ပခုက္ကူလေယာဉ်ကွင်းကို စစ်ကောင်စီပြင်ဆင်နေ

RFA Burmese
2024.12.06
ပခုက္ကူလေယာဉ်ကွင်းကို စစ်ကောင်စီပြင်ဆင်နေ မကွေးတိုင်း၊ ပခုက္ကူလေဆိပ်ကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
Citizen Photo

အနှစ်နှစ်ဆယ်လောက်အတွင်း ပုံမှန်မသုံးခဲ့တဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့က လေယာဉ်ကွင်းကို စစ်ကောင်စီ ပြင်ဆင်နေပါတယ်။

ပခုက္ကူမြို့နဲ့ ငါးမိုင်ခန့်ဝေးတဲ့ ချောင်းဦး-ရေစကြို-ပခုက္ကူ ကားလမ်းပေါ် ပန်းတိုင်းခြုံရွာနဲ့ ကြီးကျေးရွာကြားမှာ တည်ရှိတဲ့ လေယာဉ်ကွင်းကို ပြင်ဆင်နေတာပါ။

ပြီးခဲ့တဲ့ ဇွန်လထဲကစလို့ အခုချိန်ထိ နေ့ရောညပါ ပြင်ဆင်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်ရှိအချိန်အထိ ဆောက်နေတုန်းပဲ။ နေ့တိုင်းလည်း အုန်းသံကြားရတယ် ပြောတယ်။ သူတို့ဘက်ကလည်း ပြန်ပြီး စက်ကလေးနဲ့ ဆွဲတာ ကြားရတယ်။ ဆောက်နေတဲ့ အလုပ်သမားတွေကတော့ နေ့စဉ် သွားလာနေတာတော့ ရှိတယ်။ ကျန်တဲ့သူတွေ ဝင်လို့ထွက်လို့မရဘူးလို့ ပြောတယ်"

နိုင်ငံတစ်ဝန်း လေကြောင်းအသုံးပြုတိုက်ခိုက်နေတဲ့ စစ်ကောင်စီက အခုမှ ဒီလေယာဉ်ကွင်းကို ပြင်တာဟာ စစ်ရေးမှာ အသုံးပြုဖို့ဖြစ်နိုင်တယ်လို့ ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Southern YSO) ရဲ့ တာဝန်ခံ ခေါင်းဆောင် ကိုအောင်မောင်းက သုံးသပ်ပါတယ်။

"နေ့ရော ညရော အလုပ်လုပ်နေတဲ့ အခြေအနေမှာ ရှိပါတယ်။ တိုက်လေယာဉ်တွေ ဆင်းသက်လို့ရတဲ့ အနေအထားတွေအထိ သူတို့ ပြန်လည်ပြုပြင်နေတာလေ။ စစ်ရေးဗျူဟာအရလို့ပဲ မြင်တယ်"

လေယာဉ်ပြေးလမ်းအရှည် နှစ်မိုင်လောက်ကို ကတ္တရာခင်းနေတဲ့အတွက် တိုက်လေယာဉ်တွေ ဆင်းနိုင်၊ တက်နိုင်တဲ့အထိ သုံးလို့ရအောင် လုပ်နေတာလို့ ဒေသခံတွေက သံသယဖြစ်နေပါတယ်။

"နေ့ရော ညရော အလုပ်လုပ်နေတဲ့ အခြေအနေမှာ ရှိပါတယ်။ တိုက်လေယာဉ်တွေ ဆင်းသက်လို့ရတဲ့ အနေအထားတွေအထိ သူတို့ ပြန်လည်ပြုပြင်နေတာလေ"

ဒါကြောင့် ဒီလေယာဉ်ကွင်းပြင်နေတာကို ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ကိုအောင်မောင်းက ပြောပါတယ်။

"လေယာဉ်ကွင်းပြင်ဆင်တယ်ဆိုတာ ခရီးသွားလာမှုအတွက် မဟုတ်ဘူးလေ။ စစ်ရေးဗျူဟာအတွက် ပြင်ဆင်တဲ့အနေအထားဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း ဒါကြီးကို အရင်လတွေ လတွေ ကလည်း အမျိုးမျိုးပေါ့ဗျာ။ လုပ်ငန်းလုပ်လို့မရအောင် နှောင့်ယှက်ဟန့်တားတာတို့ အပစ်အခတ်တွေ အလုပ်တွေတော့ အများကြီး လုပ်ပါတယ်"

8y0vl- (1) copy.jpg

စစ်ကောင်စီက ပခုက္ကူလေယာဉ်ကွင်းကိုပြုပြင်နေတာဟာ လေယာဉ်တွေကို တစ်နေရာထဲမှာ စုမထားချင်တာကြောင့်လည်းဖြစ်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

"မကွေးလေတပ်ကပဲ ဒါ တိုက်လေယာဉ်တွေ အသုံးပြုနေတဲ့အနေအထားမျိုးပေါ့နော်။ အဲဒီတော့ တိုက်လေယာဉ်နေရာတွေကိုလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုဘက်တွေက ရှော့တိုက်ဒုံးနဲ့ထုတာတို့၊ အဝေးကနေ နှောက်ယှက်ပစ်ခတ်တာမျိုးတွေ ရှိလာတဲ့အတွက် လေယာဉ်တွေကို တစ်စုတစ်စည်းတည်း မထားလိုဘဲ ဒါ ဖြန့်ခွဲတဲ့ ဖြန့်ခွဲလိုတဲ့ အနေအထားမျိုးရှိတာလို့လည်း မြင်ရပါတယ်ဗျ"

