သင်္ကြန်ပွဲနဲ့ စပ်လျဉ်းပြီး ယူဆချက်အမျိုးမျိုး ဖြစ်ပေါ်
2022.04.05
မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ကူးစက်တဲ့ ၂ဝ၂ဝ ခုနှစ်ကစပြီး ရိုးရာသင်္ကြန်ပွဲတွေကို ကျင်းပခဲ့ခြင်း မရှိပါဘူး။ မနှစ်ကလည်း စစ်တပ် အာဏာသိမ်းပွဲအပြီး ပစ်ခတ်ချေမှုန်းမှုတွေ၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေနဲ့ သင်္ကြန်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီနှစ်မှာတော့ အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်ပွဲ ကျင်းပဖို့ စီစဉ်နေတဲ့ သတင်းတွေ၊ ဆောင်ရွက်မှုတွေကို မြင်တွေ့ကြားသိနေရပါတယ်။
“ပြည်သူက ရိုးရာအတိုင်း ပုံမှန်လုပ်တဲ့ အလှူဒါနတွေ ကိုယ့်ရပ်ကိုယ့်ရွာမှာ လုပ်တာတွေကိုတော့ ကျနော်တို့ ပြောစရာ မရှိပါဘူး။”
တကသ ကျောင်းသားဟောင်းများအင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းကတော့ စစ်ကောင်စီဟာ မြန်မာပြည်ရဲ့အခြေအနေ တည်ငြိမ်နေပြီဆိုပြီး နိုင်ငံတကာကို လှည့်စားဖို့အတွက် သင်္ကြန်ကို အသုံးချဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
“တကယ်တော့ သင်္ကြန်ဆိုတာက ကျနော်တို့အတွက် တကယ်တန်ဖိုးထားရမယ့် အရာပါ။ ဒါပေမဲ့ ဒီနှစ်သင်္ကြန်မှာတော့ စကစ က သူတို့နိုင်ငံရေးအရ ပုံရိပ်ကောင်းဖို့၊ သူတို့ ထိန်းချုပ်နိုင်နေပါပြီ။ ပြည်သူတွေဟာ ပုံမှန် ပြန်ဖြစ်နေပါပြီ ဆိုတာကို ပြဖို့ သင်္ကြန်ကို အပျော်အပါးတွေနဲ့ စီစဉ်လာတယ်။ ဒါမျိုးကိုတော့ ကျနော်တို့က လုံးဝလက်ခံလို့ မရဘဲနဲ့ တော်လှန် သင်္ကြန်အဖြစ် ပါဝင်ကြဖို့ ကျနော်တို့ နှိုးဆော်ထားပါတယ်။ အဓိကကတော့ ကျနော်တို့အနေနဲ့ ဒီသင်္ကြန်မှာ လက်ရှိ တိုက်ပွဲ ဝင်နေကြသူတွေ၊ ထောင်ထဲက ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ကျနော်တို့ဟာ သူတို့နဲ့ အတူတူရှိကြောင်း ပြသပုံဖော်နိုင်မယ့် တော်လှန်မှုပုံစံမျိုးနဲ့ သွားဖို့ ကျနော်တို့ ဆက်ပြီး ထုတ်ပြန်ဖို့ ရှိပါတယ်။ ပြည်သူက ရိုးရာအတိုင်း ပုံမှန်လုပ်တဲ့ အလှူဒါနတွေ ကိုယ့်ရပ်ကိုယ့်ရွာမှာ လုပ်တာတွေကိုတော့ ကျနော်တို့ ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ စကက ကလုပ်လာမယ့် ပျော်ပွဲရွှင်ပွဲပေါ့။ သူတို့ရဲ့ မဏ္ဍပ်တွေ ရှိချင်ရှိမှာပေါ့။ ဒီလိုအစီအစဉ်မှာ ပြည်သူများအနေနဲ့ သွားရောက်ပူးပေါင်းခြင်း မပြုဘဲနဲ့ သပိတ်မှောက်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်”
ဒီအတောအတွင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ အာဏာသိမ်းစစ်ကောင်စီဟာ သင်္ကြန်ပွဲကို အကြောင်းပြုပြီး နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့အတွက် အဲဒီစစ်ကောင်စီက ကျင်းပမယ့် ပျော်ပွဲရွှင်ပွဲတွေကို ပါဝင်ခြင်းမပြုဖို့ နှိုးဆော်ထားပါတယ်။
ဒီအတွင်းမှာပဲ နှစ်စဉ်တင်ဆက်နေကြ တကသ ကျောင်းသားတွေရဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် တချို့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ဒီရက်ပိုင်း သံချပ်တိုက်နေတာကို အခုလို မြင်ရကြားရပါတယ်။
နိုင်ငံခြားရောက် မြန်မာတွေအကြားမှာတော့ သဘောထားကွဲလွဲမှုတွေ ရှိပါတယ်။ စင်္ကာာပူမှာတော့ သင်္ကြန်ပွဲကို ဟိုအရင်နှစ်တွေကလို ပျော်ပွဲရွင်ပွဲတွေ ကျင်းပဖို့ မရှိဘူးလို့ မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်အောင်ကပြောပါတယ်။
“မကြာခင်က ဘုန်းကြီးကျောင်းက ကြေညာတာကတော့ ဒီနှစ်သင်္ကြန် လုံးဝမလုပ်ဘူးပေါ့နော်။ ပဌာန်းရွတ်တာလောက်ပဲ လုပ်မယ်ပြောတယ်”
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာတော့ မြန်မာတွေက သင်္ကြန်ပွဲကို စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ တိုကျိုသင်္ကြန်မှာ ၂၈ နှစ်ကြာ ပါဝင် ဆင်နွှဲခဲ့တဲ့ မင်္ဂလာဒိုး အဖွဲ့ခေါင်းဆောင် ကိုမျိုးသန့်က တော်လှန်ရေး ရန်ပုံငွေ ရရှိဖို့ သူတို့ ကျင်းပတာ ဖြစ်တယ်။ ပရိသတ်များများ လာရောက်အောင် ဖျော်ဖြေတင်ဆက်တာ ဖြစ်ပါတယ်လို့ RFA ကို ပြောပါတယ်။
“ဒီနှစ်သင်္ကြန်က ကျနော်တို့က ပျော်ပွဲရွှင်ပွဲ ပုံစံမျိုးတော့မဟုတ်ဘူးပေါ့လေ။ နွေဦးတော်လှန်ရေး ရန်ပုံငွေ ရှာတဲ့ပွဲပေါ့။ ဒီပွဲက ရသမျှကို လှူမှာပေါ့နော်။ သင်္ကြန် ဆိုတော့ဗျာ သံချပ်တွေတော့ ပါတာပေါ့။ ဒီနှစ်လည်း ထိထိမိမိ သံချပ်လေးတွေပေါ့။ မြန်မာပြည်ရဲ့လက်ရှိ ဓမ္မနဲ့ အဓမ္မ ... ဒါမျိုးတွေကို ကျနော်တို့ သံချပ်တွေမှာ ထိုးထားပါတယ်”
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာတော့ မြန်မာတချို့က အစဉ်အလာအတိုင်း သင်္ကြန်ပွဲကျင်းပဖို့ စီစဉ်နေတာကို ဒီမိုကရေစီ ပြန်လည်ရရှိရေး လှုပ်ရှားသူတွေ ဝိုင်းဝန်းကန့်ကွက်ကြတဲ့အတွက် ဖျက်သိမ်းလိုက်တယ်လို့ သိရှိရပါတယ်။