ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အနာဂတ်အလားအလာ
2024.01.31

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့အချိန်ဟာ မြန်မာနိုင်ငံရဲ့သမိုင်းနဲ့ မြန်မာ့နိုင်ငံရေးအတွင်း တပ်မတော် ပါဝင်မှုသမိုင်းမှာ မကြုံစဖူး ထူးခြားတဲ့ အချိန်ကာလ ဖြစ်ပါတယ်။
ဒီကာလဟာ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး ရှုံးနိမ့်မှု အဆိုးရွားဆုံးကာလလို့တောင် နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက ဝေဖန်သုံးသပ်နေကြပါတယ်။
"ဦးမင်းအောင်လှိုင်ကို အဆိုးဆုံးအာဏာရှင်ဆိုတာထက် အညံ့ဖျင်းဆုံးအာဏာရှင်လို့ ပြောရမယ်။ ခေတ်စနစ်အပြောင်းအလဲကို နားမလည်ဘဲ ခေတ်နောက်ပြန်ဆွဲ အာဏာသိမ်းတဲ့ ဓလေ့စရိုက်နဲ့ သွားတယ်။"
မြန်မာစစ်တပ်သမိုင်းမှာ မကြုံခဲ့ဖူးတဲ့ တပ်အရာရှိတွေ တပ်ရင်းအလိုက် လက်နက်ချအညံ့ခံတာတွေ၊ စစ်စခန်းကနေ စွန့်ခွာထွက်ပြေးကြတာတွေ၊ စစ်မဟာဗျူဟာဌာနချုပ်တွေ အပါအဝင် တပ်စခန်း ရာနဲ့ချီ စွန့်လွှတ်လိုက်ရတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် နယ်စပ်မြို့ပေါင်း ၃ဝ နီးပါးကိုလည်း ထိန်းချုပ်ထားရာက စွန့်လွှတ်ခဲ့ရတဲ့ စစ်ရေးအကျပ်အတည်းနဲ့လည်း ရင်ဆိုင်နေရပါတယ်။
တစ်ဖက်က ပြည်သူလူထုရဲ့ ထောက်ခံကြည်ညိုမှု မကြုံစဖူးကျဆင်းသွားသလို တစ်ဖက်မှာလည်း တပ်သားသစ်မရှိ၊ စစ်ပွဲတွေမှာ အကျအရှုံးများလာခဲ့တဲ့ စစ်တပ်ဟာ ၂ဝ၂၃ နှစ်ကုန်ခါနီးမှာ ပေါ်လာတဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာတော့ စစ်အင်အား လေးထောင်နီးပါး ဆုံးရှုံးသွားခဲ့ပါတယ်။
နေ့စဉ် စစ်ဆင်ရေးသတင်းတွေရဲ့ ထုတ်ပြန်ချက်နဲ့ ဖော်ပြချက်တွေအရ မြန်မာစစ်တပ်ဟာ အရပ်သားအစိုးရအပေါ် အခြေခံဥပဒေကို တလွဲသုံး အာဏာသိမ်းခဲ့တဲ့အတွက် မခံမရပ်နိုင်ဖြစ်ပြီး လက်နက်ကိုင် တော်လှန်နေတဲ့ အရပ်သားနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရဲ့ နေရာအနှံ့ စစ်မျက်နှာအနှံ့မှာ အရှုံးနဲ့ ရင်ဆိုင်နေရတာ တွေ့မြင်နေရပါတယ်။
အမေရိကန်အစိုးရ ငြိမ်းချမ်းရေးဌာန (USIP)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး၊ ဂျေဆန် တာဝါ (Jason Tower)က ....
"အခုအချိန်မှာ မြန်မာစစ်တပ်ဟာ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လျင်လျင်မြန်မြန်နဲ့ ဆုံးရှုံးနေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက်ပိုင်းမှာ တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ နယ်မြေဆုံးရှုံးမှု အများအပြား ရှိခဲ့ပါတယ်။ နယ်မြေဆုံးရှုံးမှုတွေအပြင်၊ ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ လက်နက်ချ အညံ့ခံနေကြပါတယ်။ ဒါကြောင့် ဒီစစ်ဆင်ရေးဟာ မြန်မာ စစ်တပ်အတွက် ဆက်လက်ရပ်တည်နိုင်ဖို့ အဓိက ခြိမ်းခြောက်မှု ဖြစ်လာနေပါတယ်။ မြန်မာစစ်တပ်ဟာ နိုင်ငံတစ်နိုင်ငံရဲ့တပ်မတော် ဆိုတဲ့ တရားဝင်ဖြစ်မှုကိုပါ ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။ အခုဆိုရင် စစ်တပ်အတွင်းမှာလဲ မကျေနပ်မှုတွေ ပေါ်ထွက်လာတာ မြင်နေရပါတယ်။ ဒါတွေအားလုံးဟာ အခု သုံးနှစ်အတွင်း ထူးခြားမှုတွေဖြစ်ပါတယ်။”
အကျအရှုံးတွေ နေ့စဉ်ရင်ဆိုင်နေရသလို တပ်တွင်းမှာလည်း သြဇာကျဆင်းလာတဲ့ တပ်ခေါင်းဆောင်တွေကို တိုက်ပွဲတွေမှာ အောက်ခြေတပ်သားတွေကလည်း ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ကြတာ မတွေ့ရဘဲ အလွယ်တကူ လက်နက်ချတာ၊ ထွက်ပြေးတာတွေလည်း အများအပြားရှိလာခဲ့ပါတယ်။
“တပ်ရင်းတပ်ဖွဲ့အလိုက် အုပ်ချုပ်ထောက်ပံ့မှု လိုတယ်။ အုပ်ချုပ်ထောက်ပံ့မှု ကောင်းမှ စစ်နိုင်တာ၊ စစ်တိုက်နေချိန်မှာ အများကြီး မစဉ်းစားနိုင်ဘူး၊ သူ(ခေါင်းဆောင်) ကောင်းလား ဆိုးလား မစဉ်းစားနိုင်ဘူး။ ဘာဖြစ်လို့လဲဆို အရှေ့မှာ ရန်သူရှိတယ်၊ ကိုယ် ပစ်ရင်ပစ် မပစ်ရင် သူသတ်ပဲ၊ ဆိုတော့ ကိုယ် အသေမခံနိုင်တော့ တိုက်ပဲ။ တိုက်နေရတဲ့အတွက် စားစရာ ရိက္ခာလိုတယ်၊ လက်နက်ခဲယမ်း လိုတယ်။ အဲဒါတွေမရှိရင် မပြည့်စုံဘဲ စစ်မတိုက်နိုင်ဘူး။ တပ်မတော်မှာ အားလုံးရှိထားပြီးသား၊ ဘာပြီးရင် ဘာလုပ်၊ ဘယ်အခြေအနေမှာ ဘာလုပ်ဆိုတာ မိနစ်ပိုင်းအတွင်းမှာ တာဝန်ခံအရာရှိတွေနဲ့ အမိန့်ပေး လှုပ်ရှားနိုင်တဲ့ အဖွဲ့အစည်း၊ ဒီလိုဟာတွေ လုံးဝရပ်တန့်သွားရလောက်တဲ့အထိ သူ့ရဲ့ အုပ်ချုပ်ပုံက တော်တော်ဆိုးဆိုး ဖြစ်သွားတယ်” လို့ CDM တပ်မတော်သားတစ်ဦးက ပြောပါတယ်။
ဒါတွေဟာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းမှု သုံးနှစ်အကြာမှာ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘာလဲ ဘယ်လဲ
၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရွေးကောက်ပွဲအရ အာဏာရထားတဲ့ အရပ်သားခေါင်းဆောင်တွေကို သက်သေအထောက်အထား မခိုင်လုံတဲ့ ရွေးကောက်ပွဲပြဿနာတွေကို အကြောင်းပြပြီး ဖမ်းဆီးအကျဉ်းချပြီး အာဏာသိမ်းခဲ့တဲ့ တပ်မတော်ဟာ သုံးနှစ်အကြာမှာ မြန်မာပြည်သူအများစုရဲ့ ထောက်ခံမှုအနိမ့်ဆုံးနေရာမှာ ရောက်ရှိသွားပါတယ်။
ပြည်သူထောက်ခံမှု အနိမ့်ဆုံးကျဆင်းရုံတင်မဟုတ်ပါဘူး။ နိုင်ငံရေးမှာ ခေတ်အဆက်ဆက် ပါဝင်စွက်ဖက်ခဲ့တဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍဟာလည်း အနိမ့်ဆုံးအခြေအနေကို ရောက်သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်နိုင်ငံလုံးအနှံ့ လက်နက်ကိုင်တော်လှန်မှုတွေ ကြုံနေရတဲ့အတွက် တပ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ အင်အားတွေကိုပါ ချည့်နဲ့သွားခဲ့တယ်လို့ တပ်မတော်သားဟောင်းတွေနဲ့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
ဒီလို တပ်မတော်ကြီးကို အနိမ့်ဆုံးရောက်သွားအောင် အဓိက ဦးဆောင်ခဲ့သူကတော့ မြန်မာ့တပ်မတော်ရဲ့ ဆယ်ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။
“သူကတော့ ကိုယ့်စစ်တပ်ရဲ့ အခြေအနေမှန်ကိုလည်း ကောင်းစွာနားမလည်တဲ့ ညံ့ဖျင်းတဲ့ စစ်အာဏာသိမ်းခေါင်းဆောင်လို့ ပြောချင်တယ်။ ဦးမင်းအောင်လှိုင်ကို အဆိုးဆုံးအာဏာရှင်ဆိုတာထက် အညံ့ဖျင်းဆုံးအာဏာရှင်လို့ ပြောရမယ်။ ခေတ်စနစ်အပြောင်းအလဲကို နားမလည်ဘဲ ခေတ်နောက်ပြန်ဆွဲ အာဏာသိမ်းတဲ့ ဓလေ့စရိုက်နဲ့ သွားတယ်။ ခေတ်နောက်ပြန်ဆွဲ အယူအဆနဲ့ တိုင်းပြည်ကို အင်အားသုံးလုပ်လိုက်ရင် ရမယ်လို့ထင်တဲ့ ခပ်ညံ့ညံ့ခေါင်းဆောင်ပေါ့” လို့ CDM တပ်မတော်သား ကိုနောင်ရိုးက ပြောပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ် ဝါရင့်နိုင်ငံရေးသမားနဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာတင့်ဆွေကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့လုပ်ရပ် နောက်ဆက်တွဲအကျိုးအပြစ်ကို ကိုင်တွယ်နိုင်စွမ်း ညံ့သူလို့ ရှုမြင်ပါတယ်။
“သူဟာ အစကတည်းက အဲဒါတွေ ကြိုတွက်ပုံမရဘူး။ သူဟာ ကိုင်တွယ်နိုင်စွမ်း တော်တော်ညံ့တယ်။ တည်ဆောက်မှုပုံ အတော်ညံ့တယ်။ သူယူထားတဲ့ စစ်တပ်ကလည်း သူ့ဘက်မှာ မရှိသလောက်ဖြစ်နေတော့ ဒီလူကို တကယ်ညံ့တယ်လို့ ပြောရခြင်း ဖြစ်တယ်။ သူဆက်လုပ်လေလေ အချိန်ကြာလေလေ ဒီလို ဦးနှောက်ဉာဏ်စွမ်း မသုံးနိုင်တဲ့ လုပ်ရပ်တွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ဆွဲချတဲ့အဖြစ် ရောက်သွားမယ်လို့ ကျွန်တော်မြင်တယ်”
