မြဝတီက ကျားဖြန့်ဝန်ထမ်းတွေကို ကမ္ဘောဒီးယားနယ်စပ် ရွှေ့ပြောင်း

RFA Burmese
2024.06.17
မြဝတီက ကျားဖြန့်ဝန်ထမ်းတွေကို ကမ္ဘောဒီးယားနယ်စပ် ရွှေ့ပြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မြင်တွေ့ရသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မြင်ကွင်း။
Photo: RFA

ကရင်ပြည်နယ် မြဝတီမြို့ပေါ်က ထိုင်းနဲ့ တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းက ဝန်ထမ်းတွေကို အခု ဇွန်လထဲမှာ ကမ္ဘောဒီးယားနိုင်ငံနယ်စပ်ဘက်ကို အလုပ်ပြောင်းရွှေ့လုပ်ကိုင်ဖို့ ပို့ဆောင်နေပါတယ်။

အခု ဇွန်လအတွင်း မြဝတီမြို့ပေါ် ကရင်နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးကင်းစခန်းဝင်းတွေထဲက ကိုးသုံးလုံး ဂိတ်ဝင်း၊ သဲပုံဂိတ် ၊ ၁၀ ဂိတ် ၊ ၁၁ ဂိတ်၊ ၁၂ ဂိတ်၊ ၁၃ ဂိတ်တွေက ကျားဖြန့်ဝန်ထမ်းတွေ ထိုင်းနိုင်ငံကတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဘက်ကို ရွှေ့ပြောင်းနေတာလို့ ‌‌‌‌‌‌‌‌‌‌အလုပ်နေရာ ပြောင်းရာမှာ လိုက်ပါမသွားဘဲနေခဲ့သူ ကိုးသုံးလုံး ဂိတ်ဝင်းထဲက အမျိုးသမီးဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ် ။

"မြဝတီ ကာစီနိုကတစ်ဆိုက်လုံးကို ကမ္ဘောဒီးယားကို ပြောင်းခိုင်းတယ်ပေါ့လေ။ မပြောင်းချင်တဲ့သူတွေက ပြောင်းမသွားချင်ဘူးဆိုရင် ကိုယ့်အိမ်ကိုယ်ပြန်ပေါ့နော်။ အဲ့ဒီလို့လုပ်ရတယ်။ ကျွန်တော့်ရဲ့သူငယ်ချင်းက သူ့ ဘာသာသူ visaတွေ passport တွေလုပ်ပြီးတော့ ကမ္ဘောဒီးယားကိုပြောင်းသွားတယ်ပေါ့လေ။ ဒီကမ္ဘောဒီးယား ဘက်ကိုသွားတာ တစ်ဆိုက်လုံးကို ပြောင်းရတာပေါ့နော်အယောက် ခြောက်ဆယ်ကျော်ကို အယောက် ၆ဝ ကျော်ထဲမှာမှ မြန်မာက ၁ဝ ယောက်ပဲပါတယ်။ ကျန်တာက ထိုင်းနိုင်ငံသားတွေကြီးပဲ"

အခု ဇွန်လ ၁၂ ရက်နေ့မှာတော့ ကျားဖြန့်လုပ်ငန်းပြောင်းရွှေ့တဲ့ ကမ္ဘောဒီးယားနိုင်ငံနယ်စပ်ကို အလုပ်သမား အယောက်ခြောက်ဆယ် ရောက်ရှိသွားပြီး အပြင်ထွက်သွားလာခွင့် မရရှိသေးတာကြောင့် ဘယ်နေရာရောက်နေတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ လ ၁ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်အထိ ငါးလအတွင်း မြဝတီမြို့မှာရှိတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေက တရုတ်နိုင်ငံသားတွေ ထွက်ခွာသွားရမယ်လို့ မြဝတီမြို့ BGF စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီနောက်ပိုင်း မြဝတီမြို့နယ်တောင်ပိုင်းက ကျောက်ခက်၊ KKpark၊ AA park ၊ နဲ့ မြဝတီမြို့ သောင်ရင်းမြစ်ဘေးက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ ကြာအင်းဆိပ်ကြီးမြို့နယ်အပိုင် ဘုရားသုံးဆူ ထိုင်းမြန်မာ နယ်စပ်ဘက်ကို ပြောင်းရွှေ့ခဲ့ပြီး အခုနောက်ထပ် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဘက်ကို ရွှေ့ပြောင်းမှုတွေ ဆက်ရှိလာတာလို့ နောက်ထပ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"အခုက မြဝတီကာစီနိုတွေက ထိုင်းသူဌေးတွေ ပိုင်တာလေ။ သူတို့ရုံတွေက ထိုင်းအလုပ်သမားတွေကိုကျတော့ ကမ္ဘောဒီးယားနယ်စပ်နဲ့ ဗီယက်နမ်နယ်စပ်ဘက်ကို နေရာရွှေ့နေတာ။ လောလောဆယ်တော့ တရုတ်ပိုင်တဲ့ ရုံတွေကျတော့ ဘုရားသုံးဆူဘက်တို့ ကမ္ဘောဒီးယားနယ်စပ်ဘက်ကို ရွှေ့နေကြတာ။ မြဝတီနယ်ခံတွေ ကျွန်တော်တို့ ဗမာတွေကျတော့ အလုပ်ပြုတ်ပြီးတော့ကျန်ခဲ့ကြတယ်၊ ပါမသွားကြဘူး။ ပတ်စ်ပို့ရှိတဲ့ မြန်မာတွေကျတော့ တချို့ကလည်း သူတို့သူဌေးခေါ်လို့ ဆက်လိုက်သွားကြတယ်ပေါ့။ တချို့ကျတော့လည်း မပိတ်သေးတဲ့ရုံတွေမှာ ဟိုပြောင်းဒီပြောင်း ပြောင်းပြီးတော့ ပတ်ပြီးဝင်လုပ်နေကြတယ်"

အခုလို ကျားဖြန့်လုပ်ငန်းတွေ အလုပ်နေရာပြောင်းရွှေ့နေတာနဲ့ပတ်သက်ပြီး BGF တပ်ဖွဲ့က မြဝတီမြို့ လုံခြုံရေးနဲ့ စည်းကမ်းထိမ်းသိမ်းရေးတာဝန်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်ကို တယ်လီဖုန်းဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

လာမယ့် စက်တင်ဘာလမှာ မြဝတီမြို့အတွင်းက ငွေလိမ်ကျားဖြန့်လုပ်ငန်း လုပ်သူတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက စ‌စ်ဆေးတာတွေ လုပ်ဆောင်ပြီးရင် ကျားဖြန့်လုပ်ငန်းတွေ ပြန်လည်လုပ်ခွင့်ရမယ်လို့ သတင်းတွေ ထွက်ပေါ် နေပြီး၊ လုပ်ငန်းရပ်နားထားခံရသူ မြန်မာဝန်ထမ်းတွေကိုလည်း နေရပ်ပြန်ဖို့ ခွင့်ပြုထားတယ်လို့ ရွှေကုက္ကိုလ်မှာ ကျားဖြန့်အလုပ်လုပ်တဲ့ ဝန်ထမ်းတွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။