စစ်ကိုင်းတိုင်းမှာ ၁၀ ရက်အတွင်း လူ ၄၀ နီးပါး အသတ်ခံရ

2022.02.09
စစ်ကိုင်းတိုင်းမှာ ၁၀ ရက်အတွင်း လူ ၄၀ နီးပါး အသတ်ခံရ စစ်တပ်က သတ်ဖြတ်မီးရှို့ထားတဲ့ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးရွာသားတွေရဲ့ အရိုးပြာတွေကို ၂၀၂၂၊ ဖေဖော်ဝါရီ ၄ ရက်နေ့က တွေ့ရစဥ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ မြင်းမူ၊ ပုလဲ၊ ဝက်လက်နဲ့ ကနီမြို့နယ်ထဲက ရွာတွေမှာ ပြီးခဲ့တဲ့ နှစ်ပတ် အတွင်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ၁၀ ရက်အတွင်း ရွာသား ၃၈ ယောက် အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မြင်းမူမြို့နယ်က ၂၄ ယောက်၊ ဝက်လက်မြို့နယ်က ၆ ယောက်၊ ပုလဲမြို့နယ်က ၅ ယောက် နဲ့ ကနီမြို့နယ်က ၃ ယောက်၊ စုစုပေါင်း ၃၈ ယောက် ဖြစ်ပါတယ်။ သူတို့အထဲမှာ အသက် ၁၈ နှစ် အောက် ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းရွာမှာ ဇာမဏီ တော်လှန်ရေးတပ်ဖွဲ့လို့ အမည်ပေးထားတဲ့ PDF တပ်ဖွဲ့သင်တန်းဆင်းပွဲလုပ်ဖို့ စီစဉ်နေချိန် မှာ စစ်တပ်က ရဟတ်ယာဉ် သုံးစင်းနဲ့ ရုတ်တရက် ရောက်လာပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခတ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ရွာသားတွေ ထွက်ပြေးဖို့အချိန်မရဘဲ ပိတ်မိခဲ့တာကြောင့် လူအယောက် ၂၀ အသတ်ခံရပြီး ၁၅ ယောက် ပျောက်နေတယ်လို့ မြင်းမူမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

"သူတို့ထွက်သွားပြီး နောက်ရက်မှာ မျက်မြင်ကတော့ လမ်းမပေါ်မှာ သုံးယောက် သေနေတယ်။ သုံးယောက်စလုံးက အမျိုးသမီး လူကြီးပိုင်း ၅၀ ဝန်းကျင်တွေ။ ဒေသခံတွေ ပြောကြားချက်အရတော့ သူတို့က မပြေးနဲ့ဆိုတာကို ပြေးလို့ လှမ်းပစ်တာတဲ့။ အမြင့်ကနေ လှမ်းပစ်တာ လမ်းမပေါ်တင် ဆုံးသွားတာပေါ့။ အဲဒါက မျက်မြင်ပေါ့။ ၆ လောင်း လောက်ကတော့ ရွာအထွက် အခင်းထဲမှာ သတ်ပြီးတော့ မီးရှို့ထားခဲ့တယ်။ သတ်ပြီးတော့ အလောင်းက အကောင်းပကတိ မဟုတ်ဘူး။ လက်တွေ၊ ခြေထောက်တွေ၊ ခေါင်းတွေကို ခုတ်ဖြတ်ပြီးမှ မီးရှို့ထားတာ။ အကုန်က မီးတော့လောင်နေပြီ"

မီးရှို့ခံရသူတွေနဲ့ သတ်ပြီးမှ ချုံပုတ်ထဲပစ်ထားခဲ့တဲ့ ရုပ်အလောင်းတွေကို ကောက်ယူ စစ်ဆေးရာမှာ သေဆုံးသူ စုစုပေါင်း အယောက် ၂၀ ရှိနေပြီး၊ အားလုံးဟာ ထွက်မပြေးနိုင်တဲ့ အသက်ကြီးပိုင်း ဒေသခံရွာသူ ရွာသားတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံး ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦး ပါဝင်ပြီး အားလုံးရဲ့ အသက်အရွယ်နဲ့ အမည် အတိအကျသိရဖို့ စုံစမ်းနေဆဲလို့ အဲဒီ PDF တပ်ဖွဲ့ဝင် က ပြောပါတယ်။ မြင်းမူမြို့နယ်က ပဒတ္ထိုင်းရွာမှာ အိမ်ခြေ ၈၀၀ လောက်ရှိပါတယ်။ အဲဒီမှာ PDF ဝတ်စုံတွေ တွေ့တဲ့ လူနေအိမ်နှစ်လုံးကို စစ်တပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့က မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်ရဲစခန်းကို PDF တပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီးတဲ့ နောက်တစ်ရက် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်တပ်က မြင်းမူနဲ့ စစ်ကိုင်း အစပ်က ညောင်ပင်ဝန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး ရွာသား လေးယောက်ကို ဖမ်းခေါ်သွားခဲ့ပါတယ်။

