စစ်ကိုင်းတိုင်း လေးမြို့နယ်မှာ နှစ်နှစ်အတွင်း လေးရာနီးပါးသေဆုံး
2024.01.10

စစ်ကိုင်းတိုင်းအထက်ဘက် လေးမြို့နယ်ဖြစ်တဲ့ ကသာ၊ အင်းတော်၊ ကန့်ဘလူနဲ့ ထီးချိုင့်တို့မှာ ၂၀၂၂ ခုနှစ်ကနေ အခု ၂၀၂၄ နှစ်ဆန်းအထိ နှစ်နှစ်အတွင်း အသက် ဆုံးရှုံးရတဲ့အရပ်သား လေးရာနီးပါးရှိတာကို RFA က လေ့လာတွေ့ရှိရပါတယ်။ လက်နက်ကြီးတို့ လေကြောင်းတို့ကနေ ပစ်ခတ်ခံရတာ၊ စစ်ကြောင်းလာတဲ့အချိန် ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ မြေမြှုပ်မိုင်းထိတာတွေကြောင့် သေဆုံးရတာ ဖြစ်ရပါတယ်။
အင်းတော်မြို့နယ်မှာ ၃၃ ယောက်၊ ကသာမြို့နယ်မှာ ၅၁ ယောက်၊ ကန့်ဘလူမြို့နယ်မှာ ၂၆၅ ယောက်နဲ့ ထီးချိုင့်မြို့နယ်မှာ ၄၄ ယောက် ဖြစ်ပါတယ်။ ကန့်ဘလူမြို့နယ်မှာတော့ ၂၀၂၃ ဧပြီလက ပဇီကြီးရွာမှာတင် လေကြောင်းကနေ တိုက်ခိုက်ခံရလို့ လူပေါင်း နှစ်ရာလောက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ထီးချိုင့်မှာဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်ကစပြီး မြို့နဲ့ အနီးဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်နေတာပါ။ အဲဒီနေရာမှာ စစ်ကောင်စီဘက်က လေကြောင်းတွေနဲ့ပါ အကြိမ်ပေါင်း ၁၅၀ ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution (ထီးချိုင့်တော်လှန်ရေးအဖွဲ့) က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း လေကြောင်းပစ်ခတ်မှုကြောင့် သုံးယောက် သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
"သူတို့ဘာတွေ သတင်းရလဲမသိဘူး၊ ဒီအရပ်ဘက်နေအိမ်တွေကို လာချသွားတာပေါ့။ နေအိမ် သုံးခု ပျက်စီးသွားတယ်။ အရပ်သား သုံးဦးသေပြီးမှ လေးဦးဒဏ်ရာရတယ်။ ဒီသေဆုံးမှုအနေအထားကတော့ ဒီလေယာဉ်အနေအထားနဲ့ သုံးဆယ်နီးပါးလောက်ရှိပြီ၊ အစကတည်းကပြောမယ်ဆိုရင်တော့"
ကန့်ဘလူမြို့နယ်မှာတော့ ပဇီကြီးရွာဖြစ်ရပ်မတိုင်ခင်က ၂၀၂၂ မှာ ပြည်သူ ၁၄ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်သလို၊ ကျီစုရွာမှာ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၈ နဲ့ ၁၉ ရက်နေ့တွေက နေအိမ် ငါးရာလောက်မီးရှို့ခဲ့ပြီး ဒေသခံ ဆယ်ယောက်ကို သတ်ဖြတ်သွားတာလည်းရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"ပုံစံအမျိုးမျိုးနဲ့ အသက်ဆုံးရှုံးရတဲ့ အခြေအနေမျိုးတွေရှိတယ်။ အဆိုးဆုံး အခြေအနေက ၂၀၂၂ ထဲမှာပေါ့နော်။ ကျွန်တော်တို့ ကိုးတောင်ဘို့ တိုက်နယ်ဘက်က ၂၀၂၂ အဲဒီ ၁၁ လပိုင်းပေါ့နော်၊ အစုလိုက်၊ အပြုံလိုက် သတ်ခံရတာမျိုးရှိတယ်၊ ၁၄ ဦးပေါ့။ လေကြောင်းတိုက်ခိုက်မှုပြီးရင်တော့ အဲဒီအခြေအနေက အဆိုးဆုံး အခြေအနေလို့ ပြောလို့ရပါတယ်ဗျ"
ကသာမြို့နယ်မှာလည်း ၂၀၂၃ ခုနှစ်မှာ ပြည်သူတွေကိုသတ်ဖြတ်တာပိုများလာတယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက် က ပြောပါတယ်။
"၂၀၂၂ နှစ်လယ်ကျော်လာပြီး နှစ်ကုန်ပိုင်း ရောက်လာတော့ တော်လှန်ရေးအင်အားတွေ လည်း များလာပြီးတော့ တိုက်ပွဲလည်း ပိုမိုပြင်းထန်လာတဲ့အရောက်မှာတော့ သူတို့ နေအိမ်မီးရှို့တာတွေရော၊ လူသတ်တာတွေက အခု ၂၃ ဘက်မှာ ပိုများလာတာပေါ့။ အခု ၂၀၂၃ မှာဆိုရင် ပြည်သူတွေ့ရင်သတ်ဆိုတဲ့ နီးပါးအဖြစ်ကို ဖြစ်တယ်"