မြန်မာနိုင်ငံအလယ်ပိုင်း တနင်္သာရီတိုင်း၊ ထားဝယ်ဇာတိ ပညာရေးဝန်ထမ်းမိဘတွေကနေ မွေးဖွားလာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မိဘတွေ တာဝန်ကျတဲ့ မကွေးတိုင်း မင်းဘူးမြို့မှာ မွေးဖွားခဲ့ပြီး အထက်တန်းကို ရန်ကုန်၊ လသာအထက်တန်းကျောင်းကနေ ၁၉၇၂ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာ သင်ယူနေရင်း ၁၉၇၄ မှာ စစ်တက္ကသိုလ်ဝင်ခွင့်ကို သုံးကြိမ်မြောက် ကြိုးစားတဲ့အခါ အပတ်စဉ် ၁၉ ဝင်ခွင့်အောင်မြင်ခဲ့တယ်လို့ (Britannica ဗြိတိန်စွယ်စုံကျမ်း နဲ့ Nikkei Asia) က ရေးပါတယ်။ သူဟာ ဗိုလ်လောင်းဘဝကတည်းက ထင်ပေါ်ကျော်ကြားသူတစ်ယောက် မဟုတ်ခဲ့သလို ကြီးကြီးမားမား ပြစ်မှုတစ်စုံတစ်ရာလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ၂ဝဝ၃- ၂ဝဝ၄ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်လာချိန် သူ့အကြောင်းကို တပ်တွင်းမှာ လူပိုသိလာကြပေမယ့် အများစုက မလုပ်-မရှုပ်-မပြုတ် ခပ်အေးအေးနေတတ်သူ တစ်ယောက်လို့သာ တွက်ထားခဲ့ကြပါတယ်။
စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်လာချိန်ကနေစလို့ အာဏာပါဝါပြပြီး တပ်တွင်းမှာ လက်အောက် ငယ်သားတွေအပေါ် ဖိနှိပ်၊ ခေါင်းပုံဖြတ်တတ်သူ၊ အကြီးအကဲတစ်ယောက်အနေနဲ့ လေ့လာမှတ်သား အတုယူစရာ မရှိခဲ့သူတစ်ယောက်လို့ CDM တပ်မတော်သားတွေက ပြောကြပါတယ်။
သူဟာ ထူးခြားပြောင်မြောက်တဲ့ တိုက်ခိုက်ရေးစွမ်းရည်မရှိဘဲ အဆင်ဆင့် အထက်လူကြီးတွေက ခေါင်းခေါက် နေရာပေးမှုကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသူလို့ တပ်အသိုင်းအဝိုင်းနဲ့ နိုင်ငံရေးအကဲခတ်တွေက ရှုမြင်ကြပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ အကင်းပါးမှု၊ အထက်လူကြီးတွေအပေါ် ဂါဝရတရားရှိမှု၊ ထိပ်ဆုံးရောက်အောင် ဘယ်လိုတက်လှမ်းရမယ် ဆိုတာ ကောင်းကောင်းသိတဲ့ အရည်အချင်းတစ်ခုကြောင့် ဒီလိုအခြေအနေအထိ တက်လှမ်းနိုင်ခဲ့တယ်လို့ တပ်မတော်သားဟောင်းတွေက ပြောကြပါတယ်။
သူ့ရဲ့ ဖိနှိပ်အုပ်ချုပ်မှု၊ အာဏာပြမှုအောက်မှာ နေခဲ့ဖူးတဲ့ အပတ်စဉ်တချို့ကတော့ သူ တပ်ချုပ်ဖြစ်ချိန်မှာ ထိုင်ငိုဖူးသူတွေတောင် ရှိခဲ့တယ်လို့ အပတ်စဉ်တူ စီနီယာတပ်မတော်အရာရှိတစ်ဦးဆီက ကြားခဲ့ရတဲ့အကြောင်း CDM တပ်မတော်သားတစ်ဦးက ပြန်ပြောပြပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူချိန် ၂ဝဝ၉ ခုနစ်က ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ကို တိုက်ခိုက်ဖယ်ရှားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ ကိုးကန့်ဒေသကို ထိန်းချုပ်နိုင်ခဲ့အပြီး အဲဒီအချိန်က စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စပြီး သဘောကျခဲ့တာလို့ ၂ဝ၂၁ အာဏာသိမ်းပြီးနောက် ဖော်ပြခဲ့တဲ့ Nikkei Asia သတင်းဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြခဲ့ပါတယ်။
သူ ကျောင်းအုပ်ဘဝက တပ်တွင်းအရေးယူခဲ့သူတွေကို တပ်ချုပ်ဖြစ်ချိန်အထိ တေးမှတ်ထားပြီး မင်နီတား ရာထူးတိုးခွင့်မပေးခဲ့တာ၊ ဒါဟာ စစ်တပ်မှာ လုပ်ရိုးလုပ်စဉ်မရှိခဲ့ဘဲ သူ စိတ်ကြိုက် အရေးယူအပြစ်ပေးခဲ့တာလို့ ဆိုကြပါတယ်။
သူ စစ်တက္ကသိုလ်ကျောင်းအုပ်ဖြစ်ချိန်က သူ့ထက် တော်တယ် တတ်တယ်လို့ အများရဲ့ ချီးမွမ်းခံခဲ့ရတဲ့ အင်ဂျင်နီယာကျောင်းအုပ်ကြီးအပေါ် မကျေလည်ခဲ့တာကို သူ တပ်ချုပ်ဖြစ်ချိန်က အင်ဂျင်နီယာကျောင်း သင်တန်းဆင်းပွဲကို နှစ်နှစ်ဆက်တိုက် မတက်ခဲ့ဘဲ ပြသခဲ့ဖူးတယ်လို့ CDM တပ်မတော်သားဟောင်းတွေက ပြောပါတယ်။
သူ့ရဲ့ တပ်ခရီးတွေအပြင် သာမန်လမ်းကြောင်းတွေမှာတောင် သူ့ကို ရှင်ဘုရင်လို ဧည့်ခံမှုမျိုးနဲ့ တည်ခင်းရတာမျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ သူဟာ စစ်တိုက်၊ ဘုရားတည်ပြီး စစ်ဘုရင်ရူး ရူးနေသူလို့လည်း မှတ်ချက်ပြုကြပါတယ်။
“သူ ဆံပင်ညှပ်ရင် မြေပေါ်ကို တစ်စတောင် အကျမခံဘူး။ သူ့ဘုန်းသမ္ဘာနိမ့်မှာစိုးလို့ ဆိုပြီး သူဆံပင်ညှပ်ရင် အနည်းဆုံး လူလေးငါးယောက် လိုတယ်လို့ ကြားတယ်။ အဲဒါ သိရချိန်တုန်းက ဒီလူ ရူးများရူးနေလားလို့ ပေါ့နော်။ တိုင်းမှူးဆိုပြီး လုပ်ချင်တိုင်းလုပ်လို့ရတာလားပေါ့နော်။” လို့ အမည်မဖော်လိုသူ CDM တပ်မတော်သားအရာရှိတစ်ဦးက ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာအပြီးမှာတော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ အာဏာ၊ ဂုဏ်ပကာသနနဲ့ အဆောင်အယောင် မက်မောသူ၊ အငြိုးအတေးကြီးသူ၊ မလိုမုန်းတီးစိတ်ကြီးသူတစ်ဦးလို့ စစ်တပ် အသိုင်းအဝိုင်း နဲ့ အရပ်ဘက်လေ့လာသူတချို့က တညီတညွတ်တည်း မှတ်ချက်ချကြပါတယ်။
သူပြီးရင် တပ်ချုပ်အဖြစ် နံပါတ်တစ် ပြေးနေတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို နေရာမပေးဘဲ ချောင်ထိုးထားတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသူဆိုပြီး နာမည်ထွက်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို အနားပေးလိုက်တဲ့ လုပ်ရပ်တွေကို ထောက်ပြပြီး မလိုမုန်းတီးစိတ်ကြီးသူလို့ တပ်မတော်သားအရာရှိဟောင်းတွေက ကောက်ချက်ချကြပါတယ်။
ဗေဒင်၊ ယတြာတွေနဲ့ မကင်းလွတ်တဲ့ တပ်ခေါင်းဆောင်တွေနည်းတူ ကိန်းဂဏန်းတွေနဲ့ အယူသီးသူ တစ်ယောက်လည်း ဖြစ်တယ်လို့လည်း CDM တပ်မတော်သားတွေက ပြောကြပါတယ်။ သူက စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်းဖြစ်လို့ တစ်ဂဏန်းကို ရူးသွပ်သူ၊ တစ်ဂဏန်းသမားတွေကိုဆို သဘောကျအရေးပေးပြီး သူ့ကိုယ်သူလည်း နံပါတ်တစ် ခေါင်းဆောင်အဖြစ် ခံယူထားသူလို့ ပြောကြပါတယ်။ အဲဒါကြောင့်ပဲ သူ့ကိုယ်သူ တစ်ချိန် နိုင်ငံ့ခေါင်းဆောင်ရယ်လို့ မျှော်လင့်ချက်ထားခဲ့ပုံရပါတယ်။ သူနဲ့ပတ်သက်ရင် ချန်ထားခဲ့လို့မရတဲ့ အကြောင်းအရာတစ်ခုကတော့ သူ့ရဲ့ သမ္မတအိပ်မက်ပါ။
သမ္မတအိပ်မက် ရူးသွပ်သူ
သူ ဘယ်လောက် သမ္မတအိပ်မက်ကို ရူးသွပ်လဲဆိုတာ တပ်အသိုင်းအဝိုင်းတင်မက အရပ်ဘက်ကလည်း သိခဲ့ကြပါတယ်။ ၂ဝ၁၆ ခုနှစ်ကတည်းက ပင်စင်ယူရတော့မယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့တပ်ချုပ် လုပ်ပိုင်ခွင့်နဲ့ ငါးနှစ် သက်တမ်းတိုးခဲ့ပြီး ၂ဝ၂၁ ဧပြီမှာ အနားယူရတော့မှာ ဖြစ်ပေမဲ့ အာဏာကို ကုပ်တွယ်ထားချင်သေးတဲ့ ဆန္ဒကြောင့် သမ္မတအိပ်မက်ကို ရူးသွပ်ခဲ့သူလို့ နိုင်ငံရေးအကဲခတ်တွေနဲ့ တပ်မတော်သားဟောင်းတွေက သုံးသပ်ကြသလို၊ သူနဲ့နီးစပ်တဲ့ တပ်အရာရှိတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ပြည်ပသတင်းဌာနတွေကလည်း ဖော်ပြခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ သမ္မတ ရည်မှန်းချက်ကို ၂ဝ၂ဝ မတိုင်ခင် ပေါ်ပေါ်ထင်ထင် မသိသာစေခဲ့ဘူးလို့ ဆိုရပါမယ်။ ၂ဝ၂ဝ ခုနှစ် ဇွန်လ ၂၅ရက်နေ့က ရုရှားခရီးစဉ်အတွင်း ရုရှားအခြေစိုက် Arguments and Facts သတင်းဌာနနဲ့ မေးမြန်းချက်မှာ ရွေးကောက်ပွဲအပြီး ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်မလဲလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မေးမြန်းခဲ့ချိန်မှာတော့ သူ့ရဲ့ နှစ်ပေါင်း လေးဆယ်ကျော် တပ်တွင်း စစ်ရေးအတွေ့အကြုံ၊ ခေတ်သုံးခေတ်ကို ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးအတွေ့အကြုံ၊ အုပ်ချုပ်ရေး အတွေ့အကြုံတွေဟာ တိုင်းပြည်အတွက် အထောက်အကူပြုမှာ ဖြစ်တယ်လို့ ပြောခဲ့ပြီး ပြည်သူဆန္ဒနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီကစပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတနေရာအထိ ရည်မှန်းထားတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို နိုင်ငံရေးအကဲခတ်တွေက ခိုင်ခိုင်မာမာ ပြောခဲ့ကြပါတယ်။
