ကျားဖြန့်လုပ်ငန်းတွေနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာကို တော်လှန်ရေးအင်အားစုတွေ တောင်းဆို
2025.01.21

မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ပြတ် နှိမ်နင်းနိုင်မှာဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ရာမှာ ပါဝင်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောခွင့်ရ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ထုတ်ပြန်ချက်ထဲမှာလည်း အကုန်ပါပြီးသားပါ။ ကျွန်တော်တို့နဲ့ လက်တွဲပြီးတော့ လိုအပ်တဲ့ သတင်းဖလှယ်ရေး အစီအစဉ်တွေ အဲဒါတွေက သေသေချာချာ တည်ဆောက်ထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ အများကြီး လက်တွဲလုပ်ဆောင်လို့ရပါတယ်။ ကျွန်တော်တို့ ဒေသဆိုင်ရာမှာရှိတဲ့ သက်ဆိုင်သူအားလုံးနဲ့ အကုန်လုံးလက်တွဲလုပ်ဆောင်ဖို့လိုတယ်။ အဲဒီလိုလုပ်နိုင်မယ်ဆိုရင်တော့ ဒီကျားဖြန့်ဆိုတဲ့ ငွေလိမ်ဂိုဏ်းကိစ္စက တော်တော်လေးကို လျော့ကျသွားမယ်နော်။ နောက်ဆုံးနှစ်မှာတော့ ဒါတွေဟာ ပပျောက်သွားမယ်လို့ ကျွန်တော်တို့ပြောလို့ရတယ်နော်”
ဒီကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး (NMSP-AD)၊ စတဲ့ အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်တာပါ။
"ဒါကို နှိမ်နင်းဖို့၊ ပိုပြီးတော့ ပပျောက်သွားဖို့ဆိုရင် အရေးယူဆောင်ရွက်မှုက အရေးကြီးပါတယ်။ သာမန်သတင်းထုတ်ပြန်ရုံလောက်နဲ့တော့ လုံလောက်မယ် မထင်ဘူး”
စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် အာရုံစိုက်နေရတာကြောင့် ကျားဖြန့်ဂိုဏ်းတွေကိစ္စ ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘူးလို့လည်း တော်လှန်ရေးအင်အားစုဘက်က ပြောပါတယ်။
စစ်ကောင်စီကတော့ သူတို့အုပ်ချုပ်ရေးလက်လှမ်းမမီတဲ့ ဒေသတွေမှာ ကျားဖြန့်လုပ်ငန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပါ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထိထိရောက်ရောက် နှိမ်နင်းနိုင်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
အွန်လိုင်းလိမ်လည်မှု နှိမ်နင်းဖို့ အာဆီယံကို တရုတ်တိုက်တွန်း
ကျားဖြန့်ကြောင့် နယ်စပ်မှာ ထိုင်းအာဏာပိုင်တွေ လုံခြုံရေးတင်းကျပ်
လူကုန်ကူးမှုတွေကို ဖြိုခွင်းဖို့ လုပ်ဆောင်နေကြောင်း BGF ပြောကြား
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ လက်ရှိအချိန်ဟာ သတင်းထုတ်ပြန်ရုံနဲ့ မလုံလောက်တော့ဘူးလို့ သုံးသပ်ပါတယ်။
“ဒီအချိန်မှာတော့ အရေးယူဆောင်ရွက်မှုရှိသင့်ပြီလို့ပဲထင်တယ်။ စွပ်စွဲတယ်ဆိုတာကတော့ ဘယ်လိုပဲပြောပြော နိုင်ငံရေးအရ ဖြစ်နိုင်ခြေရှိတဲ့ဟာတွေကိုတော့ ထုတ်ပြောကြတဲ့ထုံးစံပဲ။ ဒါသည် ပြသာနာမရှိဘူး။ ဒါပေမဲ့ အရေးယူဆောင်ရွက်မှု ဘယ်လောက်အထိလုပ်နိုင်မလဲ အဲဒီသွားတဲ့ အရေးယူဆောင်ရွက်မှု အစီအစဉ်ကနေ ပြီးတော့ ကျွန်တော်တို့ နောက်ထပ် ဘယ်ခြေလှမ်းထပ်တိုးနိုင်မလဲ။ အထူးသဖြင့်တော့ ဒါကို နှိမ်နင်းဖို့၊ ပိုပြီးတော့ ပပျောက်သွားဖို့ဆိုရင် အရေးယူဆောင်ရွက်မှုက အရေးကြီးပါတယ်။ သာမန်သတင်းထုတ်ပြန်ရုံလောက်နဲ့တော့ လုံလောက်မယ် မထင်ဘူး”
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လက်နက်ခဲယမ်းတွေကို တဖက်နိုင်ငံကို အခြေခံပြီး ရယူသုံးစွဲနေတယ်လို့ ထိုင်းနိုင်ငံကို အမည်မဖော်ဘဲ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ထည်သွင်းပြောဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီ-ရွှေကုက္ကိုနဲ့ KK Park နယ်မြေတွေမှာ တရားမဝင် အွန်လိုင်းလောင်းကစားတွေနဲ့ ဒုစရိုက်မှုတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေကုက္ကိုမြို့သစ်က လုပ်ငန်းရှင်တစ်ဦးကတော့ ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းရာဇဝတ်မှုတွေကို နှိမ်နင်းရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကလို ဖြစ်မလာနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
