အာဏာသိမ်းပွဲအပြီး ၁၉ လအကြာ မြန်မာပြည်က ပြည်တွင်းစစ်
2022.09.06
မနေ့က ကျင်းပခဲ့တဲ့ ချူလာလောင်ကွန်းတက္ကသိုလ်က ဟောပြောပွဲကို “အာဏာသိမ်းပွဲအပြီး ၁၉ လအကြာ၊ မြန်မာပြည်က ပြည်တွင်းစစ်” လို့ အမည်ပေးထားပါတယ်။
"စစ်တပ်က အာဏာကို သိမ်းတဲ့ ဖြစ်စဉ်မျိုးကတော့ ကမ္ဘာ့သမိုင်းမှာနဲ့ လက်ရှိခေတ်နဲ့ မလျော်ညီတဲ့ ကိစ္စမျိုးတွေဖြစ်နေတယ်”
ပါဝင်ဟောပြောသူတစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်ဦး က စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်မှာ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးပျက်ပြားသွားခဲ့ရတယ်လို့ ပြောပါတယ်။
"သမ္မတကြီး ဦးသိန်းစိန်ကာလမှာဆိုရင် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဟာ တကယ်ကောင်းမွန်တဲ့ ဆက်ဆံရေးဖြစ်အောင် စီမံခန့်ခွဲနိုင်ခဲ့တယ်။ အဲဒီလိုစီမံခန့်ခွဲမှုမျိုးသာဆက်ပြီး ရှိခဲ့မယ်ဆိုရင် အဲဒီဆက်ဆံရေးကနေ ထွက်လာမယ့် ကျန်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေဟာလည်း ဒီထက်မက ပိုမိုတိုးတက်အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီကိစ္စတွေကနေ သင်ခန်းစာယူပြီး လက်ရှိရောက်နေတဲ့ ထိုင်းနိုင်ငံရဲ့အနေအထားကိုပဲ ကြည့်၊ အာဏာသိမ်းတဲ့ ဖြစ်စဉ်ကလည်း တူတယ်။ တပ်ရဲ့အခန်းကဏ္ဍချင်းကလည်း တူနေပါတယ်။ သို့သော်လည်းပဲ သူတို့ရဲ့ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးဟာ ကျနော်တို့နိုင်ငံမှာ အခုကြုံတွေ့နေရတဲ့ စိန်ခေါ်မှုမျိုးတွေ မရှိဘဲနဲ့ ခန့်ခွဲနိုင်တာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံ စီးပွားရေးဟာ အခုထက်ထိ ဘာမှပြဿနာမရှိဘဲနဲ့ ဆက်ပြီးဆောင်ရွက်နိုင်တဲ့ အနေအထားမျိုးရှိပါတယ်။”
တစ်ဆက်တည်းမှာပဲ သူက စစ်တပ်အာဏာသိမ်းမှုဟာ ခေတ်နောက်ကျနေပြီဖြစ်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့လည်း ဝေဖန်ပါတယ်။
“ကမ္ဘာပေါ်မှာတော့ စစ်တပ်အာဏာသိမ်းတယ်ဆိုတဲ့ ကိစ္စကို ဘယ်နိုင်ငံမှာမှ လက်မခံကြတော့ဘူး။ ခေတ်ကြီးကပြောင်းသွားပြီ၊ 21 ရာစုနဲ့ Generation Z ခေတ်မှာဆိုရင် စစ်တပ်က အာဏာကို သိမ်းတဲ့ ဖြစ်စဉ်မျိုးကတော့ ကမ္ဘာ့သမိုင်းမှာနဲ့ လက်ရှိခေတ်နဲ့ မလျော်ညီတဲ့ ကိစ္စမျိုးတွေဖြစ်နေတယ်။ သိူ့သော်လည်းပဲ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို ကောင်းမွန်အောင်တည်ဆောက်ဖို့ကတော့ အင်မတန်မှ အရေးပါတဲ့ကိစ္စဖြစ်သလို မြန်မာ့အရေးကို