အာဏာသိမ်းတစ်နှစ်ခွဲအတွင်း ကလေးသူငယ် ၃၀၀ ကျော် ဖမ်းဆီးခံထားရ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းဇယားတွေအရ အာဏာသိမ်း တစ်နှစ်ခွဲကျော် ကာလအတွင်းမှာ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အရွယ် ကလေးသူငယ် ၃၈၀ ဦး ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၇၂ ဦးပြန်လွတ်လာ ပေမယ့် ကျန်ကလေးသူငယ် ၃၀၂ ဦးကတော့ ဒီနေ့အချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရ ဆဲ ဖြစ်ပါတယ်။
အဖမ်းခံထားရသူတွေထဲက စစ်ကိုင်းတိုင်း ကလေးမြို့က အသက် ၁၆ နှစ်အရွယ် မောင် ကျော်မင်းခန့်မောင်ဟာ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ကလေးမြို့နယ်တရားရုံးကနေ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရသလို လက်ရှိမှာလည်း သေဒဏ်ထိ ချမှတ်နိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ - ၃၉၆ နဲ့ ဆက်လက်တရားရင်ဆိုင်နေရပါတယ်။
"ကလေးတွေကို ရိုက်နှက်တယ်၊ ဖမ်းဆီးတယ်၊ စစ်ကြောရေးပို့တယ်ဆိုတာ တကယ့်ကို လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်"
ကိုးတန်းကျောင်းသားတစ်ဦးဖြစ်တဲ့ မောင်ကျော်မင်းခန့်မောင်ဟာ မိသားစုဝင်တွေနဲ့ တွေ့ ခွင့်မရသလို အရေးယူထားတဲ့ ပြစ်ဒဏ်တွေကလည်း အရွယ်နဲ့မမျှအောင် ခံစားနေရတယ် လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သူ့အသက်ကလည်း ငယ်တယ်။ ကိုးတန်းကျောင်းသားပဲ ရှိသေးတာလေ။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ကျောင်းပြန်မတက်ဖြစ်တာ အဲဒါပဲရှိတယ်။ ကျောင်းနဲ့ ကင်းကွာတာ လည်း တစ်နှစ်လောက်ပဲရှိသေးတာကိုး။ သူ့အရွယ်လေးတွေနဲ့ စကိတ်စီးတာတို့ ဟို ဘက်ဆော့၊ ဒီဘက်တော့ အဲဒီလိုမျိုးတွေပဲ အဆော့မက်တဲ့ ကလေးအရွယ်ပဲရှိသေးတာ ကိုး။ ဥပဒေနဲ့ ပတ်သက်လို့ ကျနော်တို့ဘက်က အကျိုးခံစားခွင့် ဘာမှမရှိတာ။ ဘာမှ လုပ်လို့မရဘူးဆိုတော့ ဝမ်းနည်းယုံကလွဲလို့ ဘာမှလည်း မရှိတော့ဘူးလေ။ သူ့အသက် အရွယ်နဲ့ လက်ရှိ ခံစားရတာနဲ့ မမျှတဘူးပေါ့ဗျာ”
သူဟာ ၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ကတည်းက လက်လုပ်ဗုံးမိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတာဖြစ်ပြီး ကလေးအရွယ်ဖြစ်သေးတာကြောင့် အမြန်ဆုံးလွတ်မြောက် စေချင်တယ်လို့ သူက ဆိုပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ နေပြည်တော်က အသက် ၁၆ နှစ် အရွယ် ကိုးတန်း ကျောင်းသားလည်းဖြစ် ဇမ္ဗူသီရိမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မောင်ထွန်းအောင်ကျော်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာ ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဘယ်ပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခံရတယ်ဆိုတာ ကိုတော့ မသိရသေးပါဘူး။
အခုလို စစ်ကောင်စီက အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ကိုင်တွယ်ဆောင် ရွက်ပုံက ဆိုးရွားရက်စက်လွန်းတယ်လို့ ကိုထွန်းအောင်ကျော်ရဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။
