ပခုက္ကူနဲ့ ဂန့်ဂေါမြို့နယ်က စစ်ကောင်စီ ရေနံမြေနှစ်ခု PDF တွေ သိမ်းပိုက်
2024.08.22
စစ်ကောင်စီ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရဲ့ မကွေးတိုင်း ပခုက္ကူမြို့နယ်က စပယ် - သာကြီးတောင် ရေနံမြေနဲ့ ဂန့်ဂေါမြို့နယ် ကျောတိုက်နယ်က ပုထိုးလုံ ရေနံမြေ နှစ်ခုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပါတယ်။
စပယ်- သာကြီးတောင် ရေနံမြေကို ဩဂုတ်လ ၂၀ ရက်နေ့နဲ့ ပုထိုးလုံရေနံမြေကို ဩဂုတ်လ ၁၅ ရက်နေ့တွေက သိမ်းပိုက်ခဲ့တာလို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
"လောလောဆယ်တော့ ဒီရေနံမှော်ကို ကျွန်တော်တို့ဘက်က သိမ်းထားတယ်"
စပယ် - သာကြီးတောင် ရေနံမြေမှာ စစ်ကောင်စီတပ်က အင်အား ၅၀ လောက်လောက်နဲ့ ထိန်းချုပ်ထားတာဖြစ်ပြီး ဩဂုတ်လ ၂၀ ရက် မနက် ၄ နာရီလောက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုစစ်က RFA ကို ပြောပါတယ်။
"သိမ်းလိုက်တာကတော့ ဟုတ်ပါတယ်ဗျ။ ထိန်းဖို့ရာကိုက ကျွန်တော်တို့က အခုအချိန်အထိ ဖြတ်တောက်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်နေရဆဲ။ ဒီနေ့မနက်ရော၊ မနေ့ကရောဖြစ်တယ်ဗျ။ လေကြောင်းပစ်ခတ်မှုတွေ၊ ဂျက်ဖိုက်တာနဲ့ မုံရွာ နမခက ပစ်ခတ်မှုတွေ အဲအချိန်မှာလည်း ကျွန်တော်တို့က ရှိနေပါသေးတယ်။ ပွဲကတော့ သိမ်းလို့ပြီးပြီဗျ။ ကျွန်တော်တို့က နယ်မြေရှင်းလင်းရေး လုပ်နေချိန်မှာ လေယာဉ်လာလို့ ခဏနားထားရတာပေါ့"
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးပြီး နှစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့စစ်ကောင်စီတပ်သားတွေကတော့ ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း ပေါက်မြို့နယ် ရေပြာအိုင်ရဲစခန်းမှာ အင်အားစုပြီး လက်လွှတ်လိုက်ရတဲ့ ရေနံမြေကို ပြန်လည်ရယူဖို့ ကြိုးစားနေတာကြောင့် မနေ့ကအထိ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
စပယ်-သာကြီးတောင် ရေနံမြေမှာရှိတဲ့ ရေနံတွင်း နှစ်ဆယ်က တစ်နေ့ကို ရေနံစိမ်း ၁၁၉ စည်နဲ့ သဘာဝ ဓာတ်ငွေ ၂.၄၉၈ ကုဗပေသန်းထွက်ရှိတယ်လို့ စစ်ကောင်စီ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဆက်နွှယ်သောသတင်းများ
မကွေးတိုင်းက ရေနံမြေနှစ်ခုကို PDF တွေ ထိန်းချုပ်ထား
ဂန့်ဂေါက စစ်ကောင်စီတပ်စခန်းနှစ်ခုကို သိမ်းယူထားကြောင်း NUG ကြေညာ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အနာဂတ်အလားအလာ
ဩဂုတ်လ ၁၅ ရက်နေ့က သိမ်းပိုက်ခဲ့တဲ့ ဂန့်ဂေါမြို့နယ်က ပုထိုးလုံရေနံမြေကိုတော့ ဒီနေ့အထိ ကာကွယ်ရေး အဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဆရာကျော်က RFA ကို ပြောပါတယ်။
"လောလောဆယ်တော့ ဒီရေနံမှော်ကို ကျွန်တော်တို့ဘက်က သိမ်းထားတယ်။ စစ်ကောင်စီဘက်ကတော့ လေယာဉ်တွေနဲ့ ဗုံကြဲတာမျိုးတွေ ဖြစ်စဉ်တွေ ရှိတယ်ပေါ့နော်။ သူတို့ ပြန်လိုချင်လို့ ထွက်ခဲ့တာမျိုးတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကင်းတွေဘာတွေချပြီး ဖြတ်တောက်ရေးတွေ လုပ်နေတယ်။ သိမ်းတာက ၁၅ ရက်နေ့မှ မကြာသေးတော့ ကျွန်တော်တို့ ရေနံထုတ်တာ မလုပ်နိုင်ဘူးပေါ့ဗျာ။ လောလောဆယ် စစ်ကောင်စီ မလာနိုင်အောင်ပဲ နယ်မြေကို ထိန်းချုပ်ထားတယ်ပေါ့။ ကပစ ၂၃ ရဲ့ အသက်သွေးကြောကို ဖြတ်တောက်တာလည်း ပါပါတယ်ဗျ။ ကျန်တာကတော့ ကျွန်တော်တို့ အစိုးရရဲ့ စီမံခန့်ခွဲမှုအတိုင်း ဆက်လုပ်မှာပေါ့နော်"
ပုထိုးလုံရေနံမြေကို စစ်ကောင်စီက တပ်သား အင်အား သုံးဆယ်လောက်နဲ့ ထိန်းချုပ်ပြီး ရေနံတူးဖော်ရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့တာပါ။ လက်ရှိမှာတော့ ကာကွယ်ရေးအဖွဲ့တွေက ရေနံထုတ်လုပ်မှုတွေကို ရပ်ထားတယ်လို့ ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုဘလှိုင်းက RFA ကို ပြောပါတယ်။