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က ကသာမြို့နယ် မိုးဒါးလေးရွာ စေတီရပ်မှာ ရှင်ပြုပွဲပြီးတဲ့အချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲလို့ ဒေသခံခုနစ်ဦး သေဆုံးပြီး သုံးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ကသာမြို့နယ်၊ တုပ်ကြီးရွာက အရပ်သား ခုနစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ပြောပါတယ်။
အင်းတော်မြို့နယ်မှာလည်း PDF နဲ့ ဆက်စပ်တယ်ဆိုပြီး အရပ်သားတွေအသတ်ခံရတာ ပိုများတယ်လို့ အင်းတော် PDF က အမည်မဖော်လိုတဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
"အများပိုင်းက အဲလို ရွာတွေကို စစ်ကြောင်းထိုးပြီး ဖမ်းဆီးပြီးတော့ ပစ်ခတ်ခံရတာ ရှိမယ်။ နောက်တစ်ခုကတော့ သူတို့ ကျောင်းကုန်းရှေ့မှာဆိုရင်တော့ သူတို့ စစ်ရင်းနဲ့ ဖုန်းထဲမှာ တစ်ခုခုတွေ့လို့ အဲဒီလို ရိုက်သတ်လိုက်တာပေါ့။ ဘာကြောင့် အဲဒီလို သတ်လဲဆိုတော့ သူတို့က PDF နဲ့ ဆက်စပ်တယ်ဆိုပြီး သတ်တာရှိတယ်။ ဟို ရှစ်ယောက်အဖွဲ့ဆိုရင် ဒီ PDF ရဲ့ မိဘတွေ၊ အကိုတွေ၊ ဆွေမျိုးသားချင်းတွေ၊ အဲလိုအသတ်ခံရတာ"
"အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေ မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ခဲ့တယ်။ အများဆုံးဖြစ်တဲ့ဟာလည်း စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ခဲ့တယ်"
စစ်ကိုင်းတိုင်းမှာ အစုလိုက်အပြုံလိုက် အသတ်ခံရတာအများဆုံး တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
"အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေ မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ခဲ့တယ်။ အများဆုံးဖြစ်တဲ့ဟာလည်း စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ခဲ့တယ်။ ပြီးတော့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့နောက်ပိုင်းမှာလည်း အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေ အပေါ်မှာ တိုက်ခိုက်မှူတွေ ပိုပြီးကျူးလွန်လာတာ တွေ့ရတယ်"
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ၊ သူခရီးသွားနေတဲ့အတွက် ဖြေဖို့အဆင်မပြေသေးဘူးလို့ ပြောပါ တယ်။
စစ်ကောင်စီကအာဏာတည်မြဲရေးအတွက် ပြည်သူတွေကို ပိုဖိနှိပ်နေတာလို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) တာဝန်ခံ ကိုဂျက်ကော့က သုံးသပ်ပါတယ်။
"အခုတလောမှာဆို ဒီ စစ်ကိုင်းဘက်မှာပေါ့နော်၊ မတရားသတ်ဖြတ်ခံနေရတယ် ပြည်သူတွေ။ ဒီလိုမျိုးကတော့ လူ့အခွင့်အရေး ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်ပါတယ်။ အခုပြည်သူတွေကို ဒီလိုမျိုးသတ်ဖြတ်နေတာက သူတို့က အခု သူတို့ရဲ့အာဏာ တည်မြဲရေးအတွက်ပေါ့၊ ပိုပြီးတော့ သူတို့ကတော့ ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် သူတို့ကတော့ လုပ်နေတယ်၊ ကြိုးစားနေတယ်"