စစ်အာဏာသိမ်းနှစ်နှစ်ပြည့် အသံတိတ်သပိတ်ဆင်နွှဲဖို့ ဒီမိုကရေစီအင်အားစုတွေ နှိုးဆော်
2023.01.30

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ဒီမိုကရေစီအစိုးရကို လက်နက်အားကိုးနဲ့ဖယ်ရှားပြီး အာဏာသိမ်းခဲ့တာ နှစ်နှစ်ပြည့်မှာ ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ မြန်မာတစ်နိုင်ငံလုံး ပြည်သူတွေ အိမ်ပြင် လမ်းမပေါ်မထွက်ကြဖို့ အိမ်ပြင်မထွက်ကြဖို့ ဒီမိုကရေစီအင်အားစုတွေက နှိုးဆော်နေပါတယ်။
အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူလူထုရဲ့ ငြိမ်သက်စွာ ဆန္ဒပြမှုတွေကို စစ်တပ်က ရက်ရက်စက်စက်ဖြိုခွဲနှိမ်နင်းခဲ့တဲ့အတွက် ပြည်သူတွေ အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေဟာ ခုခံစစ်ကို ဆင်နွှဲခဲ့ကြတာဖြစ်တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေးအဖွဲ့ဝင် ကိုမိုဃ်းသွေး ကပြောပါတယ်။
"တောတွင်းထဲမှာသွားပြီးတော့မှ လက်နက်ကိုင်သင်တန်းတွေ တက်ရောက်တယ်။ PDF လိုမျိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့တယ်။ သို့သော်ငြားလည်း တစ်ဖက်မှာလည်း အခွင့်သင့်တဲ့နေရာတွေ အားလုံးမှာ လူငယ်တွေ ကျောင်းသားတွေဟာ ပြောက်ကျားသပိတ်တွေ ဆင်နွှဲပြီးတော့မှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုသာ လိုလားကြောင်းကို တောက်လျှောက်ပြသနေခဲ့ကြတာဖြစ်တယ်။ အခါအားလျော်စွာ လူငယ်ကျောင်းသားတွေ သပိတ်ကော်မတီတွေသည် ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့မှ နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုတွေကို ဆက်လက်ပြီး ဦးဆောင်နေခဲ့တယ်။ ဥပမာ- ကျွန်တော်တို့ ပြောမယ်ဆိုရင် ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းသပိတ်ဆိုပြီး လူထူတွေက သူတို့ရဲ့ ဆန္ဒ တွေကို ပန်းတွေ ပန်ပြီးတော့မှ ထုတ်ဖော်ပြသတဲ့ လှုပ်ရှားမှုတွေရှိတယ်။ နောက်ပြီးတော့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ နေရာ ဆက်လက်ပြီး ရရှိဖို့အတွက် လှုပ်ရှားမှု လုပ်ခဲ့ကြတာရှိတယ်။ အဲ့ဒါဆိုရင်လည်း ပရိုဖိုင်းကမ်ပိန်းဆိုပြီး ဖေ့စ်ဘုတ်ခ်ပရိုဖိုင်းတွေ ချိန်းပြီးတော့မှ လှုပ်ရှားပြသခဲ့တာတွေရှိတယ်"