"လက်ရှိအနေအထားကတော့ ကျွန်တော်တို့ပဲ ထိန်းချုပ်ထားတယ်။ ဒီ ထုတ်လုပ်မှုနဲ့ ပတ်သတ်လို့ ကတော့ အခုအချိန်မှာ ဘာမှ ထုတ်လုပ်လို့ မရသေးဘူးဗျ။ တကယ်လို့ ထုတ်လုပ်မယ်ဆိုရင်တော့ gas က အကျိုးအမြတ် များမယ်ထင်တယ်ဗျ။ ကျွန်တော်တို့ဘက်ကို လာပြီးမှ ကုမ္ပဏီကနေ ညှိနှိုင်းထားတာလေးတွေကတော့ရှိတယ်။ သူတို့ကို ထုတ်ခွင့်တော့ ကျွန်တော်တို့ ပေးမယ်လို့တော့ ပြောထားတယ်ပေါ့။ NUG MOD ရဲ့ ခွင့်ပြုချက်နဲ့ပေါ့လေ။ တရားဝင်ပုံစံမျိုး ကျွန်တော်တို့ လက်ထဲရောက်ပြီ ဆိုရင်တော့ အဲဒီလို ပုံစံမျိုးပေးမယ်လို့တော့ ကမ်းလှမ်းထားတာတော့ရှိတာပေါ့"
ဒီရေနံမြေကို လုပ်ကိုင်ဖို့ ကမ်းလှမ်းလာတဲ့ ကုမ္ပဏီနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ပုထိုးလုံရေနံမြေ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၂ ယောက်သေပြီး လက်နက် ၃၀ ရရှိခဲ့သလို စစ်သုံ့ပန်း ၁၁ ဦး ဖမ်းဆီးမိပါတယ်။ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကိုဘလှိုင်းက ပြောပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ပုထိုးလုံရေနံမြေနဲ့ ဆယ်မိုင်ခန့်အကွာမှာ စစ်ကောင်စီရဲ့ အမှတ် ၂၃ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်စက်ရုံတည်ရှိသလို ပုံညာနဲ့ ကျောအမှတ် (၂) ရပ်ကွက်တွေမှာလည်း စစ်ကောင်စီ စခန်းတွေရှိနေပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရတဲ့ ရေနံမြေကို ပြန်ရဖို့ ကြိုးစားလာနိုင်တာကြောင့် ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း သူတို့ ထိန်းချုပ်လိုက်တဲ့ရေနံမြေကို အပြည့်အဝ ကာကွယ်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ပုထိုးလုံရေနံမြေဟာ မိုင် ၃၀ ခန့်ကျယ်ဝန်းပြီး ရေနံတွင်း ၁၇ တွင်းခန့်ရှိပါတယ်။ အဲဒီတွင်းတွေကနေ တစ်နေ့ကို ရေနံစိမ်း ပေပါပေါင်း အနည်းဆုံး ၁၂၀၀ ခန့်ထွက်ရှိ တယ်လို့ အဲဒီရေနံမြေမှာ လုပ်ကိုင်ခဲ့တဲ့ CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
မကွေးတိုင်းအတွင်းမှာ သိမ်းပိုက်ရရှိထားတဲ့ ရေနံမြေတွေကို တော်လှန်ရေးကာလမှာ အကျိုးရှိအောင် စီမံလုပ်ဆောင်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကို ပြောပါတယ်။
"မကွေးတိုင်းထဲက ရေနံမြေတွေ သိမ်းပိုက်ရရှိတဲ့ လုပ်ငန်းစဉ်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရအတွက်လည်း အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက နံပါတ်တစ် အနေနဲ့ စစ်ကောင်စီရဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်နိုင်ခြင်း ဖြစ်တယ်။ နံပါတ်နှစ်အချက်ကတော့ ဒီရေနံမြေတွေကို စနစ်တကျ စီမံခန့်ခွဲပြီးတော့ တော်လှန်ရေးမှာ အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက်ကိုလည်း ဆက်လက်ပြီးတော့ စီမံဆောင်ရွက်သွားဖို့ ရှိပါတယ်ဗျ"
စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လက်ရှိကာလမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေက နယ်မြေတော်တော်များများကို စိုးမိုးသိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီနယ်မြေတွေထဲမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ၊ သဘာဝသယံဇာတ ထွက်ရှိတဲ့ နေရာတွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။ အဲဒါတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေကနေ စနစ်တကျ စီမံခန့်ခွဲပြီး တော်လှန်ရေးအတွက်ရော ဒေသခံတွေအတွက်ပါ အကျိုးရှိရှိ အသုံးချနိုင်အောင် လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ဦးမောင်မောင်ဆွေက ပြောပါတယ်။
ရေနံမြေနှစ်ခု သိမ်းပိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
မကွေးတိုင်းမှာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က မြိုင်မြို့နယ်မှာရှိတဲ့ ကျောက်ခွက်ရေနံမြေ၊ ဧပြီလ ၁၉ ရက်နေ့က ပေါက်မြို့နယ်မှာရှိတဲ့ လက်ပံတို ရေနံမြေတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး အခုဆိုရင် ကာကွယ်ရေးအဖွဲ့တွေသိမ်းပိုက်ထားနိုင်တဲ့ ရေနံမြေ လေးခုအထိ ရှိနေပါတယ်။