံ လိုက်ရတဲ့နောက် အခုလို စစ်ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုံးသာရွာဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က အခြေအနေက သုံးကြမ်ပစ်တာ၊ Mi 35 တိုက်ခိုက်ရေးယာဉ် နှစ်စင်းနဲ့ပစ်တာ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို အဓိကထားပြီးပစ်တာ၊ စစ်ရှောင်တွေ ရှိတဲ့နေရာကို အဓိကထားပြီး ပစ်သွားတာ၊ ပြည်သူ တချို့လည်း ထိခိုက်တာတွေ၊ ဒဏ်ရာရတာတွေရှိတယ်၊ ရွာမိဿာ နဲ့ ကုံးသာရွာကြားမှာ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်။ စစ်ကြောင်းကနေ ခွဲလာတဲ့ စစ်သား ၃၀ လောက်သေတော့ ဝေဟင်ကနေ လာပစ်တာခံရတာ၊ ပြည်သူတော်တော်များများ ဒုက္ခရောက်နေကြတယ်"
စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ချိန်မှာ ထွက်မပြေးနိုင်တော့လို့ ရွာထဲမှာ ပိတ်မိ နေတဲ့ အရပ်သားတွေရှိနေပြီး သူတို့တွေရဲ့ အခြေအနေနဲ့ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက ဒီပဲယင်းမြို့နယ် ဆူးတပ်ကျေးရွာကို ဩဂုတ် ၈ ရက် ကနေ ၁၀ ရက်နေ့အထိ ဝင်ရောက်စီးနင်းခဲ့ပြီး လူနေအိမ် ၅၀၀ ဝန်းကျင် မီးရှို့ခဲ့တယ်လို့ လည်း နေအိမ်ဆုံးရှုံးခဲ့တဲ့ ဆူးတပ်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“လူကြီးတွေဆိုရင် စိတ်ဓာတ်တွေကျတယ်။ ရောဂါတွေ ထဖောက်တယ်။ မိန်းမသား တွေဆိုလည်း ငိုကြ၊ ရယ်ကြပေါ့၊ ယောက်ျားသားတွေဆိုလည်း စိတ်ဓာတ်တွေကျ၊ ယူကျုံးမရဖြစ်ကြတာပေါ့၊ တစ်သက်လုံး ရှာထားရတဲ့ပစ္စည်း၊ အိုးအိမ်စည်းစိမ်တွေ ပြာဖြစ်သွားတာ၊ ဆုံရှုံးမှုက များတာကို၊ ခံစားချက်က ပြောမပြတတ်ပါဘူး၊ တိုင်း ပြည်ကို ကာကွယ်ရမယ့် စစ်တပ်က တိုင်းပြည်နဲ့ ပြည်သူအပေါ်မှာ မီးရှို့တာက အင်မတန်မှ ယုတ်မာတယ်။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ ဖောက်ထွင်းယူသွားတယ် ဆိုတာကမှ တော်သေးတယ်၊ မီးရှို့တယ်ဆိုတာက ဘာမှကို မကျန်ဘူး"
ဒါဟာ ဆူးတပ်ရွာကို စစ်ကောင်စီက ဒုတိယအကြိမ် မီးရှို့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ တုန်းကလည်း နေအိမ် ၁၆၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။
အရာတော်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက အရာတော် - မြင်းမူ -ချောင်းဦး တော်လှန်ရေးမဟာမိတ်အင်အားစုရဲ့ တပ်ဖွဲ့ဝင်ရှစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ PDF တပ်ဖွဲ့ဝင် ရှစ်ဦးဟာ မြင်းမူနယ်ဘက်နေ အရာတော်မြို့ ကိုအလာ ကံရင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ ထိပ်တိုက်တွေ့ပြီး သတ်ဖြတ် ခံခဲ့ရတာလို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
"မီးရှို့တယ်ဆိုတာက ဘာမှကို မကျန်ဘူး"
အရာတော်မှာ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး နှစ်ဖက်ထိခိုက်သေဆုံး မှုတွေ ရှိနေတယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုစိုင်းထူးက ပြောပါတယ်။
“အရင်ရက်က ချောင်းဦး- အရာတော်- မြင်းမူ မဟာမိတ်အဖွဲ့က တိုက်ပွဲတစ်ခု ဖော်ဆောင်ဖို့ အတွက် အစည်းအဝေးလာတဲ့ ကာကွယ်ရေးအဖွဲ့ဝင် ရှစ်ဦး လမ်းမှာ စစ်ကောင်စီက သတ်လိုက်တယ်၊ ရက်ရက်စက်စက်ကို သတ်လိုက်တာပါ၊ ကား ပေါ်တင်ပြီး ကားကိုပါ မိုင်းခွဲထားခဲ့တာ၊ ဒီရက်ပိုင်း နားရက်ကိုမရှိဘူး၊ လေကြောင်း၊ ကုန်းကြောင်း တွဲပြီးကို လုပ်နေတာ၊ နှစ်ဖက်လုံးမှာ အကျအဆုံးရှိတယ်။ ဒါပေမဲ့ သူတို့က လေကြောင်းကို အဓိကထားတယ်"
စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်ကိုင်းတိုင်း စစ်ကောင်စီအစိုးရပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်တို့ကို RFA က တယ်လီဖုန်း ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကိုင်းတိုင်းဟာ တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသဖြစ်ပြီး ၄၀၂၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းမှု ၁၈ လပြည့်တဲ့ ဩဂုတ်လ ၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။ စစ်ကိုင်းတိုင်းကို မူလအခြေအနေပြန်ရောက် အောင် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းကို ပစ်မှတ်ထားလာတာကြောင့် တိုက်ပွဲတွေ ပိုပြီးဖြစ်လာ လိမ့်မယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ် က ခန့်မှန်းပါတယ်။
“စစ်ကိုင်းတိုင်းဘက်မှာ စစ်ရေးအရ အရေးပါတဲ့ မြို့နယ်တော်တော်များများကို လူအင်အားတွေ ထပ်တိုးဖို့ လုပ်နေတယ်လို့ ကြားရတယ်။ ကန့်ဘလူမြို့နယ်မှာဆိုရင်လည်း သူတို့တပ်တွေ နည်းနည်း လှုပ်တာများနေတယ်၊ တပ်ပြောင်းရွှေ့တွေလုပ်နေတယ်။ ရှေ့ဆက်ကတော့ တိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာဖို့ ရှိတယ်။ ထိတွေ့မှုတွေလည်း ဒီထက်ပိုပြီးတော့ စိပ်လာဖို့ရှိတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကိုယ့်ကျေးရွာ၊ ကိုယ့်ဒေသကို လာပြီးတော့ မီးတွေဝင်ရှို့တယ်။ လူတွေ ဝင်သတ်တယ် ဆိုတာတွေလုပ်လာရင် မဖြစ်မနေ ကာကွယ်ရမှာပဲ၊ သူတို့ဘက်က လှုပ်ရှားမှုများလာလေ ထိတွေ့မှုများလာလေဖြစ်မှာပဲ"
စစ်ကိုင်းတိုင်းဟာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်မှု အပြင်းထန်ဆုံး ဒေသဖြစ်လို့ စစ်ကောင်စီတပ်တွေက ပစ်မှတ်ထားနှိမ်နင်းလာတာဖြစ်ပြီး ဒေသတွင်း မှာလည်း ဒီနှစ် မတ်လ ကစလို့ အင်တာနက်အမြန်နှုန်းလျှော့ချတာနဲ့ ဖြတ်တောက် တာတွေ လုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဩဂုတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် တစ်သန်းနှစ်သိန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။