မြင်းမူမြို့နယ် လက်ပန်ကျင်းရွာသား ၁၁၀ ကျော် ဖမ်းဆီးစစ်ဆေးခံနေရ

2022.08.02
မြင်းမူမြို့နယ် လက်ပန်ကျင်းရွာသား ၁၁၀ ကျော် ဖမ်းဆီးစစ်ဆေးခံနေရ မြင်းမူမြို့အတွင်းရှိ မြို့မဈေးကို ၂၀၂၁ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ လက်ပန်ကျင်းကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁ ရက် မနေ့က ဝင်ရောက် စီးနင်းခဲ့ပြီးနောက် လူငါးဦးသေဆုံးခဲ့သလို ကျေးရွာသား ၁၁၃ ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက စစ်ရဟတ်ယာဉ် ငါးစင်းသုံးပြီး စီးနင်းတိုက်ခိုက်ခဲ့တာလို့ ထွက်ပြေး လွတ်မြောက်လာတဲ့ ဒေသခံကျေးရွာသားတစ်ဦးက ပြောပါတယ်။

"ရဟတ်ယာဉ်ငါးစင်းနဲ့ လာတယ်။ စစ်သားတွေကို ခေါက်ပြန်သယ်တယ်။ ပို့တယ်။ ချလိုက်၊ ပစ်လိုက်နဲ့ တစ်နာရီခွဲလောက်ကြာတယ်။ ဘေးပတ်ပတ်လည်ကို ချတယ်၊ ကျောင်းထဲကို ဆင်းတယ်။ ချတော့ ကလေးတွေက ကြောက်ပြီးပြေးကြတယ်။ အကြီးတွေကတော့ လွတ်သွားတယ်။ အငယ်လေးတွေကတော့ မလွတ်ဘူး၊ ကလေး တချို့ကလွတ်ပြီး တချို့က မလွတ်ဘူး"

NUG က ဦးဆောင်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို ဆက်လက်စီးနင်းခံခဲ့ရတာကြောင့် အခုအဖမ်းခံထားရတဲ့ လူပေါင်း ၁၁၀ ကျော်မှာ ကျောင်းသူ၊ ကျောင်းသားတွေအပြင် ဆရာ၊ ဆရာမတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပြင်ကနေ စစ်ကြောင်းထိုးလာရင် ကြိုတင်ရှောင်တိမ်းနိုင်ပေမယ့် မနေ့ကတော့ စစ်ရဟတ်ယာဉ်တွေနဲ့ ရုတ်တရက် ရောက်ရှိလာကြတာဖြစ်လို့ အားလုံးရှောင်တိမ်းချိန် မရလိုက်ဘဲ အများအပြားဖမ်းဆီးခံရတာလို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်ပန်ကျင်းကို မနေ့က မနက် ၁၀ နာရီလောက်ဝင်လာတာ၊ ရွာတွေက ပုံမှန်အတိုင်း လှုပ်ရှားနေကြတဲ့အချိန်ပေါ့၊ NUG ကဖွင့်တဲ့ ကျောင်းတွေလည်း ဖွင့်နေတယ်။ မြေပြင် ကနေ စစ်ကြောင်းထိုးရင် PDF တွေကနေတစ်ဆင့် ကျောင်းတွေပိတ်ဖို့၊ ရွာကလူတွေ ရှောင်ဖို့ ကြိုသိရတယ်။ ဝေဟင်က စစ်ကြောင်း ထိုးတာတော့ လုံး၀ ကြိုမသိရဘူး၊ လွတ်တယ်ဆို ရုံလောက်ပဲပြေးရတာပေါ့၊ သူတို့လက်ထဲမှာဆိုတော့ ဘာမှ သေသေ ချာချာ မပြောနိုင်ဘူး၊ လုံးဝစိတ်မချရတဲ့ အခြေနေတစ်ခုပေါ့၊ ဝိုင်း စိုးရိမ်ပေးတာက လွဲရင် ဘာမှကို မတတ်နိုင်တဲ့ အခြေအနေ ရောက်နေတာပေါ့"

ရွာထဲကပစ္စည်းတွေ ဆုံးရှုံးရတာထက် အဖမ်းခံထားရတဲ့သူတွေ ပြန်လွတ်လာဖို့ကိုပဲ ဆုတောင်းနေရတယ်လို့ သူက ပြောပါတယ်။

လက်ပံကျင်းရွာမှာ အိမ်ခြေ ၂၅၀ ခန့်နဲ့ လူဦးရေ ၁၀၀၀ ကျော်နေထိုင်ပြီး မနေ့က စီးနင်းခံရတဲ့အတွက် ကျေးရွာသားအများအပြားဟာ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လက်ပန်ကျင်းကျေးရွာမှာ စုဝေးရောက်ရှိနေကြတဲ့ PDF အဖွဲ့ဝင်တွေကို မနေ့ မနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးစားခဲ့တာလို့ ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြပါတယ်။

