ကာကွယ်ရေးတပ်တွေရဲ့ ဒရုန်းသုံးတိုက်ခိုက်မှုကို တုံ့ပြန်ဖို့ စစ်ကောင်စီ ကြိုးစားနေ

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်ကို စတင် ခုခံတိုက်ခိုက်ချိန်တုန်းက တူမီးသေနတ်၊ လက်လုပ်သေနတ်စတဲ့ ရရာလက်နက်စွဲကိုင်ပြီး တိုက်ခိုက်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ မိုင်းဆွဲတိုက်ခိုက်တာ၊ လက်လုပ် လက်နက်ကြီးတွေကို အသုံးပြုလာ တာ တဆင့် မောင်းပြန်ရိုင်ဖယ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေကို ဆင်နွှဲခဲ့ကြပါတယ်။
အာဏာသိမ်း ၁၉ လ ကြာလာတဲ့အခါမှတော့ စစ်ရေးအရှိန်မြင့်လာပြီး ခေတ်မီလက်နက် အင်အား သာလွန်လှတဲ့ စစ်တပ်ကို ပစ်မှတ်တိကျတာ၊ လူအင်အားနည်းနည်းပဲ သုံးရတာ၊ အန္တရာယ်ကင်းတာ- စတဲ့ အားသာချက်တွေရှိတဲ့ ဒရုန်းနည်းပညာကို အသုံးပြုပြီး စစ်ရေး ပစ်မှတ်တွေပေါ် တိတိကျကျ ဗုံးသီးချ တိုက်ခိုက်လာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တိုက်ပွဲတွေပြင်းထန်းနေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ အရပ်ဘက် ရိုက်ကူးရေးသုံး ဒရုန်းတွေကို အဆင့်မြှင့်ပြီး တည်နေရာ အတိအကျကို ဗုံးသီးချ တိုက်ခိုက်နိုင်တဲ့ နည်းလမ်းကို စတင်သုံးလာပြီလို့ Khin U Support Organization-KSO အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းရောင်ကပြောပါတယ်။
“လိုကေးရှင်းအတိအကျကိုလည်း အီနာဂါ(ဗုံးသီး)က ကျတယ်။ ထိရောက်မှုလည်း ရှိတယ်။ ဒရုန်းသည် အားသာချက် အပြည့်အဝ ရှိတယ်ဆိုပြီးတော့ အဲဒီကနေပြီးတော့ ကျနော်တို့ စပြီးတော့ ဒရုန်းစဝယ်ပြီးတော့ စချတယ်ပေါ့။ အခုဟာက ကျနော်တို့က ရိုက်ကူးရေး ဒရုန်းလေးတွေနဲ့ လုပ်ဆောင်ရတာဆိုတော့ ဗုံးသီး လေးဆယ်သားနဲ့ ငါးဆယ်သား ပတ်ချာလည်လောက်လေး အဲဒီလောက်လေးပဲ နိုင်တာလေ။ ဒရုန်းနဲ့ချရသည့် အကြောင်းအရင်းသည် ကျနော်တို့ လိုကယ်တွေမှာ အန္တရယ် အကင်းရှင်းဆုံးလို့ ဆိုလိုလို့ရပါတယ်”
အရင်က မောင်းပြန် ရိုင်ဖယ်သေနတ်တွေ ရရှိဖို့ အားထုတ်ခဲ့ပေမယ့် စစ်တပ်ဘက်မှာ ခေတ်မီ စစ်လက်နက်ပစ္စည်း အပြည့်အစုံရှိတာ၊ စစ်ရေးကျွမ်းကျင်မှုအားသာ၊ ကျည်ဆံကို အလုံအလောက် ဖောဖော်သီသီ သုံးနိုင်တာစတဲ့ အချက်တွေကြောင့် ဒီနည်းလမ်းကို ရွေးလာရတာလို့ သူကဆိုပါတယ်။
အခုလို ဗုံးသီးချ တိုက်ခိုက်တဲ့အခါ စစ်ဆင်ရေး အောင်မြင်တာလည်းရှိသလို ဒရုန်းကို ပစ်ချခံရတာလည်း မကြာခဏ ကြုံရတယ်လို့ ဒရုန်းအသုံးပြု တိုက်ခိုက်သူတွေက ပြောပါတယ်။ စစ်တပ်ဘက်ကလည်း ကင်းထောက်ဒရုန်းတွေသုံးပြီး တည်နေအရာ အတိအကျကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာ လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေ လုပ်ပြီး စစ်ရေးအသာစီး ပြန်လည်ရယူတာတွေ ရှိတယ်လို့ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
"ဒရုန်းနဲ့ချရသည့် အကြောင်းအရင်းသည် ကျနော်တို့ လိုကယ်တွေမှာ အန္တရယ် အကင်းရှင်းဆုံးလို့ ဆိုလိုလို့ရပါတယ်"