သူ့ရဲ့ သမ္မတဖြစ်လိုမှုကြောင့်ပဲ ၂ဝ၂ဝ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာ တပ်မတော်သားတွေဟာ ထင်ထင်ပေါ်ပေါ် မဟုတ်ပေမဲ့ နိုင်ငံရေးပါတီတွေနည်းတူ ပြည်သူလူထုကြားမှာ စည်းရုံးရေး ဆင်းရတယ်လို့ အဲဒီအချိန်က ပါဝင်ခဲ့ရတဲ့ တပ်မတော်သားဟောင်းတွေက ပြောပါတယ်။
၂ဝ၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကရတဲ့ အနိုင်ရမဲနဲ့ လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်းပေါင်းပြီး သမ္မတရာထူးကို သူ ရယူမယ်လို့ ကြံစည်ခဲ့သူပါ။
ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီကို သူ မျှော်မှန်းထားသလို ပြည်သူလူထုက လက်မခံဘူးဆိုတဲ့ အခြေအနေအမှန်ကို သူမသိခဲ့ပါဘူး။ ကြံ့ခိုင်ရေးပါတီကို ပြည်သူတွေက မကြိုက်တဲ့ အရှိတရားကို သူ မသုံးသပ်မိခဲ့တာဟာ သူ့ဆီတင်ပြရတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေထဲမှာ စစ်တပ်ကျောထောက်နောက်ခံနဲ့ တိုင်းပြည်ကို ဂုတ်သွေးစုပ်နေခဲ့တဲ့ စစ်သားတွေ ဦးဆောင်တဲ့ ဒီပါတီကို ပြည်သူတွေ မကြိုက်ဘူးဆိုတဲ့ အခြေအနေမှန် သတင်းတွေ အစီရင်ခံတဲ့အထဲ ထည့်မဖော်ပြရဲခဲ့ကြဘူးလို့လည်း တပ်မတော်သားဟောင်းတွေက ဆိုပါတယ်။
"မြန်မာစစ်တပ်ဟာ နိုင်ငံတစ်နိုင်ငံရဲ့တပ်မတော် ဆိုတဲ့ တရားဝင်ဖြစ်မှုကိုပါ ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။ အခုဆိုရင် စစ်တပ်အတွင်းမှာလဲ မကျေနပ်မှုတွေ ပေါ်ထွက်လာတာ မြင်နေရပါတယ်"
RFA က မေးမြန်းခဲ့တဲ့ CDM တပ်မတော်သားတွေရဲ့ ပြောဆိုချက်အရ ၂ဝ၂ဝ ရွေးကောက်ပွဲမတိုင်ခင်ကာလတွေမှာ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေကို တပ်နယ်အလိုက် စုစည်းတင်ပြခဲ့ရတယ်လို့ သိရပါတယ်။
အဲ့ကာလက စည်းရုံးရေးသဘောနဲ့ တန်ဖိုးနည်း ထမင်းဟင်း ခေါင်းစဉ်တပ်ပြီး အောက်ခြေတပ်တွေက သက်ဆိုင်ရာနယ်မြေအလိုက် ဈေးသက်သက်သာသာနဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ ရောင်းချခဲ့ရတာ၊ ပြည်သူတွေနဲ့ နီးစပ်ပြီး စည်းရုံးလို့ကောင်းတဲ့ နည်းလမ်းအရ နယ်လှည့်ဆေးကုသပေးတာတွေ ကိုလည်း တပ်မတော်သားတွေဟာ ပုံမှန်ထက်ပိုပြီး လုပ်ပြခဲ့ရတယ်လို့ အဲဒီအချိန်က တာဝန်ကျခဲ့တဲ့ တပ်မတော်သားဟောင်းတွေက ဆိုကြပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် ၂ဝ၂ဝ အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်းက ရွှေဘိုမှာ သူ ဒုတိယအကြိမ် အောင်မြေသွားနင်းခဲ့ပါသေးတယ်။ အဲဒီချိန်က ဒေသခံပြည်သူတွေရဲ့ တုံ့ပြန်မှုကြောင့် အကြီးအကျယ် စိတ်ဆိုးပေါက်ကွဲခဲ့တယ်ဆိုတဲ့သတင်း တပ်တွင်းမှာ ပျံ့ခဲ့တယ်လို့ အပတ်စဉ် ၅၂ ဆင်းတဲ့ CDM တပ်မတော်သားတစ်ဦးက ပြောပါတယ်။
စစ်အာဏာရှင်ဟောင်းများနှင့် မိသားစုဝင်များ
မြန်မာပြည်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ထင်ရှားတဲ့ စစ်အာဏာသိမ်းမှု သုံးကြိမ်ပေါ်ပေါက်ခဲ့ပြီး သမိုင်းမှာ နာမည်ပျက်နဲ့ အဆုံးသတ်ခဲ့ရတဲ့ အာဏာရှင်ခေါင်းဆောင် သုံးယောက်ကိုလည်း တွေ့မြင်ရမှာပါ။
မြန်မာပြည်မှာ အာဏာသိမ်းယဉ်ကျေးမှု ကြီးထွားလာတာကို အရင်းစစ်ရင် ၁၉၅၉ ခုနှစ်က ဖဆပလ အစိုးရကို ဖြုတ်ချပြီး ဝန်ကြီးချုပ်ဦးနုဆီက အိမ်စောင့်အစိုးရနာမည်နဲ့ အတင်းအကျပ် အာဏာရယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းက အစပြုတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
“၁၉၅၈ မှာ အာဏာသိမ်းဖို့ ဆွေးနွေးကြတယ်၊ ဦးနုက လက်မခံဘဲ လွှဲပေးလိုက်လို့ အာဏာသိမ်းမှု မဖြစ်ခဲ့တာ၊ ၆၂ ကျတော့ အာဏာကို သိမ်းလိုက်တာပေါ့။ အဲ့တော့ အာဏာသိမ်းတဲ့ခေတ်ကို အစပြုတာ ဦးနေဝင်းကလို့ ပြောရမှာပေါ့။” လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
၁၉၅၈ မှာ ပထမတကြိမ် အခြေခံဥပဒေအရ အာဏာသိမ်းအပြီး အာဏာပြန်လွှဲခဲ့တဲ့ ဦးနေဝင်းဟာ ၁၉၆၂ မှာ အခြေခံဥပဒေဖျက်သိမ်းပြီး ဒုတိယအကြိမ် အာဏာသိမ်းခဲ့ပါတယ်။
“အာဏာသိမ်းပြီးတော့ တိုင်းပြည်ကို ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဆိုတာ ထင်ထင်ရှားရှား လက်ညှိုးထိုးပြပါဆိုရင် သူပဲရှိတယ်လေ၊ ကျိန်းသေတာက သူက နောက်မွေးထုတ်လိုက်တဲ့သူ တွေပေါ့ဗျာ၊ ဗိုလ်ချုပ်စောမောင်တို့ပဲဖြစ်ဖြစ်၊ အခုရှိနေတဲ့ ဗိုလ်ချုပ်သန်းရွှေတို့ပဲဖြစ်ဖြစ်၊ အခုရှိနေတဲ့ မင်းအောင်လှိုင်တို့ပဲ ဖြစ်ဖြစ် အခြေခံကတော့ ဗိုလ်ချုပ်နေဝင်းက မွေးထုတ်ပေးလိုက်တဲ့သူတွေဖြစ်တယ် လို့ ပြောချင်တယ်၊ ဗိုလ်ချုပ်နေဝင်းကအစ ကနေ့ မင်းအောင်လှိုင်အဆုံးပေါ့ဗျာ"လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
အဲ့အချိန်က အရပ်သားအစိုးရခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင် အများအပြား ဦးနေဝင်း ဦးဆောင်တဲ့ စစ်တပ်ရဲ့ မတရား ဖမ်းဆီးအကျဉ်းချခံခဲ့ရပါတယ်။ အဲဒီနောက် ၁၉၇၄ ခုနှစ်မှာတော့ ၇၄ ဖွဲ့စည်းပုံကို ရေးဆွဲကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တည်ထောင်ပြီး တစ်ပါတီအာဏာရှင်စနစ်နဲ့ ဆက်အုပ်ချုပ်ခဲ့ပါတယ်။
“ဦးနေဝင်းက ရိုးရိုးသားသား အာဏာသိမ်းတာမဟုတ်ဘူး။ အာဏာရှင်ကြီး လုပ်ချင်လို့ အာဏာ သိမ်းတာဖြစ်သွားတဲ့အတွက်ကြောင့် တိုင်းပြည်လည်း ပျက်စီးသွားတယ်။ ဒါပေမဲ့ သူက ဘာနဲ့ထိန်း နိုင်လဲဆိုတော့ ပါတီတွေ ဘာတွေ ထောင်ပြီးတော့ သေသေချာချာလုပ်ခဲ့တော့ တိုင်းပြည်က ဖရိုဖရဲတော့ ဖြစ်မသွားဘူး။” လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
မြန်မာ့နိုင်ငံရေးအာဏာကို ၂၆ နှစ်ကျော် အာဏာယူခဲ့တဲ့ ဦးနေဝင်းဟာ ၁၉၈၈ သြဂုတ်လမှာ တစ်နိုင်ငံလုံး ပါဝင်တဲ့ ဒီမိုကရေစီအရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကြောင့် သူရဲ့ မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီကနေ နုတ်ထွက်ခဲ့ရပြီး အာဏာက တရားဝင်ဆင်းပေးခဲ့ရပါတယ်။ သူ့ကိုယ်စား တပည့်လက်သားတွေကို ခေါင်းဆောင်အဖြစ် ထားခဲ့ပေမယ့် ကြာကြာမခံနိုင်ဘဲ တစ်ဦးပြီး တစ်ဦး ရာထူးက ထွက်ခဲ့ရပါတယ်။ ဒီလိုနဲ့ သူ့သြဇာညောင်းတဲ့ ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်ပြီး စစ်တပ်က အာဏာထပ်သိမ်းခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၉၂ ဗိုလ်ချုပ်ကြီးစောမောင်ကို အတင်းအကျပ် အငြိမ်းစားပေးပြီး အာဏာရယူလာတဲ့ ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီးသန်းရွှေလက်ထက် ၂ဝဝ၂ မှာ ဦးနေဝင်းရဲ့ သမီးဖြစ်တဲ့ ဒေါ်စန္ဒာဝင်း မိသားစုဟာ နိုင်ငံတော် အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။ ဦးနေဝင်း နဲ့ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းကို အဲ့အချိန်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ် နအဖ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသန်းရွှေက နေအိမ်အကျယ်ချုပ်ချခဲ့ပြီး သားမက်ဖြစ်တဲ့ ဦးအေးဇော်ဝင်း၊ မြေးတွေဖြစ်တဲ့ ကိုကျော်နေဝင်း၊ ကိုအေးနေဝင်းနဲ့ ကိုဇွဲနေဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု စွပ်စွဲချက်နဲ့ သေဒဏ် အမိန့်ချခဲ့တာပါ။
