မြန်မာ့အရေး ပြည်ပက အင်အားသုံး ကြားဝင်ဖြေရှင်းမယ့် အလားအလာ

နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2021.04.06

ဘင်္ဂလားပင်လယ်အော်မှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ မြန်မာရေတပ်တို့ အပြိုင်အဆိုင် စစ်ရေးလေ့ကျင့်မှုတွေ ဒီတပတ်ထဲမှာ စတင်ခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ မြန်မာ့အရေးကို နိုင်ငံတကာက အင်အားသုံးဖြေရှင်းမှာကို လက်မခံတဲ့သတိပေးသံတွေ တရုတ်နဲ့ ရုရှားဆီက ထွက်လာတာကြောင့် မြန်မာနိုင်ငံထဲကို နိုင်ငံတကာတပ်တွေ ဝင်လာတော့မလားဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေ ရှိလာပါတယ်။

အင်ဒို-ပစိဖိတ်နေတိုးလို့ တင်စားခေါ်တဲ့ QUAD က ဘင်္ဂလားပင်လယ်အော်မှာ ၃ ရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပါတယ်။

QUAD အဖွဲ့ဝင် လေးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပြင်သစ်ရေတပ်သင်္ဘောနှစ်စင်းကလည်း လာရောက်ပူးပေါင်းခဲ့တာပါ။

ဧပြီ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ စစ်ရေးလေ့ကျင့်မှုအတွင်း ဝေဟင်၊ ရေပြင်နဲ့ ရေအောက်စမ်းသပ် ပစ်ခတ်မှုတွေ ပါဝင်မှာလည်း ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ - မြန်မာရေတပ်ကလည်း ဒီဘင်္ဂလားပင်လယ်အော်မှာ တနင်္ဂနွေက ရုတ်တရက် စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်ကတော့ - ထူးခြားမှုလို့ သုံးသပ်ပါတယ်။

“တဖက်ကကြည့်ရင် တိုက်ဆိုင်မှုလို့ ပြောနိုင်တာပေါ့ဗျာ။ ဒါပေမဲ့ တဘက်ကကြည့်လို့ရှိရင်လည်း ဒါက ဘာဖြစ် လို့ ဒီလောက်တောင် တိုက်ဆိုင်မှုက များနေရသလဲဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိတာပေါ့နော်။ တိတိကျကျ ပြောဖို့တော့ အရမ်းခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ တွေက အမြဲတမ်းပဲ ဒါ သူတို့လုပ်ရှိရင် သူတို့ဟာသူတို့ လုပ်သွားလေ့သွားထရှိတယ်။ အပြင်ကို သတင်းက မပေါက် ကြားဘူးဆိုတာမျိုးတွေ ကျနော်တို့ တွေ့ရတာပေ့ါ။ ဒါပေမဲ့ ဒီလိုလာပြီးလုပ်တာကတော့ ထူးခြားဖြစ်စဉ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။”

အခုလို ဘင်္ဂလားပင်လယ်အော်မှာ အပြိုင်အဆိုင် စစ်ရေးလေ့ကျင့်မှုတွေက စစ်ရေးအားပြိုင်မှုတခုလားလို့ သုံး သပ်နေကြချိန်မှာ တရုတ်နိုင်ငံကနေ မြန်မာ့အရေးကို ပြည်ပကတပ်တွေ ဝင်စွက်နိုင်ချေရှိတယ်ဆိုပြီး အာဆီယံ ဒေသတွင်းနိုင်ငံတွေကို တရားဝင် ဒီကနေ့ပဲ သတိပေးလိုက်တာပါ။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ရှောင်ကြဉ်ရမယ့်အချက် ၃ ချက်ကိုလည်း သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

“ပထမတချက်က - ကျနော်တို့အနေနဲ့ အရပ်သားသေဆုံးမှုတွေနဲ့ သွေးထွက်သံယိုပဋိပက္ခ ဆက်မဖြစ်အောင် ရှောင်ပြီး၊ ပိုဆိုးလာနေတဲ့ အခြေအနေတွေကနေ ထိန်းမနိုင်သိမ်းမရအဆင့် မရောက်အောင်လို့ တားဆီးရပါ မယ်။ ဒုတိယတချက်က - မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေပြီး နောက်ထပ် ပြဿနာတွေ ရှုတ်ထွေးစေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မလျော်မကန် ကြားဝင်စွက်မှုတွေကိုလည်း ကျနော်တို့အနေ နဲ့ ရှောင်ရှားရပါမယ်။ တတိယအချက်က - မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာကို ကိုယ်ကျိုးအတွက် ပြင်ပက အင်အားစုတချို့ကနေ မီးလောင်ရာလေပင့်လုပ်နေတာတွေကိုလည်း ကျနော်တို့ လုံးဝကို ရှောင်ရှားရပါမယ်။”

