ဂန့်ဂေါနဲ့ ထီးလင်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေ

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်မှုတွေ အားကောင်းတဲ့ မကွေးတိုင်း ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေကို ဇူလိုင် ၁၈ ရက်နေ့ကစလို့ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မကွေးတိုင်း အခြေစိုက် သတင်းစာမျက်နှာအချို့မှာလည်း ဇူလိုင် ၁၉ ရက်နဲ့ ၂၀ ရက်နေ့ တွေမှာ ဂန့်ဂေါမြို့၊ မြစ်သာမြစ် အနောက်ဘက်မှာရှိတဲ့ ရှုံရှီးရွာ အနောက်ဘက် ဇီးပြားရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဂန့်ဂေါမြို့အပြင်ဘက်ကိုရောက်နေတဲ့ ဂန့်ဂေါမြို့နယ်၊ မြင်သာရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ သူ့မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတဲ့အတွက် စိတ်ပူတယ်လို့ ပြောပါတယ်။
"ရွာကိုဖုန်းဆက်နေတာ ဒီနေ့ရောဆို လေးရက်ရှိပြီ၊ ခေါ်လို့မရဘူး၊ အင်တာနက်လိုင်း တွေရော၊ ဖုန်းလိုင်းတွေရော ဖြတ်တဲ့အပြင် လေယာဉ်နဲ့ ဗုံးကြဲတယ်ကြားတယ်။ အတိအကျသေချာကြီး မသိရသေးဘူး၊ ဂန့်ဂေါ အနောက်ဘက်ကရွာတွေနဲ့ ဟားခါး လမ်းဘက်တွေကို ဗုံးကြဲတယ်ကြားနေပေမယ့် ဖုန်းလိုင်းတွေလည်းမရလို့ သတင်း အတိအကျမရဘူး ဖြစ်နေတယ်"
ချင်းပြည်နယ်ဘက်ရောက်သွားပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂန့်ဂေါမြို့နယ်၊ စမ်းမြို့ကျေးရွာက ဒေသခံတစ်ယောက်ကလည်း စစ်တပ်က ကျေးရွာတချို့ကို လေယာဉ်နဲ့ တိုက်ခိုက်တယ်လို့ သတင်းကြားနေပေမယ့် တိတိကျကျမသိရဘဲ ဖြစ်နေတယ်လို့ ပြောပါတယ်။
"ကျနော်တို့ဘက်မှာကျတော့ ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းရော လုံးလုံး ဖြတ်ထား တယ်ဗျ။ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတယ်လို့ သတင်းကြားရတယ်ဗျ။ မြို့ပေါ်လည်း မရဘူး။ ဂန့်ဂေါတစ်နယ်လုံးကို လုံးလုံးပိတ်ထားတာ မြို့ပေါ်လည်းမရဘူး၊ ဘယ်နားမှ မရဘူးဗျ"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးလင်းမြို့က ဒေသခံ အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လာ မှာကို စိုးရိမ်နေတယ်လို့ ပြောပါတယ်။
"ဖုန်းက အတော်ပြတ်နေတယ်။ ဂန့်ဂေါကနေ ထီးလင်းအထိ။ ကျမတို့ ရွာကျ အနောက် တော်တော် သွားရတယ်။ ဖုန်းလိုင်းကောင်းတဲ့နေရာ သွားပြီးဆက်ရတယ်။ ဆွေမျိုးတွေ ဆီ ဆက်သွယ်မလို့။ ဂန့်ဂေါနယ်အတွင်းကတော့ မရဘူး။ လေကြောင်းတွေနဲ့ တိုက်ခိုက် မှာကို အတော်လေး စိုးရိမ်ရတယ်။ လေကြောင်းနဲ့ လာမှာစိုးတာ။ ဖုန်းလိုင်း အဆက် အသွယ် မရတော့ စစ်သားတွေက ဘယ်လိုလာမလဲ မသိဘူး။ အဲလိုမျိုးတွေ အဆက် အသွယ်တွေ မရှိတော့ ကြောက်ရတယ်။ အဲလိုမျိုး စစ်သားတွေလာမှာစိုးတာ"

သတင်းအချက်အလက်တွေသိနိုင်ဖို့ သူနေတဲ့နေရာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ မကွေးနဲ့ ချင်းနယ်စပ်ကိုသွားပြီး အင်တာနက်နဲ့ ဖုန်းကို အသုံးပြုရတယ်လို့ သူက ပြောပါတယ်။
ဂန့်ဂေါ၊ ထီးလင်းတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကတော့ အခုလို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာဟာ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းဖို့ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