ဦးနေဝင်းဟာ အသက် ၉၂ နှစ်အရွယ် ၂၀၀၂ ခုနှစ် ဒီဇင်ဘာမှာ ကွယ်လွန်ခဲ့ပါတယ်။
“ဆုံးတဲ့အခါမှာလည်း အရှေ့တောင်အာရှမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်အာဏာရှင်ကြီးဖြစ်တဲ့ သူ့ရဲ့ နောက်ဆုံးခရီးက သူ့တပည့် သန်းရွှေကပဲ ဟိုဟာ မလုပ်ရဘူး ဒီဟာမလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ထားခဲ့တယ်ပေါ့နော်။ လူတွေ စည်စည်ကားကား၊ သိုက်သိုက်မြိုက်မြိုက်နဲ့ လုပ်ပေးခဲ့ရတာမရှိဘူး။ ခွဲခြားဆက်ဆံမှုတွေ၊ အကန့်အသတ်တွေနဲ့ နောက်ဆုံးပြီးသွားခဲ့ရတယ်။” လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောပါတယ်။
ရဲဘော်သုံးကျိပ်ဝင်၊ ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ လမ်းစဉ်ပါတီဥက္ကဋ္ဌ စတဲ့ တာဝန်တွေယူခဲ့တဲ့ အာဏာရှင် ဦးနေဝင်းရဲ့ ဈာပနဟာ မိသားစုဝင်တွေ အစုံအလင် မရှိခဲ့သလို သူအာဏာရှိစဉ် ဝန်းရံခဲ့တဲ့ တပည့်တပန်းတွေလည်း မပါခဲ့ဘဲ အကျဉ်းချုံး နေ့ချင်းသင်္ဂြိုဟ်ခဲ့ရပါတယ်။
“သူက နန်းကျဘုရင်ပေါ့ဗျာ၊ နန်းကျဘုရင်ဆိုတာ သူ့ရဲ့ထောက်တိုင်တွေ ဖြိုလှဲခံရတာပေါ့။ ခင်ညွန့်တို့ နောက်ပြီးတော့ ဦးထွန်းကြည်တို့ သူတို့တတွေ အာဏာဖယ်ရှားခံရတယ်။ သူ့နောက်ဆုံးအချိန်မှာ သူ့မြေးတွေ ဖမ်းဆီးချုပ်နှောင်ခံရတဲ့အခြေအနေ ဖြစ်တာပေါ့။ ဒါကြောင့် ဦးနေဝင်း ဈာပနဆိုတာ လူအနည်းစုလေးနဲ့ ကျင်းပခဲ့ရတာ” လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပြပါတယ်။
၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ဘာရာထူးအာဏာမှ တပ်မထားတော့ပေမဲ့ ဦးနေဝင်းဟာ စစ်တပ်နိုင်ငံရေးမှာ အကြံပေးတစ်ဦးသဖွယ် အာဏာစက် သက်ရောက်နေဆဲဖြစ်ခဲ့ပြီး အဲဒါကြောင့်ပဲ သူ့မိသားစုကို ဦးသန်းရွှေက ဖမ်းဆီးအကျဉ်းချခဲ့တာဖြစ်တယ်လို့ ဦးနေဝင်းနဲ့ မိသားစုအကြောင်း ထုတ်ဝေခဲ့တဲ့ စာအုပ်တစ်အုပ်ထဲမှာ ထောင်ကနေ လွတ်လာပြီးနောက် မြေးဖြစ်သူ ကိုအေးနေဝင်းက ထုတ်ပြောခဲ့ပါတယ်။
မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူတွေထဲကတစ်ဦးဖြစ်ခဲ့တဲ့ ဦးနေဝင်းလက်ထက်ကစပြီး ကိုယ်ကျိုး စီးပွားကို အခြေခံတဲ့ အာဏာသိမ်းစစ်အာဏာရှင်တွေအတွက် တပ်မတော်ဟာ အသုံးချခံတစ်ခုသာ ဖြစ်ခဲ့တယ်လို့ တပ်မတော်အရာရှိဟောင်းတစ်ဦးက ဆိုပါတယ်။
“စစ်တပ်ရဲ့ပါဝါ ကြီးထွားလာချိန်မှာ စစ်အာဏာသိမ်းဖို့ ကြိုတင်ကြံစည်ခဲ့တာ၊ စစ်တပ်ကလည်း အတိုင်းအတာတစ်ခုအထိ ခိုင်မာအားကောင်းခဲ့တယ်၊ သူတိုင်းပြည်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တယ်။ အာဏာရှင်စနစ်ကို ကောင်းကောင်းတည်ဆောက်နိုင်ခဲ့တယ်၊ စစ်တပ်ကို အသုံးချပြီး သူ့အကျိုးစီးပွားအာဏာကို တည်ဆောက်ခဲ့တာ၊ ၆၂ နောက်ပိုင်းမှာ အာဏာရှင်အသုံးချခံ စစ်တပ်အဖြစ် ပုံစံသွင်းခဲ့တယ်”
ဗိုလ်ချုပ်ကြီးခင်ညွန့် (စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း)
မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့အကြောင်း ပြောရင် ချန်ခဲ့လို့မရသူက စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်ပါ။
ဦးခင်ညွန့်ဟာ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြှောက်စားမှုနဲ့ ဦးနေဝင်းရဲ့ ကိုယ်ရေးအရာရှိ၊ စစ်ထောက်လှမ်းရေးအကြီးအကဲ၊ ၁၉၈၈ စစ်အာဏာသိမ်းခဲ့တဲ့ နဝတ၊ နအဖအဖွဲ့ အတွင်းရေးမှူး ရာထူးတွေအပြင် ဗိုလ်ချုပ်ကြီးရာထူးနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်တွေကို ၂ဝဝ၄ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၂ဝဝ၄ ခုနှစ်ရာထူးက ဖယ်ရှားခံရတဲ့အချိန်အထိ တိုင်းပြည်ရဲ့ နံပါတ် သုံး ခေါင်းဆောင်အနေနဲ့ သြဇာအာဏာကြီးခဲ့သူဖြစ်ပါတယ်။
၁၉၈၀ ပြည့်နှစ်တွေကစလို့ အာဏာရှင်ကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူတွေကို ဖိနှိပ်တဲ့ စစ်ထောက်လှမ်းရေးယန္တရားကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ ၂ဝဝ၄ ခုနစ်မှာ အမိန့်မနာခံမှုနဲ့ ရုတ်တရက် ရာထူးက ဖယ်ရှားခံရပြီး အဂတိလိုက်စားမှုတွေနဲ့ ထောင်ဒဏ် ၄၄ နှစ် အပြစ်ပေးတာခံခဲ့ရပါတယ်။ အဲဒီနောက် ဆိုင်းငံ့အပြစ်ဒဏ်နဲ့ နေအိမ်အကျယ်ချုပ် ကျခဲ့ပါတယ်။ သူဦးဆောင်တည်ဆောက်ခဲ့တဲ့ တစ်နိုင်ငံလုံးက ကြောက်လန့်ရတဲ့ စစ်ထောက်လှမ်းရေးတစ်ဖွဲ့လုံးလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ... “နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ခင်ညွန့်က မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ဘူး။ သူ့ရဲ့ လက်ဝါးစောင်း ထက်နေတဲ့ စစ်ထောက်လှမ်းရေးကို အကွက်ချပြီး ကက(ကြည်း) က ကက(လှမ်း)ကို ပြန်ပြီး ဖြိုခွဲပစ်လိုက်တာ။ ဘဝတွေ ပျက်ပြီးတော့ သူ့တပည့်တွေအားလုံးလည်း ထောင်နန်းစံသွားတယ်” လို့ ပြောပါတယ်။
၂ဝ၁၂ ဇန်နဝါရီ ၁၃ ရက်နေ့မှာတော့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဦးခင်ညွန့် ပြန်လွတ်မြောက်ခဲ့ပါတယ်။ ပြန်လည်လွတ်မြောက်ချိန်မှာ ဦးခင်ညွန့်က နိုင်ငံရေးမလုပ်တော့ဘဲ အမျိုးသားရေးပဲ လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ အခုချိန်မှာတော့ သူဟာ အယ်ဇိုင်းမားရောဂါ ခံစားနေရပြီး ဆေးကုသမှုခံယူနေရတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
ဦးခင်ညွန့်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာမှာ သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။
စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
၁၉၈၈ အာဏာသိမ်းမှုကို ဦးသန်းရွှေ ဦးဆောင်တာမဟုတ်ခဲ့ပေမဲ့ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ၁၉၉၂ ခုနှစ်မှာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ဖြုတ်ချပြီးတဲ့နောက် ဒုတပ်ချုပ်ကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး စစ်အာဏာရှင်လက်သစ်ဖြစ်လာခဲ့ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကနေ ပေါ်ပေါက်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့ပေမဲ့လည်း အာဏာလွှဲမပေးဘဲ ဖမ်းဆီးထောင်ချပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်အောင် ဖန်တီးခဲ့သူလို့ ပြောရင်လည်း မမှားပါဘူး။
ဦးသန်းရွှေဟာ ၁၉၅၂ ခုနှစ်က ဗိုလ်လောင်းအမှတ်စဉ် - ၉ တက်ရောက်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဒုတပ်ချုပ်၊ တပ်ချုပ်၊ နဝတ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ နအဖ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စတဲ့ ရာထူးအဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်မှာ မြန်မာပြည် နိုင်ငံရေးကနေ အနားယူခဲ့တယ်လို့ စစ်တပ်မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီလို သူတာဝန်ယူထားချိန်အတောအတွင်း နာဂစ်ဖွဲ့စည်းပုံလို့ ခေါ်တွင်ခဲ့ရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်နိုင်ငံလုံးအနှံ့ နာဂစ်မုန်တိုင်း ရိုက်ခတ်မှုဒဏ်ကို ခံရပြီးနောက် အသက်ဆုံးရှုံးခဲ့တဲ့ ပြည်သူပေါင်းများစွာ အရေးကို မျက်ကွယ်ပြုပြီး ရက်ပိုင်းအတွင်း လူထုဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုခဲ့သူပါ။
အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သူအပါအဝင် စစ်တပ်ခေါင်းဆောင်တွေအပေါ် နောက်ကြောင်းပြန် အရေးမယူနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ၊ လူထုက ထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် ထည့်သွင်းထားတဲ့ တားမြစ်ကန့်သတ်ချက်တွေနဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုအပေါ် အာမခံချက်တွေနဲ့ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံပါ။
၂၀၀၈ အခြေခံဥပဒေကို အခြေတည်ကာ ၂ဝ၁၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပစေခဲ့ပြီး စစ်သား တစ်ပိုင်း-အရပ်သားအစိုးရဖြစ်လာတဲ့ ဦးသိန်းစိန်ကို အာဏာလွှဲပေးခဲ့ပါတယ်။ ဒါကြောင့် ဦးသန်းရွှေဟာ အမြော်အမြင်ရှိရှိနဲ့ ကြိုတင်အကွက်ချပြီး နိုင်ငံရေးထွက်ပေါက်ကို ဖန်တီးနိုင်သူလို့ ရှုမြင်ခဲ့ကြပါတယ်။
အမည်မဖော်လိုတဲ့ တပ်မတော်အရာရှိဟောင်းတစ်ဦးကတော့ လက်ရှိမြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေက တရားခံလို့ ဆိုပါတယ်။
"ပြောရရင်တော့ အခုဖြစ်နေတဲ့ ကိစ္စတွေအားလုံးက ဦးသန်းရွှေတို့ ထားခဲ့တဲ့မျိုးစေ့တွေ၊ ဦးသန်းရွှေတို့က စစ်တပ်အပေါ်မှာ ဘာမှမကောင်းခဲ့ဘူး။ တကယ့်တကယ် အနေအထားတွေနဲ့ အားလုံးရဲ့ တရားခံက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ပဲ ဖြစ်ပါတယ်၊ နည်းဗျူဟာအမှားတွေ၊ စည်းရုံးရေးအမှားတွေ၊ တိုင်းပြည်ကို သွေးကွဲအောင် လုပ်ခဲ့တာတွေ၊ စစ်တပ်ကိုလည်း ကွဲအောင် လုပ်ခဲ့တဲ့ အမှားတွေ" လို့ အမည်မဖော်လိုသူ တပ်မတော်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
ဦးသန်းရွှေဟာ သူကိုယ်တိုင်အတွက် အမြော်အမြင်ရှိသူဖြစ်ပေမဲ့ တပ်မတော်အတွက်တော့ မိသားစု အကျိုးစီးပွားတွေနဲ့ တပ်တွင်း အဂတိလိုက်စားမှုတွေကို စတင်ကျယ်ပြန့်စေခဲ့တဲ့ ခေါင်းဆောင်လို့ စစ်ဘက်-အရပ်ဘက်လေ့လာသူတွေက မှတ်ချက်ပြုကြပါတယ်။
"ဦးသန်းရွှေလက်ထက်မှာ စစ်ဗိုလ်ချုပ်တွေရဲ့ အသိုင်းအဝိုင်းတွေ၊ ဝန်ကြီးဟောင်းတွေ၊ သူတို့အကျိုးစီးပွား ခိုင်မြဲလာအောင်ဆောင်ရွက်လာတာကို ကျွန်တော်တို့ တွေ့နေရသလို ဒါကလည်း စစ်အာဏာရှင်တွေက အကျိုးစီးပွား အကျိုးအမြတ်တွေကို သိလာတဲ့အချိန်လို့ ပိုပြီးသိလာတဲ့အချိန်လို့ပြောလို့ရပါတယ်" လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။
ဦးသန်းရွှေအကြောင်းပြောရင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ စုစည်းရာ နေပြည်တော်မြို့တော်သစ် အကြောင်းကိုလည်း ချန်ခဲ့လို့မရပါဘူး။ သူဦးဆောင်တဲ့ နအဖ စစ်အစိုးရဟာ ၂၀၀၁ ခုနှစ်ကစပြီး နေပြည်တော်ကို စစ်ခေါင်းဆောင် သားသမီးတချို့ရဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ လျှို့ဝှက်တည်ဆောက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်မှာတော့ မြန်မာပြည်ရဲ့မြို့တော် ရန်ကုန်ကနေ နေပြည်တော်ကို အုပ်ချုပ်ရေးမြို့တော်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
နေပြည်တော်မှာ သူအပါအဝင် စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့သားသမီးတွေအတွက် နေအိမ်တွေ တည်ဆောက်ခဲ့သလို အစိုးရဝန်ကြီးဌာနရုံးတွေ၊ ဝန်ထမ်းအိမ်ရာတွေအပြင် ပါလီမန်ယဉ်ကျေးမှု ပြန်လည်စတင်မယ့် လွှတ်တော်အဆောက်အအုံတွေကိုပါ တခမ်းတနား တည်ဆောက်ခဲ့တာပါ။
နိုင်ငံရေးကနေ ၂ဝ၁၁ ခုနှစ်မှာ အနားယူသွားတဲ့ ဦးသန်းရွှေဟာ ၂ဝ၂၁ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းမှုကို ထင်ထင်ရှားရှား ထောက်ခံတာ မရှိခဲ့သလို ကန့်ကွက်တားမြစ်တာလည်း မရှိခဲ့ဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
တပ်ထိပ်တန်းခေါင်းဆောင်တွေဟာ နိုင်ငံရေးအကျပ်အတည်းကြုံတိုင်း ၂ဝ၁၀ ရွေးကောက်ပွဲ အခင်းအကျင်းကို ဖန်တီးခဲ့တဲ့ ဦးသန်းရွှေကို အကြံဉာဏ်တောင်းယူလေ့ရှိပြီး၊ ပြည်ပခေါင်းဆောင်တချို့ကလည်း သူ့နဲ့ တွေ့ဆုံလေ့ရှိပါတယ်။ အခုအာဏာသိမ်းမှု နှစ်နှစ်ကျော်အကြာ ပြီးခဲ့တဲ့နှစ် မတ်လမှာတော့ ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်းနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းတို့ သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါတယ်။
ဒီပုဂ္ဂိုလ်တွေဟာ လက်ရှိ မြန်မာပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခကို အာဏာရှင်ဟောင်း ဦးသန်းရွှေ တစ်စုံတစ်ရာညှိနှိုင်းဖြေရှင်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တွေ့ဆုံတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုအပြောင်းအလဲကိုမှ မမြင်တွေ့ခဲ့ရတာကြောင့် ဦးသန်းရွှေဟာ သူကိုယ်တိုင် ဒီအာဏာသိမ်းမှုကို ထောက်ခံတာလား၊ ဒါမှမဟုတ် တပည့်ဖြစ်တဲ့ အာဏာရှင် မျိုးဆက်သစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ်မှာ ဩဇာမသက်ရောက်တော့တာလား ဆိုတာ မေးခွန်းထုတ်စရာပါ။
အာဏာရှင်မျိုးဆက်သစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ နိုင်ငံရေးပုံစံခွက်ချမှုထဲ ခန့်အပ်ခံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့မိသားစု အကျိုးစီးပွားနဲ့ သူ့ရဲ့ နိုင်ငံတော်သမ္မတ ဖြစ်ချင်တဲ့ အိပ်မက်ကြောင့် ၂ဝ၂၁ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပါတယ်။
“မင်းအောင်လှိုင် ကံကောင်းလို့ တပ်မတော်မှာ ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ ခေါင်းဆောင် အဖြစ်နဲ့ သူမကျေနပ်ဘူး။ သမ္မတဖြစ်ချင်တယ်။ သမ္မတဖြစ်လို့ မရတော့ အခု မဖြစ်ဖြစ်အောင် လုပ်တယ်။ သူလုပ်တာကို နိုင်ငံတကာက လက်ခံမယ်ထင်တာကတော့ မိုက်မဲမှုပဲ။ မင်းအောင်လှိုင် သမ္မတဖြစ်ချင်တဲ့ ရောဂါကြောင့် အခုပြဿနာဖြစ်လာတာပဲ။ စိတ်ပျက်စရာ တရားကျစရာ ကောင်းတယ်။”
၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မနက်က အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန် အဖမ်းမခံရခင် RFA ကို ပြောခဲ့တာပါ။
"အခုလက်ရှိစစ်မြေပြင်မှာ စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်မှုအပေါင်းက သူကနေတစ်ဆင့် အမိန့်ပေးစီးဆင်းမှု ဖြစ်လာတယ်လို့တော့ ကျွန်တော်တို့ ဒီလိုပဲ ယုံကြည်ပါတယ်"
နှစ်ပေါင်းသုံးဆယ်ကျော်အကြာမှာ အာဏာသိမ်းမှုကို ပြန်လည်အသက်သွင်းလိုက်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ သူ့ရဲ့အာဏာသိမ်းမှု သုံးနှစ်ပြည့်လာချိန်မှာ ပြည်တွင်း ထောက်ခံမှုတင်မကဘဲ ပြည်ပထောက်ခံမှုပါ မရှိတဲ့ အကျပ်အတည်းနဲ့လည်း ရင်ဆိုင်နေရပါတယ်။
“ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာစစ်တပ်ဟာ ရှိပြီးသား ဆက်ဆံရေး အားလုံးကို ဖျက်ဆီးပစ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်တပ်ရဲ့ နိုင်ငံခြား ဆက်ဆံရေး အခြေအနေကလည်း ယိုယွင်းလာပါတယ်။ အာဏာသိမ်းစစ်တပ်နဲ့ အိမ်နီးချင်း နိုင်ငံအားလုံးရဲ့ ဆက်ဆံရေးတွေလည်း ပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ဟာ လူထုရဲ့ ထောက်ခံမှုနဲ့ တရားဝင် ဖြစ်မှု မရှိရုံတင်မကဘဲ၊ ပြည်ပက ထောက်ခံမှုအားလုံးကိုပါ ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။" လို့ အမေရိကန်အစိုးရ ငြိမ်းချမ်းရေးဌာန (USIP)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး၊ ဂျေဆန်တာဝါ (Jason Tower) က သုံးသပ်ပါတယ်။
