၂၀၂၅ ခုနှစ်မှာ စစ်ရေးပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေးအဖွဲ့တွေသုံးသပ်
2025.01.07

စစ်တပ်အာဏာသိမ်းထားတဲ့ အချိန်လေးနှစ်ဖြစ်လာတဲ့ အခု ၂၀၂၅ မှာ စစ်ရေးပိုလာနိုင်တယ်လို့ ဒေသ အသီးသီးမှာ တော်လှန်နေကြတဲ့သူတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ကရင်နီဒေသမှာ သူလက်လွတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်ယူနိုင်ဖို့ ပြည်သူ့စစ် သင်တန်းဆင်းတွေနဲ့ အင်အားဖြည့်တင်းနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒု-စစ်ဦးစီးချုပ် မာဝီက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ဒေသတွင်းမှာ လက်နက်တွေ သူတို့လိုအပ်တဲ့ ရိက္ခာတွေ ခဲယမ်းမီးကျောက်တွေ ဖြည့်တင်းနေတာကိုလည်း ကျွန်တော်တို့ သိရတယ်။ ဆုံးရှုံးသွားတဲ့ တပ်ရင်းတွေကိုလည်း အင်အား ဖြည့်နေတာကိုလည်း ကျွန်တော်တို့ သိရတယ်။ ၂၀၂၅ မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြင်းထန်မယ့် အခြေအနေ အရိပ်အယောင်တွေရှိတယ်ဆိုတာကတော့ ကျွန်တော်တို့ မြေကြီးလက်ခတ်မလွဲဘဲ ဖြစ်တယ်ပေါ့နော်”
စစ်ကောင်စီဘက်က ဆုံးရှုံးသွားတဲ့နယ်မြေတွေနဲ့ တပ်စခန်းတွေ ပြန်သိမ်းယူမယ်ဆိုတာကို ကြိုတင်သိထားသလို တော်လှန်ရေးကို အချိန်တိုနိုင်သမျှ တိုအောင် လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ KNDF ဒု-စစ်ဦးစီးချုပ် မာဝီက သုံးသပ်ပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးကလည်း ၂၀၂၅ ခုနှစ်မှာ ကရင်နီပြည်နယ်က စစ်ကောင်စီစခန်းတွေကို အပြီးသိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဇန်နဝါရီ ၁ ရက်နေ့က နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။
အလားတူ အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေဟာ လက်နက်၊ ခဲယမ်း၊ မီးကျောက်နဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာတဲ့အတွက် အခု ၂၀၂၅ ခုနှစ်ဟာ အညာဒေသမှာ စစ်ရေးပိုပြင်းထန်လာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။
အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့နှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်ဘက်မှာ စစ်ရေးပူးပေါင်းလုပ်ကိုင်တာတွေရှိတဲ့အတွက် အဲဒီကနေ အတွေ့အကြုံနဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ရလာတယ်လို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင်က ပြောပါတယ်။
“သေချာတာက စစ်ရေးတွေက ပြီးခဲ့နှစ်ထက် မတူတဲ့ ပုံစံပိုပြင်းထန်လာမှာ အဲ့ဒါသေချာတယ်။ ဘာလို့လဲဆိုတော့ အရင်ဖြတ်ကျော်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် သုံးနှစ်အခြေအနေမှာ အညာမှာ လက်နက်၊ ခဲယမ်းမီးကျောက် စစ်တိုက်တဲ့ စွမ်းရည် အားနည်းကြသေးတာကို အဲဒီတော့ အဲ့ သုံးခုလုံး အလုံအလောက်ဖြစ်ပြီပေါ့နော်၊ ခဲယမ်းမီးကျောက်လည်း ပိုပြီး တိုးတက်လာတယ်။ တခြားပြည်နယ်ကနေ ပြီးတော့ တစ်ခြားဒေသကနေပြီးတော့ စစ်ရေးပူးပေါင်းဖော်ဆောင်မှုကနေတစ်ဆင့် ရခဲ့တဲ့ စစ်ရေးအတွေ့အကြုံတွေ တိုက်ခိုက်မှုစွမ်းရည်တွေက အညာကို ပိုပြီးအထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်”
အခု ဇန်နဝါရီလဆန်းပိုင်းက စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ပြီးတိုက်ခိုက်နိုင်တာဟာ စစ်ရေးအခြေအနေ တိုးတက်လာတာဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ရေးဟာ ၂၀၂၅ ခုနှစ်ရဲ့ စစ်ဆင်ရေး ရည်မှန်းချက်ဖြစ်တယ်လို့လည်း ကျောင်းသားလက်ရုံးတပ်တော် (SAF) အဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်မှာလည်း မြို့နယ် ကိုးမြို့နယ်ထဲက နယ်မြေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ ငါးမြို့နယ် ကို ချင်းတော်လှန်ရေးအဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) တို့ အသီးသီး သိမ်းပိုက်ထားပြီးဖြစ်ပါ တယ်။ အခုလာမယ့် ၂၀၂၅ ခုနှစ်မှာ ချင်းပြည်နယ်တစ်ခွင်လုံး စစ်ကောင်စီလုံးဝကင်းစင်တဲ့ နယ်မြေအဖြစ် လုပ်ဆောင်သွားမယ်လို့ ချင်းညီနောင်အဖွဲ့ (Chin Brotherhood) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
