မြေပြင်အခြေအနေမလှလို့ လေကြောင်းက စစ်ဆင်လာတဲ့ မြန်မာစစ်ကောင်စီ

ပြီးခဲ့တဲ့ သီတင်းပတ်က ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူပေါင်း ၆၀ ကျော် သေဆုံးရတဲ့ဖြစ်ရပ်ဟာ လေတပ်အင်အားသုံးပြီး တိုင်းပြည်ကိုစိုးမိုးဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ပြသနေပါတယ်။
မြန်မာစစ်တပ်ဟာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းကစပြီး ခုခံတော်လှန်မှုပေါင်း မြောက်မြားစွာနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်က သေဆုံးသူ တစ်သောင်းနှစ်ထောင်ကနေ တစ်သောင်းခွဲ အကြား ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် တပ်ဖွဲ့ဝင်ထောင်နဲ့ချီပြီး ပြည်သူ့ဘက်ကို ကူးပြောင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ တိုင်းပြည်စီးပွားရေး ဖရိုဖရဲဖြစ်နေပြီး ဆင်းရဲမွဲတေမှုနှုန်းကလည်း ဆယ်နှစ်အတွင်း အမြင့်ဆုံးကိုရောက်နေပြီလို့ ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေအပြင် အမြောက်လက်နက်ကြီးတွေပါ ပိုင်ဆိုင်ထားတဲ့ စစ်တပ်ရဲ့သာလွန်အင်အားက မြေပြင်စစ်ဆင်ရေးကိုကူညီအားဖြည့် ပေးနေပြီး၊ NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တန်ပြန်ထိုးစစ် မဆင်နွဲနိုင်အောင် ဟန့်ထားထားပါတယ်။
“စစ်ကောင်စီဟာ ခြေလျင်တပ်အင်အား အကန့်အသတ်ကို ကျော်လွှားနိုင်ဖို့အတွက် လေတပ်အင်အားနဲ့ လက်နက်ကြီးတွေ အမြောက်တွေကို အားကိုးနေရတယ်။ တပ်ရင်းတပ်မ အခြေစိုက်ဒေသတွေ၊ မြို့တွေကို တိုင်းရင်းသားတပ်တွေနဲ့ PDF အဖွဲ့တွေ အနား မကပ်နိုင်အောင် လေကြောင်းကနေဗုံးကြဲတာမျိုး လုပ်နေတယ်”… လို့ အမေရိကန်အခြေစိုက် Wilson Center သုတေသနအဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအရာရှိ Lucas Myers က သူ့ရဲ့ဆောင်းပါးတစ်ပုဒ်မှာ ထည့်သွင်းရေးသားထားပါတယ်။
“မြေပြင်ကိုစိုးမိုးဖို့ ကြိုးစားတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ဟာ လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်” လို့ သူက ပြောပါတယ်။ အဲဒါဟာ တိုက်ပွဲတွေမှာ သူတို့အတွက် အဓိက အကန့်အသတ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖားကန့် လေကြောင်းတိုက်ခိုက်မှု
အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာမှာ ပြုလုပ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ၆၃ ဦးထက်မနည်း သေဆုံးပြီး ၆၁ ဦး ဒဏ်ရာရတယ်လို့ KIO က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူအများစုက KIA တပ်ဖွဲ့ဝင်တွေဖြစ်ပြီး၊ ၁၇ ယောက်က အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကတော့ အဲဒီဒေသမှာ သူတို့တပ်ဖွဲ့ဝင်တွေကို KIA နဲ့ PDFက အကြိမ်ကြိမ် အလစ်အငိုက်ဝင်တိုက်တဲ့အတွက် ပြန်ပြီးတိုက်ခိုက်တာလို့ ထုတ်ပြန်ပါတယ်။
အခုလို လေကြောင်းကနေတိုက်ခိုက်တာဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်နှိမ်နင်းရေး ခေါင်းစဉ်အောက်က လုပ်ရပ်တစ်ခုသာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်တွေထဲမှာ သူ့ကိုဆန့်ကျင်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ မြေလှန်၊ မီးရှို့တဲ့ စစ်ဆင်ရေးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အခုဆိုရင် တစ်နိုင်လုံးမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း သုံးသောင်းခွဲကျော် ရှိပြီလို့ ISP-Myanmar သုတေသနအဖွဲ့ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အသတ်ခံရတဲ့လူပေါင်း ၂၀၀၀ ကျော် ရှိနေပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ တိုက်ပွဲတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း တစ်သန်းကျော် ရှိနေပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ အနမ့်ပါတိုက်ခိုက်မှုလို လေကြောင်းတိုက်ခိုက်မှုတွေက စစ်ကောင်စီရင်ဆိုင်နေရတဲ့ ဘက်ပေါင်းစုံက ရန်သူတွေကို မလွှမ်းမိုးနိုင်တဲ့အပြင် တချို့ဖြစ်ရပ်တွေမှာ ဆိုရင် ခုခံတော်လှန်ချင်စိတ်တွေ ပိုများလာအောင် နှိုးဆွပေးသလိုတောင် ဖြစ်ခဲ့တာတွေ ရှိနေပါတယ်။ ဒါဟာ လက်နက်အင်အားသာလွန်တဲ့ စစ်ကောင်စီနဲ့ တဖြည်းဖြည်း ပိုပြီးကြီးထွားလာနေတဲ့ အတိုက်အခံ တော်လှန်ရေးအင်အားစုတွေအကြား အင်အားချိန်ခွင်လျှာကို ပြသနေပါတယ်။