မြန်မာပြည်အာဏာသိမ်းမှုအဆက်ဆက်မှာ စစ်ဘက်-အရပ်ဘက်ခေါင်းဆောင်တွေကြား ဆက်ဆံရေးတင် ဆိုးဝါးသွားတာမဟုတ်ဘဲ တပ်မတော်သားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ အရပ်သားတွေကြား ဆက်ဆံရေးကလည်း မကောင်းခဲ့ပါဘူး။
၂ဝ၁၅ ရွေးကောက်ပွဲနောက်ပိုင်း အရပ်သားအစိုးရဖြစ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်တို့ကြား ဆက်ဆံရေးကြောင့် ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်လာတော့မလားဆိုတဲ့ အောက်ခြေတပ်မတော်သားတွေရဲ့ မျှော်လင့်ချက်ကိုလည်း စစ်ခေါင်းဆောင်က ရိုက်ချိုးခဲ့ပါတယ်။
“ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုဆိုတာ အရမ်းမက်မောတယ်။ ကိုယ်ယူနီဖောင်းနဲ့ အပြင်ထွက်ရင် ကိုယ့်ကို နှုတ်ဆက်မယ့်သူ ပြုံးပြမယ့်သူ လိုချင်တာပေါ့။ ပြည်သူတွေဆီက ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပုံစံမျိုး ကျွန်တော်တို့ လိုချင်တာပါ။ ဒါပေမဲ့ ဖြစ်လာတာတွေက အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ပဲ”လို့ အမည်မဖော်လိုသူ CDM တပ်မတော်သားတစ်ဦးက ပြောပါတယ်။
၂ဝ၁၅ ခုနှစ်မတိုင်ခင်က ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ဆက်စပ်လို့ အဲ့ဒီအချိန်က တပ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို ထိခိုက်အောင်၊ ရခိုင်ပြည်သူတွေ အမုန်းတရား ပိုပွားလာအောင် ဝါဒဖြန့်တဲ့လုပ်ရပ်တွေလုပ်ဖို့ တပ်မတော်သားတွေကို စေခိုင်းခဲ့တယ်လို့လည်း CDM တပ်မတော်သားတချို့က ပြောပါတယ်။
တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့သလို ရခိုင်ပြည်နယ်က ရိုဟင်ဂျာသန်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးရတဲ့အထိ နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အာဏာရှင် ဆန့်ကျင်သူမှန်သမျှကို သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။
"အခုလက်ရှိစစ်မြေပြင်မှာ စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်မှုအပေါင်းက သူကနေတစ်ဆင့် အမိန့်ပေးစီးဆင်းမှု ဖြစ်လာတယ်လို့တော့ ကျွန်တော်တို့ ဒီလိုပဲ ယုံကြည်ပါတယ်၊ သူကနေတစ်ဆင့် ခွင့်ပြုချက်တွေ၊ ဒီထက်ပိုပြီးတော့ ရက်စက်အောင်လည်း သူတို့အဖွဲ့အစည်း ကြံဆောင်မှုတွေကို အဓိက ခွင့်ပြုပေးတာလည်း သူပဲ ဖြစ်ပါတယ်။" လို့ ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။
လက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ် တစ်ဖြစ်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဖဂန်နစ္စတန်က တာလီဘန်တွေရဲ့ အုပ်ချုပ်ရေးထက် ဆိုးရွားတဲ့ အုပ်ချုပ်ပုံနဲ့ မြန်မာပြည်ကို အပယ်ခံနိုင်ငံတစ်ခု ဖစ်အောင် လုပ်တဲ့ ကမ္ဘာ့ဒုတိယအဆိုးဝါးဆုံး စစ်အာဏာရှင်အုပ်ချုပ်မှုစနစ်ကို ဖန်တီးတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ခေါင်းဆောင်အဖြစ် ၂ဝ၂၃ ခုနစ်မှာ Time မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။
တပ်ခေါင်းဆောင်များရဲ့ တပ်တွင်း မိသားစုအကျိုးစီးပွားနဲ့ အဂတိတရား
အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်က အစပျိုးလာတဲ့ တပ်တွင်း အဂတိလိုက်စားမှုတွေနဲ့ စစ်ခေါင်းဆောင်တွေရဲ့ မိသားစုအကျိုးစီးပွားရှာ သောင်းကျန်းမှုတွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်လက်ထက်ကတည်းက ဖုံးဖိမရတဲ့ အဆိုးဆုံးအခြေအနေကို ရောက်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန်ယူစဉ်ကတည်းက သူ့သားသမီးတွေပိုင်ဆိုင်တဲ့ ကုမ္ပဏီ ကန်ထရိုက်ယူထားလို့ဆိုပြီး စစ်ယူနီဖောင်းတွေ မဖြစ်မနေဝယ်ရတာ၊ အသက်အာမခံ ဝယ်စုရတာ၊ တပ်ပိုင်စီးပွားရေးဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီကို လစဉ်ငွေ ပေးသွင်းရတာတွေ စတဲ့ အောက်ခြေ တပ်မတော်သားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့သူဖြစ်ပါတယ်။
“စစ်သားတိုင်း ဦးပိုင်လစဉ်ငွေ သတ်မှတ်ချက်ပြည့်မီအောင် ထည့်ရမယ်ဆိုတဲ့ ညွှန်ကြားချက်၊ အောင်မြင့်မိုရ်မင်း အသက်အာမခံ မဖြစ်မနေထည့်ရမယ်ဆိုတဲ့ဟာမျိုးတွေပေါ့။ မလုပ်ရင် အရေးယူခံရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ တပ်မတော်သားတွေမှာက အခြေခံအောက်ဆုံး ရဲဘော်အဆင့်ကစပြီး ဗိုလ်မှူးအဆင့်လောက်အထိက ရတဲ့လစာနဲ့ မလောက်ငှဘူး။ အဲဒါကို ဖိအားနဲ့ သတ်မှတ်ချက်အတိုင်း ပြည့်အောင် တောင်းတာတောင် မဟုတ်ဘူး လစာထဲက ဖြတ်တောက်တာပေါ့။”လို့ အမည်မဖော်လိုသူ CDM တပ်မတော်သားတစ်ဦးက ပြောပြပါတယ်။
လက်ရှိ စစ်ခေါင်းဆောင်အပေါ် တပ်အသိုင်းအဝိုင်းက မကျေနပ်တဲ့ အချက်တွေထဲမှာ သူ့မိသားစုရဲ့ စီးပွားရေး သောင်းကျန်းမှုတွေ တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။
“မင်းအောင်လှိုင်က ဗိုလ်သန်းရွှေတို့ ဗိုလ်နေဝင်းတို့နဲ့မတူတာ အစောပိုင်းကတည်းက စီးပွားရေးနဲ့ ပတ်သက်လို့ နာမည်ပျက်နေတာ၊ စစ်တပ်ထဲမှာလည်း အခြေအနေ ဆိုးနေပုံရတယ်။ တပ်ထဲမှာကိုက မင်းအောင်လှိုင်အာဏာမသိမ်းခင်ကတည်းက တော်တော်အခြေအနေဆိုးနေတာ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
စစ်ခေါင်းဆောင်နဲ့ မိသားစုအပေါ် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ
အာဏာမသိမ်းခင်ကာလ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်တပ် အာဏာမသိမ်းခင် ၂ဝ၁၉ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့သူအဖြစ် သူနဲ့အတူ စစ်ဗိုလ်ချုပ်လေးဦးကို ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ကစပြီး ဒဏ်ခတ်လိုက်တာပါ။ အဲဒီဒဏ်ခတ် ပိတ်ဆို့ချက်ကြောင့် သူတို့တင်မက မိသားစုဝင်တွေဟာ အမေရိကန်ပြည်ထောင်စုကို ဝင်ထွက်ခွင့် လုံးဝမရှိတော့ပါဘူး။
စစ်ခေါင်းဆောင်ရဲ့ သားသမီးများ
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ စစ်ခေါင်းဆောင်အပါအဝင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ စစ်ကောင်စီတစ်ဖွဲ့လုံးကိုပါ အမေရိကန်က ပစ်မှတ်ထား ဒဏ်ခတ်လာပါတယ်။ အဲဒီနောက် စစ်ခေါင်းဆောင်တင်မက သူ့ရဲ့သားဖြစ်သူ ဦးအောင်ပြည့်စုံနဲ့ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်တို့ကို ၂ဝ၂၁ ခုနှစ် မတ်လ ၁ဝ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်လိုက်ပါတယ်။
သူတို့နဲ့အတူ သူတို့လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းခြောက်ခုကိုလည်း အရေးယူလိုက်တာပါ။ အဲဒီထဲမှာ မိသားစုပိုင်စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ A & M မဟာကုမ္ပဏီလိမိတက်၊ Sky One ဆောက်လုပ်ရေး ကုမ္ပဏီလိမိတက်၊ The Yangon Restaurant၊ Yangon Gallery ပန်းချီပြခန်း၊ Everfit ကုမ္ပဏီလိမိတက်၊ Seventh Sense မီဒီယာထုတ်လုပ်ငန်းရေး ကုမ္ပဏီလိမိတက်တို့ပါပါတယ်။
အမေရိကန်ကဦးဆောင်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေပြီးတဲ့နောက်ပိုင်းမှာ ကနေဒါ၊ ဗြိတိန်နဲ့ အီးယူဥရောပ သမဂ္ဂတို့လည်း ပါဝင်လာပြီး ပုံစံတူဒဏ်ခတ်ပိတ်ဆို့တာတွေ ချမှတ်ခံရပါတယ်။ ဒီလို နိုင်ငံတကာရဲ့ ဒဏ်ခတ်တာခံရပေမဲ့လည်း စစ်ခေါင်းဆောင်ရဲ့ မိသားစုပိုင်လုပ်ငန်းတွေဟာ ပြည်တွင်းထဲမှာတော့ ဒီနေ့ထိ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။