တရုတ်နိုင်ငံဟာ မြန်မာ့အရေးကို ပြည်တွင်းရေးလို့ ပြောဆိုလေ့ရှိပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ စစ်ကောင်စီကို အရေးယူနိုင်ဖို့ အနောက်နိုင်ငံတွေက ကြိုးပမ်းတိုင်းမှာလည်း ကန့်ကွက်လေ့ရှိသလို၊ မြန်မာ့ အရေးကို အာဆီယံအနေနဲ့သာ ဖြေရှင်းဖို့ အားပေးလေ့ရှိတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာနဲ့အနီး တရုတ်နယ်စပ်မှာ တရုတ်အစိုးရက တပ်တွေကို ဖြန့်ချခဲ့တာရှိပါတယ်။ ဒီအခြေအနေအပါအဝင် တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတိပေးချက်ကြောင့် မြန်မာနိုင်ငံပြဿနာဟာ ဒေသ တွင်းပြဿနာအဆင့်ကို ရောက်လာနေပြီလို့ သုံးသပ်ပြောဆိုတာတွေ ရှိလာပါတယ်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ ဒါ သူ့အနေနဲ့ စိုးရိမ်တဲ့အကြောင်းပြောတာ။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံ တွေအနေနဲ့လည်း ဒါကို အလေးအနက်ထား စဉ်းစားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသတွင်းမတည်ငြိမ်မှုတွေ အခုတောင် စဖြစ်နေပြီ။ ဒါကို ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်း လုပ်သွားနိုင်ရင်တော့ သွေးထွက်သံယို အနည်းဆုံးဖြစ်မှာပေါ့။”

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာပြုလုပ်တဲ့ အရေးပေါ်အစည်းအဝေးမှာ လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener က - ဆန္ဒပြပြည်သူတွေ အပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေမဲ့ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပြည်တွင်းစစ်နဲ့ သွေးချောင်းစီးတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဒီပြဿနာကို အချိန်မီ မဟန့်တားနိုင်ဘူးဆိုရင်တော့ ရေရှည်ကျရင် ကမ္ဘာကြီးကိုပါ ထိခိုက်လာနိုင်ပြီး၊ အထူး သဖြင့် အိမ်နီးချင်းနဲ့ ဒေသတွင်းကို ရိုက်ခတ်လာနိုင်ကြောင်းလည်း သူက ပြောဆိုခဲ့တာပါ။

RFA က သီးခြားပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အခုဆို ရင် သေဆုံးသူ ၅၈ဝ ကျော်ရှိသွားပါပြီ။ ဒီအခြေအနေကို ဟန့်တားနိုင်ဖို့အတွက် R2P အစီအစဉ်နဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ်တွေ အပါအဝင် နိုင်ငံတကာဆီက စစ်ရေးအကူအညီတွေကို မြန်မာပြည်သူတွေ မျှော်လင့် နေကြတာဖြစ်ပါတယ်။

ဒီအချိန်မှာပဲ QUAD လို့ခေါ်တဲ့ အင်ဒို-ပစိဖိတ်နေတိုးအဖွဲ့ရဲ့ ဘင်္ဂလားပင်လယ်အော်မှာ စစ်ရေးလေ့ကျင့်မှုက နိုင်ငံတကာတပ်တွေ ဝင်လာတော့မလားဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိလာပါတယ်။

မြန်မာစစ်တပ်ကို အဓိက လက်နက်ရောင်းချနေတဲ့ ရုရှားနိုင်ငံကတော့ - မြန်မာစစ်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာက ဒဏ်ခတ်အရေးယူရင် ပြည်တွင်းစစ်မီး အရှိန်ကြီးလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ဒါပေမဲ့ တကယ်သာ မြန်မာနိုင်ငံထဲကို နိုင်ငံတကာတပ်ဖွဲ့တွေ ဝင်လာမယ်ဆိုရင် CRPH က ကြိုဆိုတယ်လို့ ဦးထင်လင်းအောင် က ပြောပါတယ်။

“ကြိုဆိုရမှာပေါ့ဗျာ။ ကျနော်တို့အနေနဲ့က R2P ကိုတောင် တောင်းထားပြီးပြီလေ။ ဆိုတော့ ဒါက လူထုကို သတ်ဖြတ်နေတာတွေကို ကျနော်တို့အနေနဲ့ လုံးဝ မမြင်ချင်ဘူး။ မတွေ့ချင်ဘူး။ လူထုကို ကာကွယ်ရမယ်ဆို တော့ နိုင်ငံတကာတပ်တွေကို ကျနော်တို့က လုံးဝကို ကြိုဆိုသွားမှာဖြစ်တယ်။”

တဖြေးဖြေးဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံပြဿနာကို အရေးပေါ် ဆွေးနွေးဖို့အတွက် အာဆီယံခေါင်းဆောင်တွေဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ တွေ့ဆုံဖို့ရှိတယ်လို့ တနင်္လာနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရက်ကိုတော့ အတိအကျ ပြောမထားပါဘူး။

အခုဆိုရင် ကရင်ပြည်နယ်တွင်းမှာ မတ်လ ၂၇ ရက်နေ့ကစလို့ အာဏာသိမ်းစစ်ကောင်စီကနေ လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ရွာသားတွေဟာ ထိုင်းနိုင်ငံ နယ်စပ်ကို ထွက်ပြေးနေကြရတာပါ။

ဒီအခြေအနေတွေကိုကြည့်ရင် အာဆီယံနိုင်ငံတွေကြားမှာ ပြည်တွင်းရေးဝင်မစွက်ရဆိုတဲ့မူရှိထားပေမဲ့ - မြန်မာနိုင်ငံပြဿနာဟာ ဒေသတွင်းအထိပါ တဖြေးဖြေး ရိုက်ခတ်လာနေတယ်ဆိုတာကတော့ သေချာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။