ဂန့်ဂေါက စစ်ကောင်စီတပ်စခန်းနှစ်ခုကို သိမ်းယူထားကြောင်း NUG ကြေညာ

RFA Burmese
2024.08.16
ဂန့်ဂေါက စစ်ကောင်စီတပ်စခန်းနှစ်ခုကို သိမ်းယူထားကြောင်း NUG ကြေညာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရေနံမှော်ကင်းစခန်းနဲ့ ရေနံကျင်းကင်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအား NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Ministry of Defence – NUG

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျောတိုက်နယ်က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရေနံမှော်ကင်းစခန်းနဲ့ ရေနံကျင်းကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ်လ (၁၅) ရက်နေ့က အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးက ကြီးကြပ်ပြီး ဂန့်ဂေါခရိုင် တပ်ရင်းတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) ၂၃ က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး ဒု-အရာခံဗိုလ်တစ်ဦးအပါအဝင် (၁၂) ဦး ကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ တစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီစခန်းသိမ်း တိုက်ပွဲအတွင်း လက်နက်မျိုးစုံ အလက် ၃၀ ၊ ကျည်မျိုးစုံ ၂၆၀၀ကျော်၊ မိုင်း ခုနစ်လုံး၊ ဗုံးသီးခြောက်လုံးနဲ့ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိတယ်လို့လည်း ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း NUG ကာကွယ်ရေးလက်အောက်မှာရှိတဲ့ တောင်ပိုင်းတိုင်းစစ်ဒေသမှာ တိုက်ပွဲ အကြိမ် ၅၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၁၆၇ ဦး နဲ့ ဒဏ်ရာရရှိသူ ၁၅၄ ဦး ရှိတယ်လို့လည်း NUG က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အရပ်သား ၁၆ ဦး သေဆုံးပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

NUG ထုတ်ပြန်ကြေညာချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။