မြန်မာ့လေတပ်အင်အား
မြန်မာလေတပ်မှာ တိုက်လေယာဉ်အစင်း ၁၀၀ ကျော်ရှိပြီး နောက်ထပ်လည်း ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိန်အခြေစိုက် ကာကွယ်ရေးစာစောင်ဖြစ်တဲ့ ဂျိန်း ဂျာနယ်မှာ ဆောင်းပါးရှင် Akhil Kadidal က ရေးပါတယ်။ မြန်မာစစ်တပ်ပိုင် လေယာဉ်တွေထဲမှာ ရုရှားနိုင်ငံလုပ် Mi-35 ဂျက်တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ Yak-130 အမျိုးအစား အသေးစားဂျက်လေယာဉ်တွေ ပါသလို၊ တရုတ်နိုင်ငံလုပ် K-8 နဲ့ Nanchang A-5C အမျိုးအစား တိုက်လေယာဉ်တွေလည်း ပါဝင်ပါတယ်။ ကချင်ပြည်နယ်မှာ အသုံးပြုသွားတဲ့ တိုက်လေယာဉ်ကတော့ လေ့ကျင့်ရေးအမျိုးအစားမှာပါတဲ့ Yak -130 တိုက်လေယာဉ် ဖြစ်ပုံရတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါကြောင့် မြန်မာလေတပ်ရဲ့ လက်နက်အင်အားလို့ပြောရင် ၇၀ ရာခိုင်နှုန်းက တိုက်လေယာဉ်တွေ ဖြစ်တယ်လို့ ဆောင်းပါးရှင် Akhil Kadidal က ဆိုပါတယ်။
စစ်ကောင်စီဟာ ဒီနှစ်အစောပိုင်းမှာ ရုရှားနိုင်ငံကနေ Sukhoi Su-30SM တိုက်လေယာဉ်နှစ်စင်း ရရှိထားပြီး နောက်ထပ်လေးစင်းလည်း ရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ရုရှားနိုင်ငံက အီရာကုစကာ (Irkustsk) လေယာဉ်စက်ရုံကို သွားရောက်လည်ပတ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီက လေတပ်အင်အားကို ဘယ်လောက်အထိ အလေးထားနေသလဲ ဆိုတာကို ပြသနေပါတယ်။
အတိတ်က စစ်ပွဲတွေမှာလည်း စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ လေတပ်အင်အားကို အရန်တိုက်ခိုက်ရေးအဖြစ် အသုံးပြုခဲ့ပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသ တိုက်ပွဲတွေမှာ လေကြောင်းကနေ ဗုံးကြဲတဲ့အတွက် ပြည်သူတွေ နယ်စပ်ဖြတ်ပြီး အိမ်နီးချင်း ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေဘက်ကို ထွက်ပြေးရတာတွေ ရှိခဲ့ပါတယ်။
အဘက်ဘက်က ဖိအားများ
လတ်တလောမှာတော့ မြန်မာစစ်ကောင်စီဟာ စစ်မျက်နှာအများအပြားကို တစ်ပြိုင်နက်တည်း စစ်ဆင်နိုင်ဖို့အတွက် လေတပ်အင်အားကို အဓိက အားထားလာနေပါတယ်။ စစ်ကောင်စီဟာ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင်… စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေအပြင် ဒီမိုကရေစီလိုလားသူ ဗမာလူမျိုးတွေနဲ့ ဖွဲ့ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပါ ရင်ဆိုင်နေရတာပါ။ အရင်က ဘာအန္တရာယ်မှမရှိခဲ့တဲ့ စစ်တပ်ရဲ့ ပြည်တွင်း ထောက်ပို့လမ်းကြောင်းတွေဟာ အခုဆိုရင် တောက်လျှောက် တိုက်ခိုက်ခံနေရပါပြီ။
စစ်ကောင်စီဟာ ဝေးလံတဲ့ဒေသတွေမှာ ထိုးစစ်ဆင်နိုင်ဖို့အတွက် လေကြောင်းအင်အားကို အသုံးပြုနေတာလို့ ဆောင်းပါးရှင် Akhil Kadidal က ဆိုပါတယ်။ အောက်တိုဘာလထဲမှာတင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
မြေပြင်မှာ စစ်ကောင်စီတပ်တွေရဲ့ထိန်းချုပ် မှုအောက်မှာ မရှိတဲ့ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ ပြောပါတယ်။
အခုဆိုရင် နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေက ထိန်းချုပ်ထားပြီလို့ အမေရိကန် National War College ပါမောက္ခတစ်ဦးဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံရေးကျွမ်းကျင်သူ Zachary Abuza က Stimson သုတေသနဌာန အွန်လိုင်းဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။
