မြန်မာရိုးရာအတာသင်္ကြန် ကမ္ဘာ့အမွေအနှစ်ဝင်ဖို့ စစ်ကောင်စီကြိုးပမ်း

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024.11.14
မြန်မာရိုးရာအတာသင်္ကြန် ကမ္ဘာ့အမွေအနှစ်ဝင်ဖို့ စစ်ကောင်စီကြိုးပမ်း ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ စစ်ကောင်စီ ဦးဆောင်ကျင်းပနေတဲ့ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ထဲက သင်္ကြန်ပွဲတော်အား တွေ့ရစဉ်။
RFA

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဟာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုရဲ့ ပဏာမစာရင်းမှာ ပါဝင်လာပြီး ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပမဲ့ (၁၉) ကြိမ်မြောက်ညီလာခံမှာ အသိမှတ်ပြု၊ မပြု တရားဝင်ဆုံးဖြတ်ဖို့ရှိနေပါတယ်။

“နိုင်ငံနဲ့ ဆိုင်တဲ့ပွဲတော်တစ်ခုကို ယူနက်စကို အမွေအနှစ်စာရင်းဝင်တာကိုတော့ ကျွန်တော်တို့က လိုလားတယ်။ ကြိုလည်းကြိုဆိုတယ်။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ အခုလိုအချိန်မျိုးမှာ ယူနက်စကိုဝင်တယ်ဆိုရင်တောင် အုံးအုံးကြွပ်ကြွပ် တစ်နိုင်ငံလုံးဝမ်းသာရဖို့အတွက် ကျွန်တော်တို့ရင်ဘက်ထဲမှာ ဝမ်းသာရမဲ့ ခံစားချက်ရှိသေးရဲ့လား ကျွန်တော်တို့မသိဘူး”

စာရေးဆရာ ဦးထင်လင်းဦးရဲ့ အမြင်ကို ကြားခဲ့ရတာပါ။

မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုဖို့ စစ်ကောင်စီက ကုလသမဂ္ဂ ယူနက်စကို ၂၀၂၃ ခုနှစ်၊ မတ်လက တင်ပြခဲ့တာပါ။

ထိုင်းနိုင်ငံရဲ့ မဟာဆုန်ကရန်လို့ခေါ်တဲ့ သင်္ကြန်ပွဲတော်ကိုတော့ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ အတည်ပြုထားပြီးပါပြီ။ အဲ့ဒီနောက် ဆုန်ကရန်ကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်းအစိုးရက ဆက်ကြိုးပမ်းနေပါတယ်။

မြန်မာအတာသင်္ကြန်ဟာ နိုင်ငံအနှံ့ကျင်းပတဲ့ပွဲဖြစ်ပြီး ဆုန်ကရန်ထက် စည်ကားပေမဲ့ နိုင်ငံရေးအခြေအနေ ကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ နောက်ကျနေခဲ့ရတယ်လို့ မလေးရှားနိုင်ငံက အသက် ၃၀ အရွယ် ကိုမျိုးဝင်းက သူ့အမြင်ကို ပြောပါတယ်။

“ပြည်သူလူထုက မထောက်ခံတဲ့ စစ်ကောင်စီအသိုင်းအဝိုင်းက ဒါကြီးကို ယူနက်စကို စာရင်းသွင်းပြီးမှ ဖြစ်လာတဲ့ ရလဒ်အပေါ်တော့မလိုချင်ဘူး။ ထိုင်းမှာ သင်္ကြန်လို့ ပျော်ချင်ရင် ဆုန်ကရန် လုပ်တဲ့နေရာကို သွားမှ ရေစိုတာ။ ကျွန်တော်တို့ မြန်မာပြည်မှာ အိမ်ကနေ အပြင်ထွက်တာနဲ့ ရေစိုပြီးသား။ ကျွန်တော်တို့ ဆီမှာ သင်္ကြန်မိုးလို ရုပ်ရှင်ကားတွေ၊ ဗြိတိသျှအစိုးရအုပ်ချုပ်တုန်းက မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ အစရှိသဖြင့် သမိုင်းဆိုင်ရာ အချက်အလက်တွေရှိတယ်။ ကိုယ့်နိုင်ငံက နောက်ကျနေလို့ ဝမ်းနည်းပေမဲ့ ထိုင်းနဲ့ပတ်သက်လို့ရှိရင်တော့ ဘာမှဖြစ်စရာ မလိုဘူးလို့ထင်တယ်”

