မင်းတပ်မြို့ ပန်းပါရွာ လေကြောင်းနဲ့အပစ်ခံရလို့ ကလေးတစ်ဦးအပါအဝင် သုံးဦးသေ

RFA Burmese
2023.04.18
မင်းတပ်မြို့ ပန်းပါရွာ လေကြောင်းနဲ့အပစ်ခံရလို့ ကလေးတစ်ဦးအပါအဝင် သုံးဦးသေ စစ်‌ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့် မင်းတပ်မြို့နယ် ပန်းပါရွာမှ ‌ဒဏ်ရာရရှိသူကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က သယ်ယူနေစဉ်။
CDF- Mindat

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) ပန်းပါရွာကို ဧပြီ ၁၆ ရက်နေ့ ညနေပိုင်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် တစ်ဦး အပါအဝင် သုံးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေး အဖွဲ့ (မင်းတပ်) က ထုတ်ပြန်ပါတယ်။

အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၇ဝ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပန်းပါရွာပေါ်ကို ဂျက်တိုက်လေယာဉ်နဲ့ ခြောက်ကြိမ် စုစုပေါင်း ဗုံး ၁၇ လုံး ကြဲချခဲ့တာကြောင့် နေအိမ်ခုနစ်လုံး ပျက်စီးခဲ့ပြီး နေအိမ်နှစ်လုံးကတော့ မီးလောင်သွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီးဦးသန့်ဇင်ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

မင်းတပ်မြို့နယ်မှာ ဖုန်းလိုင်း ဖြတ်တောက်ခံထားရတာကြောင့် ဒေသခံတွေနဲ့ အဆက်အသွယ်ရနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ညနေပိုင်းအထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်က ရွာတွေကို ဧပြီ ၇ ရက်ညနေပိုင်းမှာ ရှစ်ကြိမ်၊ ဧပြီ ၁၁ ရက်ညပိုင်းမှာ လေးကြိမ် ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို ဧပြီ ၁၆ ရက်ကလည်း မင်းတပ်မြို့ ခလရ (၂၇၄) တပ်ရင်းကနေ ပန်းပါရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေး (မင်းတပ်) က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့က မင်းတပ်မြို့၊ အမ်လောင်းရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုသုံးဦးနဲ့ CDF တပ်ဖွဲ့ဝင်တစ်ဦး စုစုပေါင်း လေးဦးသေဆုံးခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။