"ထီးလင်းနဲ့ ဂန့်ဂေါမှာ ပြတ်နေတယ်။ စစ်ကြောင်းထိုးတယ်လို့ ကြားရတယ်။ ဘယ်နေရာတွေ ထိုးနေတယ်ဆိုတာကတော့ လိုင်းအဆက်အသွယ်မရတော့ အတိအကျ မသိရဘူး၊ ပုံမှန်ကတော့ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေဖြတ်ပြီဆိုရင် စစ်ကြောင်း ထိုးတယ်။ ရွာတွေကို ဝင်ထွက်ဖျက်ဆီးမီးရှို့တယ်။ အင်တာနက်ဖြတ်ပြီဆို သတိနဲ့ နေရတာပေါ့၊ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေမရတဲ့အခါ တော်လှန်ရေးလုပ်ငန်းတွေမှာ လည်း အများကြီးထိခိုက်နေတယ်"
ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေကို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း၊ စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေနဲ့ မကွေးတိုင်းအစိုးရရုံး ပြောရေးဆိုခွင့်ရှိသူတွေဆီ RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
"ကမ္ဘာ့အလယ်မှာ တရားဥပဒေအရ အရေးယူခံရမယ့်အချိန်မှာ ဒါတွေကို သက်သေအဖြစ်မခံချင်တာကတော့ ထင်ရှားပါတယ်"
စစ်ဆင်ရေးလုပ်တဲ့နယ်မြေတွေမှာ စစ်ကောင်စီဟာ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ကို သက်သေအဖြစ် မကျန်ရစ်စေချင်တာကြောင့် အခုလို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာလို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
"စစ်ကောင်စီဘက်က အခုလိုဖြတ်တောက်တာဟာ သတင်းအချက်လက်တွေ ဖြတ်တောက်ဖို့၊ မြေပြင်မှာ သူတို့ရက်စက်တာတွေ၊ မြေပြင်မှာ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားချင်းစာနာမှုအကူအညီတွေကို ဖြတ်တောက်တာတွေ ဒါတွေကို ဖြတ်တောက်ဖို့ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ဒီသတင်းတွေ သိလာရတဲ့ အခါမှာ အခုလိုမျိုး နိုင်ငံတကာခုံရုံးတွေမှာ တင်တဲ့အခါမှာ ဒါတွေကို သက်သေ အထောက်ထားဖြစ်မှာ သေချာပါတယ်။ သတင်းအချက်အလက် ဖြတ်တောက်ခြင်းက စစ်ရေးရဲ့ ဗျူဟာဖြစ်လာတယ်။ ကမ္ဘာ့အလယ်မှာ တရားဥပဒေအရ အရေးယူခံရမယ့် အချိန်မှာ ဒါတွေကို သက်သေအဖြစ် မခံချင်တာကတော့ ထင်ရှားပါတယ်"
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ်တွေမှာ ကျေးရွာပေါင်း ၂၀၀ ကျော်ရှိပါတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတာကြောင့် အဲဒီမြို့နယ်တွေမှာနေထိုင်တဲ့ ဒေသခံ ၁၈၀,၀၀၀ ကျော် သတင်းအချက်အလက် သိရှိပိုင်ခွင့် ဆုံးရှုံးနေပါတယ်။
စစ်တပ် အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ အကုန်ဖြတ်တောက်ခံလိုက်ရပြီးနောက် နောက်နေ့မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ဖေဖော်ဝါရီ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ (စနေ၊ တနင်္ဂနွေ) တွေမှာ အင်တာနက် လိုင်းကို လုံးဝဖြတ်တောက်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။
ဒီအပြင် လက်နက်ကိုင်ဆန့်ကျင်မှုတွေ ပေါ်လာပြီးနောက် စစ်ကောင်စီက နှိမ်နင်းနေချိန် တွေမှာလည်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ် က မြို့နယ်တွေကို အင်တာနက်လိုင်းတွေ ဖြတ်တောက်တာ၊ အင်တာနက်အမြန်နှုန်းတွေ လျှော့ချခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။