တိုင်းပြည်အာဏာယစ်မူးတဲ့ အာဏာရှင်တွေနဲ့အတူ သူတို့ရဲ့ သားစဉ်မြေးဆက်ဟာလည်း တိုင်းပြည်ကို ဖျက်ဆီးသူတွေပဲလို့ နိုင်ငံရေးလေ့လာသူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။
“စစ်သားတွေဟာ စစ်ခေါင်းဆောင်တွေ ချမ်းသာရဖို့ အသက်တွေစတေး၊ ငတ်တလှည့် ပျက်တလှည့် ဘဝတွေဆင်းရဲခဲ့ရတယ်။ စစ်အာဏာရှင်တွေကို ကာကွယ်ပေးဖို့ မြေပြင်မှာ တိုက်နေတဲ့ စစ်သားတစ်ယောက်ရဲ့ အခြေခံလစာဟာ မင်းအောင်လှိုင်သားတွေ၊ သမီးတွေ စီးနေတဲ့ ဖိနပ်တစ်ရံတန်ဖိုးထက် လွန်စွာနည်းနေတာကို စစ်သားတွေက မသိဘူး။ ဒါဟာ ခေတ်အဆက်ဆက် ဗိုလ်ချုပ်တွေအားလုံး အတူတူပါပဲ”လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က မမူလန်က ပြောပါတယ်။
စစ်ခေါင်းဆောင်နဲ့ ဦးပိုင်လုပ်ငန်း
ဒါ့အပြင် စစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အာဏာသိမ်းပြီးတစ်လကျော်အကြာမှာ အမေရိကန်က ထပ်တိုးအရေးယူလိုက်ပါတယ်။ စစ်သည်စစ်သား ဗိုလ်ချုပ်တွေ အစုရှယ်ယာဝင်တဲ့ ဦးပိုင်မှာ အစုဝင်က ၃၈၃၀၀၀ ရှိပြီး ၉၉ ရာခိုင်နှုန်းက လက်ရှိနဲ့ ပင်စင်စား စစ်ဘက်ကလူတွေ ဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုရင် မြန်မာ့စီးပွားရေးဦးပိုင်မှာ အစုရှယ်ယာ ၅၀၀၀ ထည့်ဝင်ထားတဲ့ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်မှာ အစုအမြတ်ငွေ ဒေါ်လာ နှစ်သိန်းခွဲနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ တစ်သန်းခွဲရရှိတယ်လို့ Bloomberg သတင်းကဖော်ပြခဲ့ပါတယ်။ ဦးပိုင်ကို ဒဏ်ခတ်လိုက်ပြီးနောက်မှာပဲ ဝင်ငွေရနေတဲ့ မြန်မာ့ကျောက်မျက်၊ ပုလဲ၊ သစ်စတဲ့ လုပ်ငန်းတွေကိုလည်း ဆက်တိုက်ဒဏ်ခတ်လာပါတယ်။
ဘဏ်လုပ်ငန်းပိတ်ဆို့ခံရမှု
အာဏာသိမ်းပြီးပြီးချင်း ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်အစိုးရဟာ သူတို့နိုင်ငံထဲမှာ လာအပ်ထားတဲ့ မြန်မာအစိုးရရဲ့ နိုင်ငံခြားအရန်ငွေ အမေရိကန် ဒေါ်လာ တစ်ဘီလီယံကို ချက်ချင်းပိတ်ဆို့ ထိန်းသိမ်းလိုက်ပါတယ်။ အဲဒီနောက်မှာတော့ စစ်ကောင်စီထံ နိုင်ငံခြားငွေစီးဆင်းမှုမှာ အဓိကကျတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကိုပါ ဒဏ်ခတ်ပိတ်ဆို့လိုက်တာပါ။ အဲဒီဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေ မလုပ်ဖို့လည်း အမေရိကန်က သတိပေးပါတယ်။ စစ်ကောင်စီဘက်ကလည်း ဒီလိုဘဏ်တွေ ပိတ်ဆို့ခံရတာကြောင့် သူနဲ့ သံတမန်ဆက်ဆံရေးရင်းနှီးတဲ့ ရုရှားဘက်ကပ်ပြီး ရုရှားဘဏ်တွေနဲ့ ချိတ်ဆက် လုပ်ဆောင်လာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကိုယ်တိုင်က ဒီလိုဘဏ်တွေအရေးယူခံရတာဟာ အများကြီးထိခိုက်နစ်နာရတယ်လို့ ဝန်ခံပြောဆိုသံတွေလည်း ကြားခဲ့ရပါတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း
စစ်တပ်ရဲ့ အဓိကဝင်ငွေရလမ်းဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အီးယူ ဥရောပသမဂ္ဂက ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ အရေးယူလိုက်ပါတယ်။ ဒီလုပ်ငန်းကို အမေရိကန်ပြည်ထောင်စုကနေ အရေးယူဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုနေကြပေမဲ့ အမေရိကန်ဘက်က အချိန်အတော်ကြာအောင်ထိ အရေးမယူဘဲ အချိန်ဆွဲနေခဲ့တာဖြစ်ပါတယ်။ (MOGE)ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မင်း လက်ထောက် မန်နေဂျင်းဒါရိုက်တာဦးသန်းမင်းတို့ နှစ်ယောက်ကို ၂ဝ၂၂ ခုနှစ် အစောပိုင်းမှာ အမေရိကန်က အရေးယူခဲ့ပါတယ်။
အဲဒီနောက် ၂ဝ၂၃ ခုနှစ်အောက်တိုဘာလကုန်ပိုင်းမှာမှ MOGE အတွက် ဘဏ်စာရင်းဖွင့်လှစ်တာ၊ ချေးငွေ ထုတ်ချေးတာ၊ အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြားဝန်ဆောင်မှုတွေ ပေးတာတွေကို တားမြစ်လိုက်ကြောင်း အမေရိကန်က ကြေညာပါတယ်။ ဒီ MOGE လုပ်ငန်းကနေ စစ်ကောင်စီက တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံလောက် ဝင်ငွေရနေတာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဂျပန်နိုင်ငံခရီးစဉ်မတိုင်ခင် ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ပိတ်ဆို့အရေးယူရန် တိုကျိုမြို့ရောက် မြန်မာနိုင်ငံသားများက အမေရိကန်အစိုးရအား ဆန္ဒပြတောင်းဆိုကြစဉ်။ (Photo: AFP)

စစ်ခေါင်းဆောင် ဝန်ခံ
အာဏာသိမ်းပြီးနောက် နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ပြည်တွင်းမှာ စီးပွားရေးလုပ်ကိုင်ရတာ ခက်လာနေတယ်လို့ အာဏာသိမ်းတစ်နှစ်ပြည့် မိန့်ခွန်းထဲမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် ဝန်ခံပြောဆိုခဲ့ပါသေးတယ်။ အဲဒီနောက် စစ်ကောင်စီ အစည်းအဝေးတွေမှာလည်း နိုင်ငံရဲ့စီးပွားရေးကျဆင်းလာနေတဲ့အကြောင်း စစ်ခေါင်းဆောင်က မကြာခဏ ဆွေးနွေးပြောဆိုလေ့ရှိပါတယ်။ ၂ဝ၂၃ ခုနှစ် ဇူလိုင်လက ရန်ကုန်မြို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်မှာလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေအတွက် ငွေပေးချေဖို့ အခက်အခဲဖြစ်နေတယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
စစ်ခေါင်းဆောင်မိသားစုရဲ့ ထိုင်းနိုင်ငံက ပိုင်ဆိုင်မှု
စစ်ကောင်စီအတွက် လက်နက်ပွဲစားလုပ်ပေးနေတဲ့ ဦးထွန်းမင်းလတ်ဆိုသူကို မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးလိုက်ပါတယ်။ ဦးထွန်းမင်းလတ်ဆီက သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေထဲ စစ်ခေါင်းဆောင်ရဲ့ သားနဲ့ သမီး ပိုင်ဆိုင်မှုတွေပါဝင်ကြောင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice For Myanmar အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
သားဖြစ်သူပိုင် ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ တစ်သန်းနီးပါးရှိတဲ့ ဘန်ကောက်မြို့လယ်ခေါင်က ကွန်ဒိုတိုက်ခန်းတစ်ခန်းနဲ့ သမီးဖြစ်သူ နာမည်နဲ့ဖွင့်ထားတဲ့ Siam Commercial Bank (SCB) ဘဏ်စာအုပ် နှစ်အုပ် ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါကိုကြည့်ရင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေဟာ တရားမဝင်ငွေတွေကို သိုဝှက်ဖို့ ထိုင်းဘဏ်တွေကို အသုံးပြုခွင့်ရနေတာ တွေ့ရတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြပြောဆိုပါတယ်။
နေဝင်ချိန်မှာ အာဏာစွန့်တော့မလား
စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်မယ့်အချိန်မှာ အရေးပေါ်ကာလသက်တမ်းတိုးပြီး အာဏာကို ရသလောက်ဆုပ်ကိုင်ထားဖို့ ကြံစည်နေပေမဲ့ တစ်ဖက်မှာ စစ်ရေး၊ နိုင်ငံရေးအပြင် ပြည်ပထောက်ခံမှုတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ခေါင်းဆောင်ဟာ အခုဆိုရင် နိုင်ငံရေးထွက်ပေါက်ရှာနေလောက်ပြီလို့ သုံးသပ်ကြပါတယ်။
"သူတို့အတွက် ရွေးချယ်စရာ သိပ်မကျန်တော့ပါဘူး။ တစ်ချိန်ချိန်မှာတော့ မြန်မာစစ်တပ်ဟာ အရှုံးပေး အညံ့ခံတာ ဒါမှမဟုတ် လက်ရှိ ဘေးကျပ်နံကျပ် အခြေအနေထဲကနေ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုခုကို ရှာရတော့မှာ ဖြစ်ပါတယ်။” အမေရိကန်အစိုးရ ငြိမ်းချမ်းရေးဌာန (USIP)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး၊ ဂျေဆင် တာဝါ (Jason Tower) က ပြောပါတယ်။
ဘက်ပေါင်းစုံက အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်မယ့် နည်းလမ်းကို ရွေးမလား။