“သူက နေပြည်တော် ဇမ္ဗူ အခြေခံပညာကျောင်းသားများသမဂ္ဂက။ အဲဒီတုန်းကတော့ ကျနော်တို့တွေက သပိတ်စစ်ကြောင်းတွေ ပူးတွဲထွက်ခဲ့တာတွေလည်း ရှိတယ်ပေါ့။ ၁၀ လပိုင်း၊ ၁၁ ပိုင်း အဲဒီဝန်းကျင်လောက်မှာ ဧည့်စာရင်းစစ်ပါမယ်ဆိုပြီးတော့ သူ့ကို နာမည်အတိအကျနဲ့ ဝင်ဖမ်းသွားတာပဲ။ ကလေးတွေက ငယ်ကြသေးတယ်။ သူတို့ရဲ့ ရပ်တည်ချက် ယုံကြည်ချက်အရတော့ သူတို့အလုပ်လုပ်ကြတယ်ပေါ့။ အာဏာသိမ်း စစ်အုပ်စု အနေနဲ့ သူတို့ ကိုင်တွယ်တာတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပေါ်မှာ ဒါ ပွင့်ပွင့်လင်းလင်းပြောရရင် လူမဆန်ဘူးပေါ့ဗျာ။ မျိုးဆက်လူငယ်တွေ ဒီလိုချို့ယွင်းချက်တွေဖြစ်တာ နိုင်ငံအတွက် ယုတ်လျော့မှုပဲလေ”
မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေဖြစ်တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမှာတော့ ကလေးသူငယ်ဆိုတာကို ၁၈ နှစ်အောက်လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။
ကလေးသူငယ်တွေကို လက်ထိပ်ခတ်ပြီး ဖမ်းလို့မရတာ၊ အချုပ်လို ထောင်လိုနေရာမျိုး တွေမှာ ဖမ်းဆီးထိန်းသိမ်းထားလို့ မရတာ၊ ရုပ်ပိုင်းနဲ့ စိပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက် ခွင့်မရှိတာ၊ ကလေးသူငယ်တရားရုံးတွေမှာပဲ စစ်ဆေးရမှာ စတဲ့အချက်တွေကို ပြဌာန်း ထားပါတယ်။
ဒါပေမဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေဟာ အကျဉ်းထောင်၊ အချုပ်ထောင်ထဲ မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတာ၊ စစ်ကြောရေးလိုနေရာမျိုးမှာ ညှင်းပန်းနှိပ်စက်ခံရတာ၊ စစ်ခုံရုံးလို နေရာမျိုးတွေမှာ ရုံးတင်စစ်ဆေး ခံနေရတာမျိုးတွေရှိနေတယ်လို့ ကလေး သူငယ်အမှုတွေကို လိုက်ပါဆောင်ရွက်နေကြတဲ့ ရှေ့နေတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ ကလေးသူငယ်ဆိုင်ရာနဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌန်းချက်တွေ၊ ကလေးသူငယ်အခွင့်ရေးရပိုင်ခွင့်တွေကို သိလျက်နဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။
“အဖက်ဖက်က ကြည့်လိုက်တော့ ဒီဘက်မှာ ပြဌာန်းထားတဲ့ ဥပဒေပြဌာန်းချက်တွေနဲ့ လက်တွေ့ဖြစ်ရပ်တွေနဲ့က လုံးဝကို ဘာမှမဆိုင်ဘဲနဲ့ ဆန့်ကျင်ကွဲလွဲနေတော့ ဒါသည် တည်ဆဲဥပဒေတွေကို မသိတာတော့မဟုတ်ဘူး သိတယ်။ သိပါလျက်နဲ့ ဆန့်ကျင်ချိုး ဖောက်ပြီးတော့ ဆောင်ရွက်နေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါမျိုးတွေကို တည့် မတ်မထိန်းကျောင်း ပေးနိုင်ဘူးဆိုတဲ့အတွက် အဆင့်ဆင့်သော တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်ဆောင်ရွက်ရမယ့် အဖွဲ့အစည်းအားလုံးရဲ့ အကြီးအကဲတွေမှာလည်းပဲ ဒါနဲ့ ပတ်သက်လို့ တာဝန်ရှိတယ် အပြစ်ရှိတယ်လို့မြင်တယ်”
စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက် တာသက်သက်ခိုင်ကတော့ လူငယ်သင်တန်းကျောင်းတွေမှာ ထိန်းသိမ်းထားတဲ့ ကလေး သူငယ် ၃၂၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး မိဘအုပ်ထိန်းသူတွေထံ ပြန်လည်အပ်နှံ ခဲ့တယ်လို့ သြဂုတ်လ ၂၂ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ပြောဆိုထားပါတယ်။
လွှတ်ပေးတဲ့ ကလေးသူငယ်တွေထဲမှာ အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ပြစ်ဒဏ်ကနေတဲ့ ကလေးတွေ ပါဝင်တာ ရှိ၊ မရှိနဲ့ အကျဉ်းထောင်တွေ၊ အချုပ်တွေထဲမှာ ဖမ်းဆီးခံနေရဆဲ ကလေးတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ သိနိုင်ဖို့ စစ်ကောင်စီရဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကို ဆက်သွယ်မေးမြန်းပေမယ့် အကြောင်းမပြန်ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီး နော်စူစန်နာ လှလှစိုးကတော့ ကလေးသူငယ်တွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ နိုင်ငံတကာကလည်း စစ်ကောင်စီရဲ့ လူငယ်သူငယ်အခွင့်အရေးချိုးဖောက်မှုတွေကို ကျယ်ကျယ်လောင်လောင် အသံထွက်ပေးစေချင်ကြောင်း RFA ကို ပြောပါတယ်။