စစ်တပ်က အာဏာသိမ်းမှု နှစ်နှစ်ပြည့်လာပြီဖြစ်တဲ့ အခုကာလမှာ မြန်မာနိုင်ငံတစ်ဝန်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ဆန့်ကျင်လှုပ်ရှားမှုတွေ တစ်နေ့တခြား တိုးတက်များပြားလာနေပါတယ်။ မြန်မာပြည်အထက်ပိုင်းနဲ့ ပြည်နယ်တွေမှာ လက်နက်ကိုင်တော်လှန်ရေး အရှိန်ပြင်းလာနေချိန်မှာ လက်နက်မရှိတဲ့ သို့မဟုတ် လက်နက်ကိုင်အခွင့်အရေးကို မရရှိတဲ့ မြန်မာပြည်တခြားဒေသက ပြည်သူတွေအနေနဲ့ သူတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ပြသနိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့ပါတယ်လို့ ကိုမိုးသွေးက ပြောပါတယ်။အခုလို မြန်မာတစ်နိုင်ငံလုံး လမ်းမတွေ ပေါ်မထွက်ကြဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို ပါဝင်ဆင်နွှဲကြဖို့အတွက် မနက် ၁ဝ နာရီကနေ ညနေ ၃ နာရီ အထိကို ဘာကြောင့် ရွေးချယ်ခဲ့ကြတာလဲ။
"အဲ့ဒါဘာလဲဆိုတော့ မဖြစ်မနေအလုပ်သွားရမယ့်သူတွေ ကုမ္ပဏီတွေ အလုပ်ရုံတွေ သွားရမယ့်သူတွေ ရှိနေပါတယ်။ ဒီလိုလူမျိုးတွေက မနက် ၁ဝ နာရီဆို မိမိတို့ရဲ့လုပ်ငန်းခွင်ကို ရောက်ရှိနေပြီးသားအချိန်ဖြစ်ပါတယ်။ နေ့လယ် ၃ နာရီကို ရွေးတဲ့အခါမှာလည်း တချို့ဆိုလို့ရှိရင် ကျောင်းပဲဖြစ်ဖြစ် ရုံးပဲဖြစ်ဖြစ် အလုပ်ဆင်းတဲ့ အချိန်တွေဖြစ်ပါတယ်။ နောက်တစ်ခုက ဘယ်မှမသွားဘူး။ အိမ်မှာပဲ ဆန့်ကျင်ပြီးတော့ သပိတ်မှောက်မယ် ဆိုလို့ရှိရင်လည်း မနက် ၁ဝနာရီ မထိုးခင်ကာလမှာ ဈေးဝယ်တာပြုတာတွေ လုပ်လို့ရတာပေါ့လေ။ တစ်ဖက်မှာလည်း ပြန်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်လည်း လက်လုပ်လက်စား ဈေးသည်တွေဆိုရင် သူတို့လုပ်ငန်းတွေကို ရောင်းတာ ဝယ်တာတွေကို မနက် ၁၀ နာရီမတိုင်ခင်မှာ ဝယ်သူရှိတဲ့ အချိန်မှာ ရောင်းချနိုင်တယ်။ ညနေ ၃ နာရီမှာ နောက်ပိုင်းမှာလည်း ဝယ်သူတွေ ထွက်လာတဲ့ အချိန်မှာလည်း သူတို့ ရောင်းချနိုင်တယ်။ ဒါကြောင့်မို့လို့ တတ်နိုင်သလောက် သူတို့ လိုက်ပါနိုင်တဲ့ နည်းလမ်းလည်းဖြစ်သလို လူထုအတွက် အန္တရာယ်အကင်းဆုံး နည်းလမ်းကိုရွေးချယ်တာ ဖြစ်ပါတယ်"

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကလည်း မြို့ပြကျေးလက်နေရာအသီးသီးက ပုံသဏ္ဍာန်မျိုးစုံနဲ့ပါဝင်တဲ့ တော်လှန်ရေးအင်အားစုတွေ ပိုမိုဟန်ချက်ညီ အားကောင်းလာတာနဲ့အမျှ အာဏာရှင်စစ်တပ်ကို ပိုမိုလျင်မြန်စွာ ဖယ်ရှားနိုင်မှာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