အဲဒီအချိန်မှာပဲ PDF တွေကပစ်ခတ်လို့ ပြန်လည်ပစ်ခတ်ခဲ့ရာမှာ အလောင်း ငါးလောင်းနဲ့ လက်လုပ်လက်နက် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သလို ကျေးရွာရဲ့ အနောက်မြောက်ဘက် မီတာ ၅၀၀ လောက်အကွာမှာရှိတဲ့ PDF စခန်းကို လက်နက်ပစ္စည်းတွေနဲ့တကွ သိမ်းဆည်း ရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

"မြင်းမူမြို့နယ်ကို စစ်ကြောင်းတွေထိုးပြီး အကြမ်းဖက်နေပေမယ့်လည်း စစ်ကောင်စီကို ရရင် ရသလောက် တိုက်ခိုက်သွားမှာ"

ရွာထဲမှာ ထိန်းသိမ်းထားတဲ့ အမျိုးသား ၄၀၊ အမျိုးသမီး ၇၃ ဦး၊ စုစုပေါင်း ၁၁၃ ဦးကိုတော့ လိုအပ်သလို စစ်ဆေးနေပြီး PDF တွေနဲ့ ပတ်သက်သူတွေကို အရေးယူသွားမယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ မနေ့က လက်ပံကျင်းရွာရဲ့ နေရာတစ်ခုမှာ အစည်းအဝေးလုပ်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက် ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အဖမ်းမခံရဘဲ လွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူငါးဦးနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါ ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

"PDF ငါးဦးသေတာတော့ မသိသေးဘူး၊ စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ ဖြစ်ဖြစ်၊ ဘာတွေနဲ့ ဖြစ်ဖြစ် ဒီလိုမျိုး အင်အားတွေသုံးပြီး မြင်းမူမြို့နယ်ကို စစ်ကြောင်းတွေထိုးပြီး အကြမ်းဖက်နေပေမယ့်လည်း စစ်ကောင်စီကို ရရင် ရသလောက် တိုက်ခိုက်သွားမှာ"

စစ်ကောင်စီတပ်က လက်ပန်ကျင်းရွာထဲမှာ တပ်စွဲထားဆဲဖြစ်လို့ ရွာထဲက နောက်ဆက်တွဲ အခြေအနေကို မသိကြရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

myinmu
မြင်းမူမြို့နယ် လက်ပန်ကျင်းရွာ တည်နေရာပြ မြေပုံကို တွေ့ရစဉ် (Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အဖမ်းခံထားရသူတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို သိနိုင်ဖို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ လူမှုရေးရာ ဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့အနေနဲ့ ဒီကိစ္စကို မသိရသေးဘူးလို့ ပြောပါတယ်။

မနေ့က လက်ပန်ကျင်းရွာကို စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၅၀ ကျော်ခန့်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်း စစ်ရဟတ်ယာဉ်သုံး တိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ် လုပ်နေတာကြောင့် ပြည်သူလူထု ထိခိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းမူမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖြစ်စဉ်တွေအားလုံးကိုကြည့်ရင် ရွာတွေကို မီးရှို့တယ်။ ရဟတ်ယာဉ်နဲ့ ပစ်တာဖြစ်တဲ့ အတွက် မည်းမည်းမြင်ရာ ပစ်တော့ ပြည်သူလူထုတွေ ထိခိုက်မှုတွေရှိတယ်။ လက်ပန်ကျင်းမှာဆိုရင် သိုးတွေ၊ ဆိတ်တွေ ကျောင်းတဲ့ ကောင်လေး နှစ်ယောက် သေတယ်၊ ကွမ်းခြံထဲမှာ အလုပ် လုပ်နေတဲ့ အမျိုးသမီးတစ်ဦး သေတယ်၊ တစ်ဦး ထိခိုက်တယ်။ PDF တွေတော့ မဟုတ်ဘူး၊ နယ်မြေစိုးမိုးမှုအရ မြေပြင်ကနေ မသွားနိုင်တဲ့အခါ လေကြောင်းကနေ အင်အားသုံးပြီးတော့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာ"

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေအနေနဲ့ မလုံခြုံတော့ဘူးလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း မြင်းမူမြို့နယ် မူးမန္တလေးရွာကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် လေးစင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းမူမြို့နယ်ကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ပြီး စစ်ကြောင်း ထိုးနေတာတွေ ကြောင့် လက်ပန်ကျင်းရွာအပါအဝင် ပဒတ္တိုင်း၊ သူဌေးကုန်း၊ ကံရင်း၊ မလဲသာ၊ ရှားပေါက်တော စတဲ့ ကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။