“လွှတ်ပေးသင့်လားဆိုတော့ အစကတည်းက ဖမ်းကိုမဖမ်းသင့်တာလေ။ ကလေးတွေက ဘယ်လိုနည်းနဲ့မဆို ဘာနည်းနဲ့မဆို ဖမ်းဆီးလို့မရဘူး။ အကျဉ်းချလို့ မရဘူး။ အခုက တော့ လူ့အခွင့်အရေးချိုးဖောက်တယ်။ ကလေးတွေကို ရိုက်နှက်တယ်၊ ဖမ်းဆီးတယ်၊ စစ်ကြောရေးပို့တယ်ဆိုတာ တကယ့်ကို လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီကလေးတွေ ကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ နိုင်ငံတကာကလည်းပဲ ဆက်လက် ပြီးတော့ ဒီလိုကလေးတွေ ဖမ်းဆီးတဲ့ဟာကို ထိထိရောက်ရောက် အသံထွက်ပေးစေချင် တယ်”
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာရဲ့ မကြာသေးခင် က မြန်မာနိုင်ငံခရီးစဉ်အတွင်း ဩဂုတ်လ ၁၇ ရက်နေ့က စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာ အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကလေးသူငယ်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အရေးယူ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကလေးငယ် တွေထဲမှာ အသက် ၁၆ နှစ်၊ ၁၇ နှစ် အရွယ် လူငယ်အနည်းစုပါဝင်ပြီး အသက်ညှာဆုံး အရေးယူ ဆောင်ရွက်ခဲ့တာလို့ တုံ့ပြန်ခဲ့ပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးငယ်တွေဟာ အကျဉ်းထောင်တွေ၊ အချုပ်တွေမှာ ဖမ်းဆီး ထိန်းသိမ်းခံနေရသလို ရုပ်ရော၊ စိတ်ပါ နှိပ်စက်ခံရတာတွေကြောင့် စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှု ရောဂါလိုမျိုး ရနိုင်ပြီး သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေးတွေ ကျဆင်းတဲ့ အန္တရာယ်နဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ CDM ဆရာဝန် ဒေါက်တာ Olivia က ပြောပါတယ်။
“စစ်အာဏာရှင်ရဲ့အောက်မှာ ကြီးပြင်းရတဲ့ကလေးတွေအတွက် ဒါကံဆိုးမိုးမှောင်ကျ တာပဲ။ အဲဒီထက်ဆိုးပြီးတော့ သူတို့က ထောင်ထဲမှာရောက်သွားတယ်။ သူတို့ရဲ့ လွတ် လပ်မှု ရပိုင်ခွင့် တောင်းဆိုလို့ မရဘူး။ ဒါတွေကို သူတို့ချုပ်ချယ်လိုက်တဲ့အပြင်ကို သူတို့ကို ထပ်ပြီးတော့ ကိုယ်ကာယအားဖြင့် ထပ်နှိပ်စက်တယ်။ ကိုယ်ရော စိတ်ပါ ကျဉ်းကျပ်ပြီးတော့ မလုံခြုံမှုဒဏ်ကို သူတို့ခံနေရတာပေါ့။ ဆိုတော့ နောက်ပိုင်းအနေ နဲ့ရော အခုလက်ရှိ အနေအထားရော post- traumatic stress disorder (စိတ်ဒဏ် ရာလွန် စိတ်ဖိစီးမှု ရောဂါ) ဆိုတာမျိုးပေါ့နော် PTSD လို့ခေါ်တဲ့ ဒီလိုမျိုးမခံစားနိုင်တဲ့ မကြုံချင်တဲ့ ဖြစ်ရပ်ဆိုးတွေ ကြုံတွေ့လာရတဲ့ နောက်ဆက်တွဲအနေနဲ့ PTSD ဖြစ်လာ တယ်ပေါ့”
ဒါကြောင့် ကလေးသူငယ်တွေကို အမြန်ဆုံးလွှတ်ပေးသင့်ပြီး သူတို့က စိတ်ဒဏ်ရာတွေ လျော့ပါးသက်သာစေဖို့ နှစ်သိမ့်ဆွေးနွေးပညာပေးတာ၊ လိုအပ်ရင် ဆေးကုသမှု ခံယူစေ တာမျိုးတွေ လုပ်ဆောင်သင့်တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းဇယားတွေအရ အာဏာ သိမ်း တစ်နှစ်ခွဲကျော်ကာလအတွင်း သေဆုံးခဲ့ရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၁၆၄ ဦး ပါဝင်ပါတယ်။