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ခံနေရတဲ့ မလှိုင်မြို့က မသော်က သင်္ကြန်ပွဲတော် ရှေးဟောင်းအမွေအနှစ်စာရင်းဝင်မယ်ဆိုရင်တောင် အာဏာသိမ်းကာလမှာ ပျော်ရွှင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“မြန်မာမူပိုင်ဖြစ်တဲ့အတွက် ရှေးဟောင်းအမွေအနှစ်စာရင်းကတော့ ဝင်သင့်တယ်ထင်တယ်။ မြန်မာပြည်က ခေတ်အဆက်ဆက်က မင်းတွေက ခိုးခဲ့၊ ရှိသမျှအကုန်လုံးကို ရောင်းစားဆိုတော့ ရှိသမျှ အမွေအနှစ်က သူများဆီကို ရောက်သွားတာဆိုတော့ ဒါလေးကျန်တော့ တော်သေးတာပေါ့။ ထူးထူးခြားခြားက ဘာများ ပြောင်းလဲသွားမလဲ။ ဒါလေးဝင်တော့ရော၊ သင်္ကြန်တောင်မှ မပျော်နိုင်တာ ကိုဗစ်ထဲက အခုထိ။ ဘယ်လောက်ရှိနေပြီလဲ။ ဝင်သွားတော့ရော ဘာထူးမလဲ”


ဆက်နွှယ်သောသတင်းများ

မြန်မာ့ရိုးရာသင်္ကြန်ကို ယူနက်စကိုအသိအမှတ်ပြုဖို့ တင်ပြထား

မြန်မာ့သင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ ပါဝင်လာ

ဆုန်ကရန်သင်္ကြန်ကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်း ကြိုးပမ်းနေ


ရန်ကုန်မြို့နေလူငယ်တစ်ဦးဖြစ်တဲ့ကိုမိုက်ကယ်ကတော့ ရှေးဟောင်းစာရင်းဝင်ဖို့ မျှော်လင့်မိတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ မြန်မာ့ရိုးရာ ရေသဘင်ပွဲတော်ဆိုတာ တစ်ဦးနဲ့ တစ်ဦး ရေဖလားလေးတွေကိုင်ပြီး သပြေခတ်နဲ့ ရေပတ်နေတဲ့ နံရံဆေးရေးပန်းချီကားတွေကို ပုဂံဘုရားတွေမှာ တွေ့ရှိခဲ့ကြတဲ့အတွက် သင်္ကြန်ဆိုတာ ၁၃ ရာစု ပုဂံခေတ်ထဲက ပေါ်ပေါက်နေပြီဆိုတာ ကမ္ဘာသိအောင်ချပြခွင့်ရမှာပဲ။ ဒီလို သက်သေအထောက်အထား ခိုင်မာမှုရှိတဲ့ ဒြပ်မဲ့မြန်မာ့ရိုးရာယဉ်ကျေးသင်္ကြန်ကို ယူနက်စကိုဝင်ဖို့ ကျွန်တော်အနေနဲ့ မျှော်လင့်မိပါတယ်”

နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောတယ်ဆိုတဲ့အယူအဆနဲ့ မြန်မာ တစ်ဦးနဲ့တစ်ဦး ရေလောင်းကြတဲ့ မြန်မာရိုးရာသင်္ကြန်ပွဲတော်ကို ပုံမှန်အားဖြင့် ဧပြီလ ၊ ၁၂ ရက် ၊ ၁၃ ရက်နေ့ ကနေ ၁၆ ရက်နေ့အထိ နိုင်ငံအနှံ့ ကျင်းပလေ့ရှိပါတယ်။

ဒါပေမဲ့ မြန်မာပြည်တွင်းမှာ ၂၀၂၀ ကိုဗစ်ကပ်ရောဂါနဲ့ နောက်ပိုင်း စစ်တပ်အာဏာသိမ်းလို့ သင်္ကြန်ပွဲတော်ကို ပြည်တွင်းမှာ စည်စည်ကားကား မကျင်းပနိုင်တာ ငါးနှစ် ရှိခဲ့ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။