“၂၀၂၅ မှာလည်း စစ်ရေးတွေ ကျွန်တော်တို့ တောက်လျှောက်ရှိပါလိမ့်မယ်။ ကျွန်တော်တို့ မြို့တွေ လွတ်မြောက်သွားပြီး ချင်းညီနောင်ရဲ့ နယ်မြေထဲက စစ်ကောင်စီတွေသည် လုံးဝကင်းစင်သွားပြီဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ ချင်းညီနောင်မဟုတ်တဲ့ ဒေသတွေမှာကော ဆက်လက်ပြီးတော့ တော်လှန်ရေးကို ဆက်လက်တော်လှန်သွားဖို့ ရှိနေပါတယ်ခင်ဗျ”
အခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီဟာ သူလက်လွတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေဖြစ်တဲ့ ချင်း၊ ကရင်နီ၊ ရခိုင်နဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာ ဆက်တိုက်ဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။
စစ်ရေးတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့နယ်မှာ ပြီးခဲ့ ဒီဇင်ဘာ (၄) ရက်နေ့က စလို့ အခုချိန်ထိ စစ်ကောင်စီနဲ့ စစ်ရေးတွေ တင်းမာနေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ဒါကြောင့် စစ်ရေးပြင်းထန်လာမလားဆိုတာ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ်မူတည်နေတယ်လို့ KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သူ့အမြင်ကိုပြောပါတယ်။
“စကစ ဘက်ကနဲ့ သူ့ရဲ့ မူပေါ်လစီတွေ အပြောင်းအလဲရှိပြီးမှ စစ်အာဏရှင်စနစ်တွေကို အပြောင်းအလဲရှိမယ် ဆိုလို့ရှိရင်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တခြားသော လက်နက်ကိုင်အဖွဲ့တွေ အားလုံးကတော့ စစ်ရေးအခြေအနေ အပြောင်းအလဲရှိမယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ ဒုတိယတစ်ချက်ကတော့ စစ်ကောင်စီရဲ့ သူ့ရဲ့ မူပေါ်လစီတွေ အပြောင်းအလဲမရှိဘဲနဲ့ ခုပုံစံလိုပဲ စစ်ရေးနဲ့ပဲ အုပ်ချုပ်မယ် စစ်ရေးနဲ့ပဲ ကျွန်တော်တို့ကို တုံ့ပြန်မယ်ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံရဲ့ စစ်ရေးအခြေအနေကတော့ လျော့နည်းသွားဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်မြင်ပါတယ်”
ဆက်နွှယ်သောသတင်းများ
စစ်ရေးအရှိန်မြင့်လာမှာကို ပြည်သူတွေဘယ်လိုရှုမြင်သလဲ
နယ်မြေစိုးမိုးရေး ဆက်လက်ကြိုးပမ်းမယ်လို့ NUG နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေပြော
စစ်အာဏာရှင်တော်လှန်ရေး အချိန်မကြာဖို့ နိုင်ငံရေးလေ့လာသူတွေပြော
ဒီ ၂၀၂၅ ခုနှစ်မှာ စစ်ဘောင်ပိုမိုကျယ်ပြန့်လာနိုင်ပြီး စစ်ခေါင်းဆောင်ဟာ စစ်ရေးနည်းနဲ့ပဲ ဖြေရှင်းသွား လိမ့်မယ်လို့ ဖက်ဒရယ်ကာကွယ်ရေးတပ် စစ်ရေးလေ့လာသူ ဦးနေမျိုးဇင်က ပြောပါတယ်။
“မင်းအောင်လှိုင်ဟာ အရာရာကို စစ်ရေးနည်းနဲ့ ဖြေရှင်းမှုပဲ ကြိုးစားအုံးမယ်လို့ လက္ခဏာတွေ့ရှိရပါတယ်။ ဒါပေမဲ့ မြေပြင်တပ်တွေနဲ့ တစ်ခုပြီး တစ်ခု စွန့်လွှတ်ပြီး ဆုံးရှုံးရတဲ့အနေအထားတွေကို ကြည့်ခြင်းအားဖြင့် အောက်ခြေတပ်တွေကတော့ ဆက်လက်တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ အထက်က ပြင်းထန်ဆိုးရွားတဲ့ ရက်စက်တဲ့ အမိန့်တွေကို လက်ခံနားထောင်လိုစိတ် မရှိတော့အောင် စစ်ပန်းနေပြီဆိုတာ ကျွန်တော်တို့ တွေ့မြင်နေရတဲ့အနေအထားဖြစ်ပါတယ်”
၂၀၂၅ ခုနှစ်မှာ တော်လှန်ရေးအောင်မြင်ဖို့အတွက် လိုအပ်တဲ့အပြောင်းအလဲတွေကို ရဲရဲဝံ့ဝံ့ဆောင်ရွက် သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ဟာ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၄၄ မြို့နယ် ထိန်းချုပ်ထားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။