နောက်ရက်မှာတော့ ဦးခေါင်းကို သေနတ်နဲ့ ချိန်ရွယ်ပစ်ခတ်ထားတဲ့ အဲဒီရွာသား လေးယောက်ရဲ့ ရုပ်အလောင်းတွေကို စစ်တပ်က ရွာကို ပြန်ပို့လာတဲ့အတွက် သင်္ဂြိုဟ် လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာမှာလည်း ဖေဖော်ဝါရီလ ၄ ရက်နေ့ က လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ခံထားရတဲ့ ဒေသခံ ခြောက်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရပါတယ်။

အဲဒီလူတွေက ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်ကောင်စီတပ်တွေ ရွာထဲကို သေနတ်ဖောက်ပြီး ဝင်လာချိန် ရွာသားအားလုံး ထွက်ပြေးခဲ့ပေမယ့် သူတို့က မှတ်ပုံတင်နဲ့ အဖိုးတန်ပစ္စည်းတွေ ကို ပြန်ယူချိန်မှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံ PDF တပ်ဖွဲ့က ပြောပါတယ်။

သစ်ဆိမ့်ရွာက အသတ်ခံရတဲ့ ခြောက်ယောက်ကတော့ အသက် ၁၇ နှစ်ကနေ ၅၀ ကြား အရွယ်တွေဖြစ်ကြပြီး၊ မောင်သူရထွန်း၊ မောင်ကိုကိုလင်းမောင်၊ ကိုမင်းမင်းထွန်း၊ ကိုမြင့်အောင်၊ ကိုသဲထွန်းအောင်နဲ့ ဦးဇော်မင်းထွန်းတို့ ဖြစ်ပါတယ်။

သူတို့အားလုံးကတော့ သေနတ်နဲ့ ပစ်သတ်ခံရတာမဟုတ်ဘဲ ထုရိုက် သတ်ဖြတ်ပြီးမှ ရုပ်အလောင်းတွေ မီးရှို့ခံခဲ့ရတာ ဖြစ်ကြောင်း ကိုဂျိမ်းစ်ဘွန်း လို့ အမည်ဝှက်ပေးထားတဲ့ ဝက်လက်မြို့နယ် PDF တပ်ဖွဲ့ဝင်က RFA ကို ပြောပါတယ်။

"တကယ်သတ်ချင်လို့ရှိရင် တစ်ဘက်နဲ့တစ်ဘက်နဲ့ စစ်ဖြစ်တာပဲ။ PDF စခန်းကို ရှာပေါ့။ လူသားဒိုင်း လုပ်ပြီးတော့ ဒီလို အစုလိုက်၊ အပြုံလိုက် သတ်တာကတော့ နိုင်ငံတကာ ဥပဒေအရ ကျင့်ဝတ်အရသော်လည်းကောင်း၊ ဘယ်လိုမှ မဖြစ်သင့်ဘူး။ သူတို့က တကယ်တော့ ကြောက်လို့ ပြေးတဲ့သူတွေပဲ၊ ဟုတ်တယ်မလား။ တကယ်သတ်ချင်ရင် ကျနော်တို့ PDF တွေကို သူတို့ တိုက်ခိုက်လို့ ရတာပဲ။ ရွာသားတွေကို ဖမ်းပြီးတော့ ဒီလို အစုလိုက်၊ အပြုံလိုက် သတ်တာကတော့ ရာဇဝတ်မှုလည်း မြောက်တယ်၊ ဘယ်လိုနည်း နဲ့မှ လက်ခံနိုင်စရာလည်း အကြောင်း မရှိဘူး"

