မိုးဗြဲဒေသ ကိုးရက်တာတိုက်ပွဲ နှစ်ဖက် ထိခိုက်သေဆုံးမှုများ

ရှမ်းပြည်နယ်နဲ့ ကယား (ကရင်နီ) ပြည်နယ် အစပ်မှာ ဖေဖော်ဝါရီလ ၂၄ ရက် ဒီနေ့ ကိုးရက်မြောက်နေ့အထိ တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံဆယ်ဦးထက်မနည်း သေဆုံး ခဲ့သလို ပြည်သူ့ကာကွယ်ရေးဖွဲ့တွေဘက်က ၂၀ ကျော်နဲ့ စစ်ကောင်စီဘက်က ၈၀ လောက် သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကနေ စတင်ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ဒီရက်ပိုင်းမှာတော့ ကယားပြည်နယ် နန်းမယ်ခုံမြို့ဘက်အထိ ရောက်ရှိလာပြီး နှစ်မြို့ပေါင်း ဒေသခံ သုံးသောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
ကိုးရက်မြောက်တဲ့ ဒီနေ့မနက်မှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ရှစ်ရက်ဆက်တိုက် မနေ့ကအထိ တိုက်ပွဲတွေမှာ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ ဒီရက်က ပိုဆိုးတယ် လေကြောင်း အသုံးပြုတဲ့ဟာက တစ်နေကုန်နီးပါးလောက်ဖြစ်သွားတော့ ထိခိုက်မှုအခြေအနေလည်း ပိုများတယ်။ အတိအကျဆုံး အခြေအနေကတော့ စကစ ဘက်က အယောက် ၇၀ ကျော်ကျော် ၈၀ ဝန်းကျင်လောက် ကျဆုံးမှုရှိတယ်။ ပြီးတော့ ကျနော်တို့ဘက်က ၂၀ ဝန်းကျင်လောက်ရှိတယ်။ အားလုံးတွက်လိုက်ရင် အဲလိုအခြေ အနေရှိတယ်”
တိုက်ပွဲစဖြစ်ကတည်းက မိုးဗြဲမြို့အနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီလို့ KNDF က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိတိုက်ပွဲအတွင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး ဒီနေ့အထိ စစ်ကောင်စီတပ် ဘက်က ရဟတ်ယာဉ်တွေအပြင် တိုက်လေယာဉ်တွေနဲ့ပါ နေ့စဉ် ဗုံးကြဲတိုက်ခိုက် နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါ့အပြင် မိုးဗြဲမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၄၂၂)၊ လွိုင်ကော်မြို့မှာရှိတဲ့ ခလရ (၂၅၀)၊ ဒီးမော့ဆိုမြို့မှာရှိတဲ့ ခမရ (၄၂၇) စတဲ့တပ်တွေကနေလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒီးမော့ဆိုမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အပြစ်မဲ့ ပြည်သူတွေကို တိုက်ပွဲမရှိဘဲ လာကြဲတာကတော့ နည်းနည်းတရားလွန် လွန်းတယ်၊ ရက်စက်ရာကျလွန်းတယ်လို့ ကျနော်ဒီလိုပဲ ပြောချင်တယ်။ အခုဆိုရင် လည်း လက်နက်ကြီးဆိုရင် အရင်ကနဲ့ မတူတော့ဘဲ သုံးတပ်လောက် လှမ်းထုပေး နေတော့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံးများတာပေါ့ ”
မနေ့ညနေ ၆ နာရီကလည်း မိုးဗြဲမြို့အပါအဝင် မြို့နဲ့တဆက်တည်းရှိနေတဲ့ ဒီးမော့ဆို မြို့နယ်ထဲက ဒေါကမီးရွာ၊ ဆီးလီဒုန်းရွာနဲ့ စည်းလင်းရွာတွေဘက်ကို တိုက်လေယာဉ်နဲ့ လေးကြိမ် ဗုံးကြဲခဲ့တာကြောင့် ဒေါကမီးရွာက CDM ဆရာဝန် မောင်နွဲလယ်နဲ့ ဦးအလယ် စန္ဒားတို့ သေဆုံးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO- PDF) က ထုတ်ပြန်ထားပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေါကမီးရွာက နေအိမ်ငါးလုံး ထိမှန်ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးကတော့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
"အိမ်တွေ မီးရှို့ခြင်းခံရတယ်ဆိုတာက ရိုးရိုးပဲကြည့်မယ်ဆိုရင် လူထုရဲ့စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီးတယ်ပေါ့"
နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာကြောင့် ရွာတွေမှာကျန်ခဲ့သူတွေ မနေ့ကညမှာပဲ ထွက်ပြေးကြရတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကို ထွက်ပြေးလာရတဲ့ နန်းမယ်ခုံမြို့ခံ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က မပြေးသေးဘူးဆိုပြီးနေနေပြီး အခြေအနေက ပိုဆိုးလာတဲ့ခါကျမှ မြောက် ဘက်ပြေးမယ်ဆိုလည်း ပြေးလို့မရတော့ဘူး၊ နန်းမယ်ခုံဘက်မှာ စစ်ပွဲဖြစ်လို့ မနေ့ညက လေယာဉ်နဲ့ လာပစ်တော့မှ အနောက်ဘက်ပြေးတော့မယ်တဲ့၊ အဲတော့ သူတို့အနောက် ဘက်ကို တစ်ညလုံးသွားကြတယ်ထင်တယ်၊ ဒီဘက်လာဖို့ကလည်း မလွယ်တော့ဘူး၊ လူအုပ်လူမနဲ့ အဲလိုမျိုးနေတယ် ”
စစ်ကောင်စီက ပြည်သူတွေကို ရန်သူလိုသဘောထား တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ကိုးရက်အတွင်း ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၂၅ ဦးရှိပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက RFA ကို ပြောပါတယ်။
“လူသားမျိုးနွယ်စုအပေါ်မှာ ချိုးဖောက်သော ဆိုးရွားသော လူ့အခွင့်အရေးတစ်ခုလို့ ပြောလို့ရတယ်။ ဝါရီဆူးပလိုင်တို့ ဝီသဲကူးတို့ အခုဆိုရင်လည်း နန်းမယ်ခုံရွာတွေ မြို့တွေ မီးရှို့ခြင်းခံရတဲ့အိမ်တွေ အဲဒီလိုမျိုး အိမ်တွေ မီးရှို့ခြင်းခံရတယ်ဆိုတာက ရိုးရိုးပဲကြည့် မယ်ဆိုရင် လူထုရဲ့စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီးတယ်ပေါ့။ လူထုတွေက ကိုယ့်နေရပ်မှာ နေလို့မရအောင် ပြန်လာရင်လည်း နေစရာမရှိအောင် အသက်ကိုပါထိခိုက်အောင် စစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေတယ်။ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ ရှုထောင့်တွေ စားနပ်ရိက္ခာဆိုင်ရာ ရှုထောင့်တွေကို ဖြတ်တောက်ခြင်းအားဖြင့် လူထု တွေရဲ့ အသက်ကို ခြိမ်းခြောက်ခြင်းဖြစ်တယ်။ နောက်အခြားတစ်ဖက်မှာလည်း အကြောက်တရားတွေကို စစ်ကောင်စီကနေ သွတ်သွင်းနေတာကိုလည်း ကျနော်တို့ တွေ့ရတယ်။ ဒါတွေအားလုံးကို ပြန်ခြုံရင်တော့ စစ်ကောင်စီက လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်တယ်”
နန်းမယ်ခုံမြို့မှာ မနေ့က ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် နန်းမယ်ခုံ အပါအဝင် ဒေါဘူးကူးအုပ်စုနဲ့ သေးဆူလဲ အုပ်စုထဲကနေ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ မိုးဗြဲနဲ့ နန်းမယ်ခုံ ဘက်မှာ စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရတာရှိပေမဲ့ နှစ်ဖက်သေဆုံးတာတော့ မရှိဘူးလို့ RFA ကို ဒီကနေ့ ညနေပိုင်းမှာ ပြန်လည်ဖြေဆိုပါတယ်။
"မိုးဗြဲဘက်မှာတော့ မနေ့က လွိုင်လင်လေးဘက်မှာတော့ လွိုင်လင်လေးနယ်မြေ ရဲစခန်းကို KNPP နဲ့ အကြမ်းဖက် ၁၅၀၊ ၂၀၀ လောက်က ဝင်ရောက်မီးရှို့တာမျိုး ရှိခဲ့တယ်။ ပြီးရင် မိုးဗြဲနဲ့ နန်းမယ်ခုံဘက်မှာတော့ ခုနစ်နေရာလောက်ကနေ လုံခြုံရေးစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာရှိတယ်။ ကျနော်တို့ဆီက စစ်သည်တချို့ ဒဏ်ရာရရှိသွားတာရှိတယ်။ နှစ်ဖက်ကျဆုံးမှုတော့မရှိပါဘူး ကျနော်သိရသလောက် ကတော့။ ဒဏ်ရာရရှိမှုတော့ရှိပါတယ်"
စစ်ကောင်စီတပ်တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့ အနောက် ဘက်ခြမ်း နန်းမယ်ခုံမြို့ဘက်ကို စစ်ကြောင်းတစ်ကြောင်း၊ လွိုင်ကော်မြို့ဘက်ကနေ စစ်ကြောင်းတစ် စုစုပေါင်း စစ်ကြောင်း နှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ကိုးရက်အတွင်း မိုးဗြဲမြို့ပေါ်က ဒေသခံ နှစ်သောင်းကျော်နဲ့ နန်းမယ်ခုံမြို့ပေါ်က ဒေသခံတစ်သောင်းကျော် စုစုပေါင်း သုံးသောင်းကျော် ဘေးလွတ်ရာထွက်ပြေးနေရပြီး ကယားပြည်နယ် (ကရင်နီ) တစ်ပြည်နယ်လုံး စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါးရှိနေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။