ဆောင်ရွက်နေတဲ့သူအားလုံးက အလေးပေးပြီး စဉ်းစားသင့်တယ်။ လက်ရှိအနေအထားအတွက်လည်း အရေးကြီးသလို အနာဂတ်ဖက်ဒရယ်တပ်မတော် လို့ ပြောတဲ့အခါမှာလည်း ဒီကိစ္စကို အခုထိ ဘယ်သူကမှ ဆွေးနွေးနေကြတာ မတွေ့ဘူး။ ရေတိုအတွက်ရော ရေရှည်အတွက်ကရော အားလုံးကို သေသေချာချာ လေးလေးနက်နက် သုံးသပ်ပြီး အကောင်းဆုံးစဉ်းစား နိုင်မှသာလျှင် လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲကြီးကနေ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်”
ဟောပြောသူ နောက်တစ်ဦးကတော့ Jane’s Defense Publications က လေ့လာသုံးသပ်သူ Anthony Davis ဖြစ်ပါတယ်။ သူကတော့ မြန်မာပြည်မှာ လာမယ့်ခြောက်သွေ့ရာသီအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း၊ လာမယ့်နှစ်ဟာ မြန်မာပြည်ရဲ့ အနာဂတ်အတွက် အင်မတန်အရေးကြီးတဲ့ နှစ်ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။
နောက်တစ်ဦးကတော့ Nikkei Asian Review သတင်းဌာနက အယ်ဒီတာ Gwen Robinson ပါ။ သူက NUG အစိုးရခေါင်းဆောင်တွေဟာ အရည်အချင်းထက်မြက်ကြောင်း၊ ရန်ပုံငွေရှာတဲ့ နည်းလမ်းတွေကအစ ထူးခြားအောင်မြင်နေကြောင်း တပြိုင်နက်မှာ မြန်မာစစ်ကောင်စီဟာ အဖက်ဖက်က ကျဆုံးနေပြီး တိုင်းပြည်ကို လုံးဝထိန်းသိမ်းနိုင်စွမ်း မရှိတော့ကြောင်းနဲ့ လက်ရှိမှာ မြန်မာပြည်ရဲ့နေရာဒေသအများစုကို တော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားနိုင်ကြောင်း စသဖြင့် ပြောဆိုသွားပါတယ်။

မနေ့ကအခမ်းအနားမှာ ပါဝင်တင်ပြသူတစ်ဦးဖြစ်တဲ့ ဦးဉာဏ်သာမော်လင်း ကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်ပါတယ်။ မြန်မာတော်လှန်ရေးအင်အားစုတွေဟာ တစ်နေ့တစ်ခြား ပိုမိုစုစည်းလာနေပါတယ်။ NUCC ဖွဲ့နိုင်မှု ဖယ်ဒရယ် ချာတာပြဋ္ဌာန်းနိုင်မှုတွေဟာ သက်သေဖြစ်ပါတယ်။ တော်လှန်ရေးမှာ အားလုံးပါဝင်ကြမယ်ဆိုတဲ့ ခံယူချက်တွေကို မြင်တွေ့လာနေရသလို မြန်မာ့နိုင်ငံရေးမှာ စစ်တပ်မပါဘဲ သိသာတဲ့ အရွေ့တွေကို နိုင်ငံရေးအင်အားစုတွေက လုပ်ဆောင်နိုင်စွမ်းရှိတာကိုလည်း မြင်တွေ့ရပါတယ်။ မြန်မာပြည်မှာ စစ်တပ်ဟာ အစိုးရမဟုတ်ဘူးဆိုတာ ပိုမိုပေါ်လွင်လာနေပါတယ် စသဖြင့် ပြောသွားပါတယ်။
ချူလာလောင်ကွန် တက္ကသိုလ်မှာ မနေ့က ကျင်းပတဲ့ အခမ်းအနားကို ထိုင်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ သံအမတ်ကြီး David Daly နဲ့ မြန်မာ့အရေးစိတ်ဝင်စားသူ ၁ဝဝ ခန့် တက်ရောက်ပါတယ်။