"နွေဦးတော်လှန်ရေးမှာ လုပ်နိုင်တဲ့သူ၊ လက်ကလေး သုံးချောင်းပဲ ထောင်ပြပြ၊ လက်နက်ကိုင် လုပ်နိုင်တဲ့သူကလုပ် CDM လုပ်နိုင်တဲ့သူက လုပ် အနည်းဆုံးဗျာ အစပိုင်းကလုပ်ခဲ့တဲ့ အိုးခေါက်တာတို့ ဘာတို့ ဘာပဲဖြစ်ဖြစ် လုပ်နိုင်တဲ့ဟာကို လူတိုင်းဝင်လုပ်ဖို့တော့ လိုတယ်။ လူတိုင်းဝင်လုပ်တဲ့ အခါမှာ ပိုပီးတော့ သိပ်သည်း ညီညွတ်စွာနဲ့ ကျွန်မတို့ တော်လှန်ရေးကို ရှေ့တစ်ဆင့်တိုးနိုင်မယ် ထင်ပါတယ်။ ဒီနွေဦးတော်လှန်ရေးကတော့ သေချာပါတယ်။ ကျွန်မတို့ နိုင်မှာပါ။ ဒီထက်ပိုပြီး စနစ်ကျစွာ ဟန်ချက်ညီစွာ လှုပ်ရှားဖို့ လိုတယ်။ တဖြည်းဖြည်းတော့ စုစည်းလာတဲ့အင်အားတွေ တွေ့ရတာ အားတက်စရာရှိပါတယ်"
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက သူတို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကလည်း ပြည်တွင်းအင်အားစုတွေနဲ့ တညီတညွတ်တည်း ရှိနေပါတယ်လို့ ထောက်ခံပြောကြားပါတယ်။
"ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးလှဖေတို့က လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်ပြီး ဖော်ဆောင်ခဲ့တာမျိုးကို စစ်အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းကတည်းက သူတို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ပြည်သူ့ကော်မတီမှာ ဆိုရင် ဥက္ကဋ္ဌက ပအိုဝ်းခေါင်းဆောင် ဦးလှဖေ ဖြစ်ပြီးတော့ နာယက က ဆရာကြီး သခင်ကိုယ်တော်မှိုင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဗမာပြည် တော်လှန်ရေးသမိုင်းဖြစ်စဉ်မှာ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲကို ပေါင်းစပ်ပြီး နည်းလမ်းပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးကို ကြိုးပမ်းခဲ့တာ အစဉ်အဆက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြို့ပြကလူတွေကလည်း မြို့ပြနည်းနာတွေနဲ့ဆောင်ရွက်သလို ကျွန်တော်တို့ကလည်း ကျွန်တော်တို့ နည်းနာတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။"

လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ တစ်နိုင်ငံလုံးဆိုင်ရာ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်မှာ ပြည်သူအားလုံး ပါဝင်အင်အားပြကြဖို့ ဒီမိုကရေစီ အင်အားစုတွေက အခုလို နှိုးဆော်နေကြချိန်မှာပဲ ပြည်ပနိုင်ငံတွေရောက် မြန်မာနိုငိငံ ဒီမိုကရေစီ ရရှိရေးလှုပ်ရှားတဲ့ အင်အားစုတွေကလည်း သက်ဆိုင်ရာနိုင်ငံအသီးသီးက မြန်မာစစ်ကောင်စီ သံရုံးရှေ့ကို သွားရောက်ပြီး ဆန္ဒပြကြဖို့ နှိုးဆော် စီစဉ်လျှက်ရှိပါတယ်။
တစ်ဖက်မှာလည်း အသံတိတ်သပိတ်ကို တန်ပြန်တဲ့အနေနဲ့ စစ်အုပ်စုဘက်က အာဏာသိမ်းနှစ်ပတ်လည်ထောက်ခံပွဲတွေကို ကျင်းပဖို့စီစဉ်ထားသလို သပိတ်ကို လှုံ့ဆာ်သူတွေကို ဖမ်းဆီးမယ်လို့ လှုမှုကွန်ရက်ကနေ ခြိမ်းခြောက်မှုတွေ ပေါ်ထွက်နေပါတယ်။