“ရွှေကုက္ကိုမှာတော့ သူ့ဟာနဲ့သူ သူ့လုပ်ငန်းတွေနဲ့သူလုပ်နေတာပဲ။ အဲလိုပေါ့ ပူးပေါင်းပြီးလုပ်ကြမယ်လို့တော့ ထင်တာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက နိုင်ငံတကာက ဒီဟာ ကိုမရှိစေချင်တယ်ဆိုတော့ ဒါကို မရှိအောင်တော့ ကြိုးစားရမယ်ပဲ အားလုံးတော့။ ဟို ရှမ်းမြောက်ဘက်မှာလိုတော့ ပျက်လို့ပျက်စီးဖြစ်အောင် လုပ်ကြမယ်လို့တော့ မထင်ပါဘူး”
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းရာမှာ တရုတ်အစိုးရက စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကိုးကန့်ခေါင်းဆောင်တချို့နဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) က ထိပ်တန်းအရာရှိတွေပါ ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်း၀ရမ်းထုတ်ခဲ့သလို ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်-မြန်မာနယ်စပ် ကနေ လွှဲပြောင်းလက်ခံခဲ့တာပါ။
ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်ကတော့ BGF စိုးမိုးနယ်မြေတွေမှာ လူကုန်ကူးမှုတွေ ကျူးလွန်ရင် လုပ်ငန်းပိတ်သိမ်းတဲ့အထိ အရေးယူဖို့ စီစဉ်နေတယ်လို့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ RFA ကို ဖြေဆိုထားပါတယ်။
မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ အွန်လိုင်းရာဇဝတ်မှုတွေပပျောက်ဖို့ အတွက် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့ အရေးကြီးဆုံးဖြစ်တယ်လို့ ပြောပါတယ်။
“အထူးသဖြင့် အကျင့်ပျက်ခြစားမှုကလည်း အရေးကြီးတာပေါ့။ အကျင့်ပျက်ခြစားမှုလို့ ပြောလိုက်ရင်လည်း ကျွန်တော်တို့က ကိုယ့်ဆွေကိုယ်မျိုးဆို မဖမ်းဘူး၊ မဆီးဘူး အရေးမယူဘူးဆိုတဲ့ဟာမျိုး စဉ်းစားမှုက စစ်တပ်မှာမှ ရှိနေတာမဟုတ်ဘူး။ ဒီဘက်က တော်လှန်ရေးခေါင်းစဉ်အောက်မှာရှိနေတဲ့ အစုအဖွဲ့တွေမှာလည်းရှိနေတယ်ဆို တဲ့ဟာက ကျွန်တော်တို့ သက်သေသာဓကတွေလည်း အများကြီးပေါ့နော်။ ဆိုတော့ အဲလိုမျိုးဟာမျိုးတွေကို သေချာစေမဲ့ အဂတိကင်းမဲ့ပုံစံမျိုးနဲ့ သေချာ ပြည်သူလူထုကို အကာအကွယ်ပေးမလဲ။ စနစ်၊ မူဝါဒပြီးရင် ကျွန်တော်တို့ အုပ်ချုပ်မှုပုံစံ အကောင်အထည်ဖော်ဖို့လိုမယ်လို့တော့မြင်တယ်”
အခု သီတင်းပတ်အတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ အာဆီယံနိုင်ငံတွေကို ထပ်မံ တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ အာဆီယံ ဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးမှာ အွန်လိုင်းငွေလိမ် ဂိုဏ်းတွေကိုနှိမ်နင်းရာမှာ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီက ကတိပြုခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက်နေ့က ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီအစည်းအဝေးပွဲကို စစ်ကောင်စီ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့တာပါ။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ သူတို့ဟာ နိုင်ငံတွင်းက ကျယ်ပြန့်တဲ့ နယ်မြေအသီးသီးကို ထိန်းချုပ်ထားနိုင်ပြီး အာဆီယံဒေသတွင်းနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကတစ်ဆင့် နိုင်ငံတကာနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ပြောထားပါတယ်။