ဒီလေဆိပ်ကို အသုံးပြုနိုင်သွားရင် မကွေးတိုင်း အပါအဝင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေဘက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အခုထက်ပိုပြီး တိုးမြှင့်လုပ်ဆောင်လာနိုင်တယ်လို့ CDM စစ်တပ်အရာရှိတွေက ပြောပါတယ်။

မကွေးတိုင်း၊ ပခုက္ကူလေဆိပ်တွင် လာရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအား ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ - YSO နှင့် ပူးပေါင်းအဖွဲ့တို့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့က ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခဲ့စဉ်။ (Photo: Facebook/ ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ - YSO)
မကွေးတိုင်း၊ ပခုက္ကူလေဆိပ်တွင် လာရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအား ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ - YSO နှင့် ပူးပေါင်းအဖွဲ့တို့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့က ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခဲ့စဉ်။ (Photo: Facebook/ ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ - YSO)

အခုလိုသုံးသပ်နေကြတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာ ဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

လေဆိပ်ပြုပြင်နေချိန်မှာ လုံခြုံရေးအတွက် အနီးပတ်ဝန်းကျင်ရွာတွေကို ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တမခ ၁၀၁) ရဲ့ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ရေစကြိုအခြေစိုက် ခမရ (၂၅၇)၊ ခမရ (၂၅၈) နဲ့ ပခုက္ကူအခြေစိုက် ခမရ (၂၅၉) ပူးပေါင်းတပ် အင်အား နှစ်ရာခန့်က မကြာခဏ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် လေယာဉ်ကွင်းနဲ့နီးတဲ့ ပခုက္ကူနဲ့ ရေစကြိုမြို့နယ်တွေထဲက မြောက်လူးကန်၊ ကွမ်းသီးကန်၊ သဲတော၊ ကျောက်လှေခါး၊ ဇီးတော၊ ကျောက်ထပ်နဲ့ ဥက္ကံ စတဲ့ရွာတွေက ဒေသခံ တစ်သောင်းဝန်းကျင်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြောက်လူးကန် ရွာသားတစ်ဦးက ပြောပါတယ်။

"လေယာဉ်ကွင်းထဲကနေ တစ်ခါတစ်လေ ၈၀ တွေ ဘာတွေနဲ့ ထုတာလို့တောင် ပြောတယ်။ တော်တော်ကြီး ဝေးတဲ့ဆီတောင်မှ ရောက်တယ်။ ကျွန်တော်တို့ ရွာဘက်တွေ အထိကိုလေ၊ အဲလိုမျိုး။ ဂိတ်တွေနဲ့လည်း နီးတော့ကျတော့ လေယာဉ်ကွင်း ပတ်ချာလည်ရွာတွေဆို အကုန်နီးပါး ကျွန်တော်တို့ ရှောင်ရတာပေါ့ဗျာ"

သူတို့ရွာက အိမ်ခြေငါးရာလောက်ရှိပြီး လေဆိပ်နဲ့ တစ်မိုင်လောက်ပဲ ဝေးပါတယ်။


ဆက်နွှယ်သောသတင်းများ

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရ တိုက်လေယာဉ်တွေပျက်စီး

ပခုက္ကူမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး သေဆုံး

ပခုက္ကူနဲ့ ဂန့်ဂေါမြိုနယ်က စစ်ကောင်စီ ရေနံမြေနှစ်ခု PDF တွေ သိမ်းပိုက်


ဒါကြောင့် သူတို့ရွာက ဘုန်းကြီးကျောင်းထဲမှာ စစ်ကောင်စီတပ်သား တစ်ရာနီးပါး တပ်ဆွဲထားတယ်လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ထွက်ပြေးနေရတဲ့ ပြည်သူတွေမှာ စားဝတ်နေရေးကအစ အခက် အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း မြောက်လူးကန်ရွာသားက ပြောပါတယ်။

"ရာသီဥတုကလည်း အေးတော့ဗျာ။ ကျွန်တော်တို့ လမ်းပန်းဆက်သွယ်ရေးတွေကလည်း ဒီဘက်ကျတော့ အကုန်လုံးပိတ်ထားတာဆိုတော့ အဓိကတော့ စားဖို့ မိသားစုမှာက အခုကာလက ဆောင်းတွင်းဆိုတော့ အဲဒီလိုပဲ တော်တော် လိုအပ်တာပေါ့ဗျာ။ စောင်တွေဘာတွေ ရွာထဲကျတော့လည်း တော်တော်တန်တန် ပြန်ပြီးတော့ မယူရဲဘူးပေါ့ဗျာ"

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းကလည်း ရေစကြိုမြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်က သဲတောနဲ့ ကျောက်လှေခါးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် အိမ်ခြေ သုံးဆယ်လောက်ပျက်စီးခဲ့ပြီး ဒေသခံတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သလို ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။