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာလည်း ဖေဖော်ဝါရီလ ၅ ရက်နေ့က စစ်ကောင်စီအုပ်ချုပ်ရေး ရုံးတွေကို PDF တပ်ဖွဲ့တွေ စုပေါင်းတိုက်ခိုက်ချိန် နှစ်ဘက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ချိန် ရဲစခန်းဘက်ကို ထွက်ပြေးလာတဲ့ အရပ်သား နှစ်ယောက်ကို ရဲတွေက ပစ်ခတ်လို့ အသက် ၃၅ နှစ် အရွယ် ဦးချမ်းမြလှိုင်နဲ့ အသက် ၅၀ အရွယ် ဦးခင်မောင်ဆွေ တို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

myinmu-tsp-massacre.jpg
မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာမှာ သတ်ဖြတ်ခံရသူရဲ့ ကျန်ရှိတဲ့ဖိနပ်တစ်ဖက်ကို ၂၀၂၂၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဥ် (Photo: CJ)

ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အသက် ၆၀ အရွယ် ဦးဖိုးထူး အပါအဝင် ရွာသားသုံးယောက် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ မင်းတိုင်ပင်ရွာကို စစ်ကောင်စီတပ်တွေ မကြာခဏ ဝင်ရောက်လေ့ ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ PDF တွေကို ထောက်ပံ့တဲ့ရွာလို့ စွပ်စွဲပြီး ဝင်ရောက်ဖျက်ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတိုင်ပင် ရွာသား တစ်ဦး က ပြောပါတယ်။

လက်ရှိအခြေအနေဟာ ရွာသားတွေအတွက် လုံခြုံမှု မရှိတော့ဘူးလို့ ပုလဲမြို့နယ်က ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်က RFA ကို ပြောပါတယ်။

"ဖမ်းခေါ်ပြီးတော့ သူတို့ မထင်ရင် မထင်သလို အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ အနေအထားတွေမှာ ကျနော်တို့ ဒီအပေါ်မှာ လုံးဝမှ ကျေနပ်မှုလည်း မရှိဘူးပေါ့။ အရပ်သား ပြည်သူတစ်ယောက် အနေနဲ့ ဒါကိုတော့ တကယ်ပြောချင်တယ်။ ဒီအရပ်သားတွေကို အကြောင်းမဲ့ သတ်ဖြတ်နေတဲ့ အနေအထားကိုလည်း စစ်ကောင်စီ ကို လက်ရှိအချိန်အထိ ထောက်ခံနေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုလည်း သိစေချင် တယ်။ ကျနော်တို့ ပြည်သူတွေမှာ ဘယ်လိုနေရာမှာမှ၊ ဘယ်မှာမှ မလုံခြုံတော့တဲ့ အနေအထားမှာ ဒီအချိန်အထိ ရောက်လာတဲ့ တော်လှန်ရေးမှာ ပြည်သူနဲ့ ပေါင်းစည်း ပေးဖို့လည်း တောင်းဆိုချင်တယ်"