စစ်ကိုင်းတိုင်းလိုပဲ တိုက်ပွဲတွေ ပြင်းထန်တဲ့ ကရင်ပြည်နယ်မှာတော့ ရိုက်ကူးရေး ဒရုန်းလိုမျိုး မဟုတ်ပဲ ပိုပြီး ဝန်သယ်ဆောင်နိုင်တဲ့ ပန်ကာခြောက်ခုပါ ဒရုန်း အကြီးစား တွေကို အသုံးပြုနေ ကြတယ်လို့ အဲဒီဒေသမှာ တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ လေးကေ့ကော် တိုက်ပွဲကစလို့ တိုက်ခိုက်ရေး ဒရုန်းတွေ၊ ကင်းလှည့် ဒရုန်းတွေကို အသုံးပြုလာပြီး လက်ရှိ ဒရုန်းနဲ့တိုက်ခိုက်တဲ့နည်းက စစ်ကောင်စီ တပ်သားတွေကို စိတ်ဓာတ်ရေးစစ်ဆင်ရေးပါ ထိထိရောက်ရောက် လုပ်လာနိုင်တယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကို က ပြောပါတယ်။
“ရန်သူကို ထိရောက်စွာချေမှုန်းနိုင်တယ်။ စိတ်ဓာတ်ခွန်အားအရလည်း သူတို့ကို ကျရှုံးအောင် လုပ်နိုင်တယ်ပေါ့။ ဥပမာ သူတို့မမြင်နိုင်တဲ့ နေရာနေ ကျနော်တို့ပျံတယ်။ သူတို့ ဒရုန်းသံကြားတာနဲ့ ကြောက်ရွံ့နေတယ်ပေါ့နော်။ သူတို့က လေကြောင်း တိုက်ခိုက်မှုတွေ အများကြီး လုပ်နေပေမယ့် သူတို့လေယာဉ်တွေက ခဏပဲ ဗုံးကျဲပြီး ပြန်သွားရတာ။ ဒါပေမယ့် ကျန်တဲ့ ၂၄ နာရီ နေ့နေ့ညညပတ်လုံးက ဝေဟင်စိုးမိုးမှုက ဒရုန်းတွေက စိုးမိုးနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ နောက်ပြီးတော့ ညဘက်တွေမှာကစ ကင်းထောက်နိုင်တဲ့ စွမ်းရည်တွေ ရှိတယ်ပေါ့နော်။ အဲဒါကြောင့် ရန်သူက ပိုပြီးတော့ ကြောက်ရွံ့တာလည်းပါတယ်။စစ်ကောင်စီ တပ်သားတွေအနေနဲ့ကလည်း ဒရုန်းကို အိမ်မက်ဆိုးကြီး တစ်ခုလို့ ဖြစ်လာတယ်”
ဒရုန်းတစ်ခုမှာ ဗုံးသီးငါးလုံးလောက်ထိ တပ်ဆင်နိုင်တာကြောင့် ထိရောက်စွာ ခြေမှုန်းနိုင်တာ၊ လူအင်အားသုံးပြီး စွန့်စားရတဲ့နေရာတွေမှာ ကင်းလှည့်နိုင်တာတွေက ဒရုန်းရဲ့ အားသာချက်တွေလို့ သူကဆိုပါတယ်။ စစ်တပ်ဘက်ကလည်း သူတို့ စခန်း အနီးတစ်ဝိုက်မှာ ဒရုန်းတွေ ပျံတက်လို့မရအောင် Jammer အထိုင်စက်တွေကို အသုံးပြုပြီး ကာကွယ်ထားတဲ့ အပြင်၊ စစ်ကြောင်းတွေမှာ ဒရုန်းတွေကို ပစ်ချလို့ရတဲ့ လက်နက်တွေ တပ်ဆင်ပေးထားတာကြောင့် ဒရုန်းတွေ ပစ်ချခံရတာတွေလည်းရှိတယ်လို့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ ဒါပေမဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒရုန်း တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အရေးကြီးတဲ့ နေရာတွေ၊ အဆောက်အအုံတွေမှာ Anti Drone Gun တွေ တပ်ဆင်နေပြီလို့ ပြောပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ပြင်ပက နည်းပညာ အထောက် အပံ့တွေ ရထားလို့သာ PDF တွေက အရပ်ဘက်သုံး ဒရုန်းတွေနဲ့ တိုက်ခိုက်လာနိုင်တာလို့ ပြောပါတယ်။
“အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ သုံးတဲ့ ဆေးဖြန်း Drone တွေ ပန်ကာ ခြောက်လက်နဲ့ Hexacopter တွေလို့ ခေါ်ရမှာပေါ့နော်။ အဲဒီကောင်တွေကျရင် နည်းနည်း ဝန်ပိုသယ်နိုင်တယ်။ အပေါ်ကနေ ဗုံးတွေဘာတွေ ဖြုတ်ချတဲ့ကိစ္စတွေ ဖြစ်လာတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ကျနော်တို့က နည်းပညာအရ ကြည့်မယ်ဆိုရင် ဖြုတ်ချတဲ့ခလုပ်ပေါ့နော် Triggering လုပ်တဲ့ အပိုင်းမှာ တော်ရုံတန်ရုံတော့ မရနိုင်ဘူး။ အဲဒါကိုရဖို့အတွက် သေချာတာက နောက်ကွယ်က အထောက်အပံ့ ကောင်းကောင်း ရှိတာ ကျနော်တို့သိရတယ်။ အဲဒီတော့ ဒါသည်သာမာန် တိုးတက်မှုမျိုးမဟုတ်ဘူး။ ကိုယ်တိုင်လုပ်ယူလို့ရတဲ့ဟာ မဟုတ်ဘူး။ အပြင်က တစ်ယောက်ယောက်က နည်းပညာ ထောက်ပံ့ပြီးတော့ ဒါမျိုးတွေလုပ်စေတယ်ဆိုတာတော့ ထင်ရှားတယ်ပေါ့နော်”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန (MOCIT) က Federal Wings ဒရုန်းတပ်ဖွဲ့ကို နည်းပညာ ကျွမ်းကျင်တဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့က ဒရုန်းတွေအသုံးပြုပြီး စစ်မြေပြင်မှာ တိုက်ပွဲတွေ ပါဝင်ဆင်နွှဲနေပြီလို့ Federal Wings ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြေပြင် ဒရုန်းတိုက်ခိုက်ရေး တပ်ဖွဲ့တွေကို လက်ရုံးတပ်တွေ အဖြစ် စုစည်းပြီး စစ်ဆင်ရေးပုံဖော်နိုင်ဖို့အတွက် Skywalk ဆိုတဲ့ အစီအစဉ်နဲ့ ဘဏ္ဍာငွေ ရှာဖွေရေးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ခေတ်သစ်တိုက်ပွဲတွေမှာ ဒရုန်းရဲ့ အခန်းကဏ္ဍက အရေးပါတာကြောင့် နောက်ပိုင်းမှာ နှစ်ဖက်လုံးက ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေကို တွင်တွင်ကျယ်ကျယ် လုပ်လာ နိုင်တယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက သုံးသပ်ပါတယ်။
“ဒရုန်းကို အသုံးပြုပြီး ကင်းထောက်တာတင် မကဘဲနဲ့ ဒရုန်းမှာ လက်နက်တပ်ဆင် ပြီးတော့ ပေါ့နော် ဒရုန်းမှာ လက်လုပ်ဗုံးတပ်တာတို့ ၆၀ မမ အသီးတွေ တပ်ပြီးတော့ အပေါ်ကနေ လွှတ်ချတာတို့ပေါ့ ဒါတွေကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ နည်းပေါ့နော်။ ဘာကြောင့်လည်းဆိုတော့ ဒရုန်းက available Technology ပေါ့နော် လက်ရှိမှာ နည်းပညာအရ နှစ်ဖက်လုံးမှာ အသုံးပြုနိုင်တဲ့ Technology ဖြစ်တော့ ဒါကို တွင်တွင်ကျယ်ကျယ် သုံးလာတယ်။ ဒရုန်းရဲ့ အခန်းကဏ္ဍက တော်တော်ရေးပါတဲ့ အခန်းကဏ္ဍမှာရှိတယ်ဆိုတာကို ခေတ်သစ် စစ်ပွဲတွေမှာ တွေ့ရတယ်”
နှစ်ဖက်စလုံးကတော့ စစ်ရေးအသာစီးရဖို့အတွက် ရတဲ့လက်နက်တွေကို အသုံးပြုပြီး ကြိုးစားနေတယ်ဆိုတာ မြင်သာတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်စင်စိုးက ပြောပါတယ်။
“တစ်ဖက်နဲ့ တစ်ဖက်က တိုက်မယ်လို့ ရည်ရွယ်ထားတယ်။ တိုက်မယ်လို့လည်း ပြောထားတယ်။ ပြီးတော့ အပြန်အလှန်လည်း တိုက်နေကြတယ်။ သူတို့ရဲ့ ရှိတဲ့ အရင်းအမြစ် နောက်ရှာလို့ဖွေလို့ ရနိုင်တဲ့ အရင်းအမြစ်ပေါ် မူတည်ပြီးတော့ ပြောင်းလဲ လာမယ့် သဘောတော့ ရှိတယ်လို့ ကျနော်တို့ မှန်းထားတယ်။ နှစ်ဖက်စလုံးက လက်နက် ရရှိရေးအတွက် ရုန်းကန်နေကြတယ်။ လက်နက်စုဆောင်းရေး အတွက်လည်း လိုအပ်တဲ့ ရန်ပုံငွေရှာသူတို့ ရှာဖွေနေကြတဲ့ ဟာတွေက နှစ်ဖက်စလုံးမှာ အဲဒီဟာတွေက လုပ်နေကြတယ်။ တစ်ဖက်နဲ့တစ်ဖက် စစ်ရေးအရ တိုးပြီးတော့ အသာစီးရအောင်တော့ သူတို့ကြိုးစားကြမယ်ဆိုတာတော့ မြင်သာနေတာပေါ့”
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူဟာ ၁ ဒသမ ၃ သန်း ကျော်ထိ ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၁ ရက် စာရင်းအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် သေဆုံးသူ စုစုပေါင်း ၂၃၀၃ ဦး ရှိနေပါပြီ။