ထိုင်းရောက် MOU အလုပ်သမားတွေ စာချုပ်မှာပါတဲ့အတိုင်း အလုပ်မရ

ခင်ခင်အိ
2023.10.15
ထိုင်းရောက် MOU အလုပ်သမားတွေ စာချုပ်မှာပါတဲ့အတိုင်း အလုပ်မရ ၂ဝ၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က MOU စနစ်ဖြင့် ထိုင်းနိုင်ငံထဲသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သော မြန်မာအလုပ်သမားများ။
Citizen Journalist

နိုင်ငံတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတာ၊ စီးပွားရေးအဆင်မပြေတာတွေကြောင့် မြန်မာနိုင်ငံသားတွေ တိုင်းတစ်ပါးထွက် အလုပ်လုပ်ကိုင်ကြပါတယ်။ သူတို့တွေအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံက အလုပ်အကိုင်အခွင့်အလမ်းရဖို့ ထွက်ပေါက်တစ်ခု ဖြစ်နေတာကြောင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီနဲ့ ဆက်သွယ်ပြီး ရရာနည်းလမ်းနဲ့ ပြည်တွင်းကနေ ထွက်ခွာလာခဲ့ကြရပါတယ်။

သူတစ်ပါးတိုင်းပြည်မှာ အခက်အခဲတွေ ကြုံရနိုင်တယ်ဆိုတာ သိပေမဲ့ မိသားစုဘဝရှေ့ရေးအတွက် သူတို့ စွန့်စွားခဲ့ကြတာပါ။ အဲဒီထဲမှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က မဇင်မာတို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။

သူတို့ဇနီးမောင်နှံဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီချက် MOU စာချုပ်နဲ့ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံကို ၂၀၁၆ ခုနှစ်မှာ ထွက်လာခဲ့တာပါ။ MOU နဲ့ အလုပ်လုပ်မယ်ဆိုရင် ဗီဇာ နှစ်နှစ် တရားဝင်အလုပ်လုပ်ကိုင်ခွင့် နှစ်နှစ် နဲ့ ထိုင်းနိုင်ငံက စက်ရုံတွေမှာ အလုပ်လုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ မြန်မာပြည်မှာ စာချုပ်ချုပ်ခဲ့သလို အလုပ်မရခဲ့ဘဲ ခက်ခဲပင်ပန်းတဲ့ အလုပ်တွေလုပ်ကိုင်ရင်း ဘဝကို ဖြတ်သန်းခဲ့ရတာပါ။

တရားဝင်အလုပ်လုပ်ကိုင်ခွင့်နဲ့ လာခဲ့ပေမဲ့ တရားဝင်အလုပ်မရခဲ့ဘဲ အလုပ်ခဏခဏပြောင်းခဲ့ရတာတွေ အကြောင်းပြချက်မရှိဘဲ အလုပ်ရှင်က အလုပ်ဖြုတ်တာတွေကိုလည်း သူတို့ကြုံရပါတယ်။

သားသမီးတွေရဲ့ပညာရေးအတွက်နဲ့ အသက်အရွယ်ရလာပြီဖြစ်တဲ့ နှစ်ဖက်မိဘတွေကို ထောက်ပံ့ချင်တာကြောင့် ငွေကြေးချေးငှားပြီး ထွက်လာခဲ့တဲ့ သူတို့ နှစ်ဦး တော်တော်နဲ့ မြန်မာပြည်ကို ငွေပြန်မပို့နိုင်ခဲ့ပါဘူး။ မြန်မာပြည်မှာ စာချုပ်လာခဲ့တဲ့ MOU နှစ်နှစ်သက်တမ်း ကုန်ပြီးနောက်မှ ထိုင်းမှာ အလုပ်လုပ်ခွင့်လျှောက်ထားပြီး တရားဝင်အလုပ်သမားအဖြစ် အသိအမှတ်ပြုခံရပြီးမှသာ ငွေလေး စပြီး စုဆောင်းနိုင်ခဲ့တာလို့ ခင်ပွန်းဖြစ်သူ ကိုဌေးကိုက ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ ထိုင်းနို်င်ငံမှာ အလုပ်ရှင်ရဲ့ ဖိနှိပ်တာတွေအပြင် ထိုင်းနိုင်ငံသား အလုပ်ကြပ်တွေ ထိုင်းရဲတွေရဲ့ မတရားပြုမူတာတွေ ကိုလည်း ကြုံရပါတယ်။ အလုပ်သမားတွေအနေနဲ့ အောက်ခြေသိမ်းအလုပ်တွေ လုပ်ရသလို သူတို့ဝင်ငွေတွေကလည်း နေထိုင်လုပ်ကိုင်ခွင့် စာရွက်စာတမ်းတွေကိစ္စနဲ့ လုံးခြာလည်နေရတယ်လို့ ကိုဌေးကို က ပြောပါတယ်။

myanmar04.jpeg
၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့က ကိုဗစ်ကပ်ရောဂါကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှိ မရှိ စစ်ဆေးရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆေးခန်းတစ်ခုတွင် စောင့်ဆိုင်းနေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ (Photo: AFP)

ဘယ်လိုပဲဖြစ်ဖြစ် မိသားစုအရေးအတွက် သူတစ်ပါးတိုင်းပြည်မှာ ဒုက္ခအားလုံးကို သည်းခံပြီး သူတို့ ပင်ပန်းဆင်းရဲခံ နေထိုင်အလုပ်လုပ်ကိုင်နေကြပေမဲ့ အမိမြန်မာပြည်ကို ပြန်နိုင်ခွင့်ကတော့ အားလုံးက မျှော်လင့်နေကြတာပါ။ မဇင်မာတို့ ဇနီးမောင်နှံကလည်း ပိုက်ဆံလေးစုပြီးရင် မြန်မာပြည်ပြန် စီးပွားရေးလေးလုပ်မယ်လို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်မှာ တစ်နေ့တခြားပိုပြီး ကျပ်တည်းလာတဲ့အခြေအနေတွေကြောင့် သူတို့အိမ်ပြန်နိုင်ခွင့်က ဝေးနေဆဲပါ။

“ရွာမှာနေရင် အခုလိုအချိန်ကျရင် အလုပ်မရှိ အကိုင်မရှိဆို အဆင်မပြေဘူးပေါ့ ဒီမှာဆိုတော့ မိသားတစ်စုလုံး အဆင်ပြေတာပေါ့ အများကြီး မပို့နိုင်ရင်တောင် စားဖို့သောက်ဖို့တော့ ရတာပေါ့” လို့ မဇင်မာက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။