“စပြီး အာဏာသိမ်းကတည်းကိုက အာဏာရာထူးတွေ ထိပ်ဆုံးအဆင့်တွေကို လိုချင်လို့ အာဏာသိမ်းခဲ့တဲ့သူဖြစ်တယ်။ သမ္မတရာထူးတွေ နိုင်ငံ့အကြီးဆုံးဆိုတဲ့ ရာထူးကို လိုချင်ခဲ့လို့ အာဏာအကျိုးစီးပွားကို လိုချင်ခဲ့လို့ သူတို့ရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ရဖို့ သိမ်းခဲ့ကြတာဖြစ်လို့ အဲ့လိုရည်ရွယ်ချက်ကို မပြည့်မီမချင်း ဘယ်တော့မှနောက်ဆုတ်မှာ မဟုတ်ဘူး။ တော်လှန်ရေးအင်အားစုတွေက နိုင်သွားရင်တော့ တစ်မျိုးပေါ့နော်။ မဟုတ်ရင်တော့ သူ လိုချင်တဲ့ပန်းတိုင်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ မလုပ်ရမချင်း သူ ဒီနေရာကနေ ဖယ်မှာမဟုတ်ဘူးလို့ ယူဆတယ်” လို့ CDM တပ်မတော်သား ကိုနောင်ရိုးက ပြောပါတယ်။
ပြည်သူ့ဘက်ကူးပြောင်းထားတဲ့ CDM တပ်မတော်သားတွေကတော့ စစ်ခေါင်းဆောင်ဟာ လွယ်လွယ်နဲ့ အာဏာစွန့်မှာမဟုတ်ဘဲ တပ်တွင်းပုန်ကန်မှုရှိလာမှသာ အဆုံးသတ်သွားမှာဖြစ်တယ်လို့ ယူဆကြပါတယ်။
CDM တပ်မတော်သား ဗိုလ်ကြီး ကောင်းသူဝင်းကလည်း …
“အာဏာရှင်တွေက ထွက်ပေါက်အတွက်ကတော့ နည်းမျိုးစုံ ကြိုတင်ပြင်ဆင်ထားပါလိမ့်မယ်။ ဒါပေမဲ့ စစ်ထပ်ထဲက သူ့နေရာကိုယူပြီးတော့ ပြည်သူလူထုနဲ့ ပူးပေါင်းတဲ့သူ မပေါ်လာရင်တော့ သူတို့ဆီမှာ တပ်တွေ၊ လက်နက်ခဲယမ်းတွေ လေယာဉ်တွေရှိသလောက် အောက်ကလူတွေ အကုန်လုံးကို တိုက်ခိုင်း၊ အသေခံခိုင်းပြီး နောက်ဆုံးအခြေအနေမှာ ကိုယ်လွတ်ရုန်းသွားနိုင်တယ်။”
၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ရှုံးလာတဲ့ အခြေအနေအရ သူ့ဦးဆောင်မှုအပေါ် ထောက်ခံသူတွေက မေးခွန်းထုတ်လာသလို တပ်တွင်းထောက်ခံမှုပါ ကျဆင်းလာတယ်လို့ ယူဆရတဲ့ ပြောဆိုချက်တွေလည်း ရှိပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဆင်ရေးနဲ့ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြပွဲတစ်ခုမှာ တပ်မတော်ကို ထောက်ခံလိုလားသူတွေက တပ်ချုပ်နေရာကို ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကို လွှဲပြောင်းပေးပြီး ဘုရားဒါယကာပဲ လုပ်ဖို့ စစ်ခေါင်းဆောင်ကို ခနဲ့တဲ့ ပြောဆိုချက်ရုပ်သံ ထွက်ပေါ်ခဲ့တာပါ။
ဒါ့အပြင် လက်နက်ချလိုက်တဲ့ လောက်ကိုင်ဒကစမှူးတွေကို ထောင်သွင်းအကျဉ်းချတဲ့ စစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေကြောင့် တပ်တွင်းပုန်ကန်မှု ဖြစ်လာတော့မလားလို့ မှန်းဆသူတွေလည်း ရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနာဂတ်
နိုင်ငံတကာတရားရုံးတွေမှာလည်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရပြီး၊ အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက်လည်း တာဝန်ယူ တာဝန်ခံရမယ့် စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးထွက်ပေါက်ဖြစ်စေမယ့် အခင်းအကျင်းမပေါ်လာခဲ့ရင် သူ ဘယ်လိုဇာတ်သိမ်းမလဲ။
“ဗိုလ်ချုပ်ကြီး နေဝင်းတို့ ဗိုလ်ချုပ်မှူးကြီး စောမောင်တို့ဟာ သူတို့လက်ထဲကနေ အာဏာသိမ်းသူ လက်ချက်နဲ့ ကျရှုံးကွယ်လွန်အဆုံးသတ်ခဲ့ရတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လိုအဆုံးသတ်မလဲ မှန်းရတော့ခ က်သေးတယ်။ မြန်မာ့သမိုင်းရယ်၊ နိုင်ငံတကာကြည့်လိုက်ရင် ကဒါဖီဖြစ်ဖြစ်၊ ဆာဒန်ဟူစိန်ဖြစ်ဖြစ် သူတို့နဲ့ မတူတဲ့နည်းနဲ့တောင် ဖြစ်နိုင်တယ်။ သူတို့ကျရှုံးမှုဟာ နိုင်ငံရေးအာဏာ၊ စစ်တပ်အာဏာနဲ့ စီးပွားရေးအင်ပါယာကြီးတစ်ခုလုံးပါ ပြိုမယ့်လမ်းကြောင်း ဦးတည်နေတယ်လို့ မြင်တယ်။”လို့ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်ကတော့ စစ်ခေါင်းဆောင်ဟာ သူကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အမှုတွဲအဖြစ်ခံပြီး သူ့ကို လက်ခံပေးမယ့်နိုင်ငံမရှိဘဲ ပြေးစရာမရှိတဲ့အခြေအနေနဲ့ ကမ္ဘာ့သမိုင်းမှာပါ မှတ်တမ်းတင်ခံရမယ့်သူအဖြစ် ဇာတ်သိမ်းလိမ့်မယ်လို့ ဆိုပါတယ်။
“အာဏာရှင်တွေရဲ့ နောက်ဆုံးထွက်သက်က ရုပ်ဆိုးအကျည်းတန်တယ်။ အခုခေတ်သစ်သမိုင်းမှာ မအလရဲ့ လုပ်ရပ်တွေ၊ စိတ်ဓာတ်တွေက တိုင်းပြည်အတွက်လည်း အမဲစက်ပဲ၊ ကမ္ဘာ့လူသားထုအတွက်လည်း လူသားမဆန်ဘူး။ အမဲစက်ပေါင်းများစွာ ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့တဲ့သူဖြစ်တော့ ကမ္ဘာကို ကြည့်လိုက်ရင် ဟစ်တလာမှသည် ဆာဒန်ဟူစိန်တို့ပေါ့နော် အစရှိသဖြင့် သူတို့အနှစ်သာရတွေကြည့်ရင် သွားရာလမ်းတွေကတော့ နောက်ဆုံးအချိန်တူတယ်။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ မြန်မာစစ်တပ်ရဲ့အခန်းကဏ္ဍလည်း ပျောက်ကွယ်သွားလိမ့်မယ်လို့ ယူဆတာကတော့ စစ်အာဏာရှင်တပ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးပါ။
"မင်းအောင်လှိုင်က နောက်ဆုံးစစ်အာဏာရှင်တွေ ကျဆုံးဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့လူ ဖြစ်လာတယ်လို့ ကျွန်တော်တို့ ဒီလိုပဲ ပြောလို့ရတယ်၊ အဲဒါကြောင့်မို့ အခုလက်ရှိစစ်တပ်ကတော့ ကျဆုံးသွားလိမ့်မယ်၊ ပျောက်ကွယ်သွားလိမ့်မယ်၊ တပြိုင်နက်တည်းမှာပဲ စစ်တပ်ကို ဦးဆောင်တဲ့ ခေါင်းဆောင်ပိုင်းတွေပေါ့နော် ပြောချင်တာက မင်းအောင်လှိုင်တို့လို ပုဂ္ဂိုလ်တွေကလည်း ဒီစစ်အာဏာရှင်စစ်တပ်ရဲ့ ပျောက်ကွယ်မှုနဲ့အတူ သူတို့လည်း ပျောက်ကွယ်သွားလိမ့်မယ်”
၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံဖို့ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝါရှင်တန်ပို့စ်သတင်းစာက တွေ့ဆုံမေးမြန်းခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေအပေါ် ဖမ်းဆီးအကျဉ်းချခဲ့တဲ့ အရင်စစ်တပ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်း ပြောဖို့ရှိမလားဆိုပြီး မေးမြန်းခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီလိုတော့ ပြောစရာ အကြောင်း မရှိဘူးထင်တယ်၊ ဒါက တစ်ချိန်က နိုင်ငံရေးအခြေအနေအရ လုပ်ခဲ့တာတွေပဲရှိတယ်။ ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။” လို့ တုံ့ပြန်ဖြေခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ အရင်ကိစ္စတွေနဲ့ပတ်သက်ပြီး နောက်ကြောင်းပြန် အရေးယူတာ၊ ကလဲ့စားချေတာလုပ်ဖို့မရှိဘူးလို့ ပြောခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းထောက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြန်ပြောပြခဲ့ပါတယ်။
အဲ့အချိန်မှာ တပ်ချုပ်ကတော့ သူ့အနေနဲ့ ဘာမှစိတ်ပူစရာမရှိကြောင်းနဲ့ တပ်က စည်းမျဉ်းစည်းကမ်း အတိုင်း ဆောင်ရွက်ခဲ့တာတွေအပေါ် နစ်နာတယ်လို့ ယူဆရင် ဥပဒေကြောင်းအရ လုပ်နိုင်သလို သူ့အနေနဲ့လည်း ပြန်လည်ဖြေရှင်းသွားမယ်လို့ ဖြေခဲ့ပါတယ်။
အခု ၂ဝ၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာပြည်သူတွေအပေါ် သူ့ရဲ့ဦးဆောင်မှုနဲ့ ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက်တော့ ကင်းလွတ်ခွင့်မရဘဲ ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူခံရဖို့ စစ်အာဏာရှင်အမြစ်ဖြတ်ရေးလှုပ်ရှားသူတွေ မျှော်လင့်နေကြသလို ပြည်သူ့ဘက် ကူးပြောင်းထားတဲ့ တပ်မတော်သားတွေကလည်း အာဏာသိမ်းစစ်တပ်ဆိုတဲ့ အသုံးအနှုန်းအောက်ကနေ လွတ်ပြီး စစ်တန်းလျားမှာ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်အဖြစ် ရပ်တည်နိုင်ဖို့ မျှော်လင့်ကြပါတယ်။