စစ်ကိုင်းတိုင်းထဲက ကနီမြို့နယ်၊ ကင်း စံပြကျေးရွာမှာလည်း ဇန်နဝါရီ ၂၈ ရက်နေ့က ဒေသခံ ခုနှစ်ဦး ကို စစ်တပ်က မော်တော်ရေယာဉ်တစ်စီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့ နောက် သတ်ဖြတ်ခဲ့တာမို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရုပ်အလောင်း နှစ်လောင်းကို တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ကိုဆင်ပေါက်နဲ့ အသက် ၆၀ အရွယ် ဦးစန်းအောင်ရဲ့ ရုပ်အလောင်းတွေကို ချင်းတွင်းမြစ်ထဲမှာ ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။ အဖမ်းခံရတဲ့ ခုနှစ်ဦးထဲမှာ နှစ်ဦးပဲ အလောင်းပြန်ရတာမို့ ကျန် ငါးဦးရဲ့အခြေအနေကို အတိအကျ မသိရဘဲ မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ ဆိုကြပါတယ်။ သေဆုံးသူ နောက်တစ်ဦး ကတော့ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်နန်းဝေမာ ဖြစ်ပြီး သူ့ရဲ့နေအိမ်မှာ ထမင်း၊ ဟင်းချက်ဖို့ ပြင်ဆင်နေချိန် မီးဖိုချောင်ထဲမှာ ထောင်ထားတဲ့ မိုင်းကွဲပြီး သေဆုံးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူ၊ ပုလဲ၊ ဝက်လက်နဲ့ ကနီနယ်က အသတ်ခံရသူ ၃၈ ဦးဟာ စစ်တပ်ကို လက်နက်ကိုင် ဆန့်ကျင်လို့ အသတ်ခံရတာမျိုး မဟုတ်ဘဲ စစ်ကောင်စီတပ်တွေ ရုတ်တရက် ရွာထဲဝင်လာချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ထွက်မပြေးနိုင်ဘဲ အသတ် ခံရတာလို့ PDF တပ်ဖွဲ့တွေနဲ့ ကျေးရွာသားတွေက အခိုင်အမာ ပြောဆိုကြပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက် သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။ “PDF တွေဟာ တိုက်ပွဲဖြစ်တိုင်း သူတို့နိုင်ရင် PDF တွေလုပ်တာလို့ ပြောလေ့ရှိပြီး၊ အသတ်ခံရရင်တော့ အပြစ်မဲ့ အရပ်သားတွေအဖြစ် ပြောင်းပြောလေ့ရှိတယ်”လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က အရင်က RFA ကို ပြောခဲ့ဖူးပါတယ်။

"စစ်တပ်လို့တောင် ခေါ်ဖို့ မသင့်တော့ဘဲနဲ့ အကြမ်းဖက်အဖွဲ့လို့တောင် ကျနော်တို့ သတ်မှတ်ဖို့ လိုအပ်တယ်"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း ကတော့ ရွာသားပဲဖြစ်ဖြစ်၊ PDF ပဲဖြစ်ဖြစ် ပဋိပက္ခတွေအတွင်းမှာ လူသားတွေ ရက်ရက် စက်စက် အသတ်ခံရပြီဆိုရင် တစ်ကမ္ဘာလုံးကနေ ဒီလုပ်ရပ်တွေကို တားဆီးပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

"ဒါကို ထောက်ရှုမယ်ဆိုရင်တော့ စစ်တပ်က တကယ့်ကို ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ စစ်တပ်လို့တောင် ခေါ်ဖို့ မသင့်တော့ဘဲနဲ့ အကြမ်းဖက်အဖွဲ့အစည်း လုပ်ရပ်တွေဖြစ်တဲ့ လူတွေသတ်၊ မီးတွေရှို့ ရက်စက်စွာ လုပ်ဆောင်နေတဲ့ အရာမျိုး ဖြစ်တဲ့အတွက် အကြမ်းဖက်အဖွဲ့လို့တောင် ကျနော်တို့ သတ်မှတ်ဖို့ လိုအပ်တယ်။ အကြမ်းဖက်မှု အဖွဲ့အစည်းတွေကို ကာကွယ်တားဆီးတဲ့ လုပ်ထုံးလုပ်နည်းမှန်သမျှ တစ်ကမ္ဘာလုံးကနေ ကျင့်သုံးပြီးတော့ လုပ်ဆောင်ဖို့ အချိန် ကျရောက်နေပါပြီ"

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံးရပ်တန့်နိုင်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း တစ်ခုလုံးက နည်းလမ်းရှာဖို့ လိုအပ်ပြီး၊ နည်းလမ်းရှာတဲ့နေရာ မှာ သာမန်ထုတ်ဖော်ပြောကြားရုံ၊ ဝမ်းနည်းပြရုံ၊ စိတ်မကောင်းစွာနဲ့ ထုတ်ပြန်ကြေညာရုံ ထက် ပိုသင့်ပြီလို့လည်း ဦးအောင်မျိုးမင်း က ပြောသွားပါတယ်။

ISP-Myanmar ရဲ့ စာရင်းတွေအရ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား စုစုပေါင်း ၂၄,၀၀၀ ကျော် ရှိခဲ့ပြီး၊ အဲဒီပမာဏရဲ့ ၁၅ ရာခိုင်နှုန်းခန့်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း သေဆုံးခဲ့သူတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။