လေကြောင်းအင်အားမှာ တပ်သားတွေ အရွှေ့အပြောင်း အတင်အချလုပ်ဖို့ လွယ်သလို၊ အနီးကပ်လည်း ပစ်ခတ်လို့ရတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေဟာ စစ်ကောင်စီအတွက် တစ်ပန်းသာတဲ့အချက် ဖြစ်တယ်လို့ Zachary Abuza က ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့က ဖားကန့်မြို့နယ် အနန့်ပါရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေကျေပျက်စီးရတဲ့ အရေအတွက်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိခိုက်မှုအများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ ပြောနိုင်ပါတယ်။ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေဟာ စစ်ပွဲတွေအတွင်း မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ အဓိကအသုံးပြုနေတဲ့ လက်နက် ဖြစ်လာနေတာပါ။
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုမှာ ကလေး ၇ ယောက်နဲ့ လူကြီး ၆ ယောက်၊ စုစုပေါင်း ၁၃ ယောက် သေဆုံးခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလက အင်းတော်ကြီးမြို့နယ် ဂဟဲရွာ လေကြောင်းတိုက်ခိုက်မှုမှာ မောင်နှမလေးယောက်အပါအဝင် ၅ ယောက် သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာမှာ ဒေသကာကွယ်ရေးအဖွဲ့ သင်တန်း ဆင်းပွဲကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်လို့ လူတွေသေဆုံးခဲ့ရပါတယ်။ မီးလောင်ထားတဲ့အလောင်း ၁၁ လောင်းကို နောက်သုံးရက်လောက်အကြာမှာ ရွာသားတွေ တွေ့ခဲ့ရပါတယ်။
နိုင်ငံတကာ အကူအညီ
အခုလို စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေတဲ့အတွက် နိုင်ငံတကာက အကူအညီ ပေးကြဖို့ တောင်းဆိုတာတွေလဲ ပေါ်ထွက်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ… မြန်မာစစ်တပ်ဟာ ကျေးရွာတွေကို မဆင်မခြင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲပြီး မြန်မာစစ်အစိုးရကို လက်နက်ရောင်းချမှု ပိတ်ပင်ရန် တောင်းဆိုခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် မြန်မာစစ်အစိုးရကို ရုရှားလုပ် မောင်းသူမဲ့လေယာဉ်တွေ၊ တရုတ်လုပ် K-8 တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ ပေးပို့ခဲ့တာကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂရဲ့အဆိုအရ လက်ရှိမှာ အနောက်နိုင်ငံ အများစု အပါအဝင် အဖွဲ့ဝင်နိုင်ငံ ၄၀ ကျော်က မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ထားပါတယ်။
မြန်မာစစ်ကောင်စီဘက်က လေကြောင်းအသုံးပြုမှုကြောင့် အတိုက်အခံတွေကို Manpads လို့ခေါ်တဲ့ မြေပြင်ကနေ ဝေဟင်ပစ်တဲ့ လေကြောင်းကာကွယ်ရေး အပေါ့စား ပခုံးထမ်းပစ် ဒုံးလက်နက်တွေ အကူအညီပေးဖို့ နိုင်ငံတကာကို တောင်းဆိုလာတာတွေ ရှိခဲ့ပါတယ်။ ဒါ့ပြင် ၁၉၉၀ ပြည့်လွန်နှစ်တွေက ဘော်လကန်ဒေသ နေတိုးစစ်ဆင်ရေးအတွင်းကလို လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ အချက်တွေလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ သုတေသီတွေကတော့ ဒီတောင်းဆိုမှုနှစ်မျိုးလုံး ဖြစ်နိုင်ခြေ နည်းတယ်လို့ ပြောကြပါတယ်။ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ဖို့ဆိုရင် ဒေသတွင်းနိုင်ငံတွေရဲ့ထောက်ခံမှု လိုအပ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေကလည်း မြန်မာ့အရေးမှာ မြွေမသေတုတ်မကျိုး လုပ်နေကြတာပါ။
အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုရထားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ဘယ်လို တောင်းဆိုမှုကိုမဆို စစ်ကောင်စီရဲ့မဟာမိတ်ဖြစ်တဲ့ တရုတ်အစိုးရက ပယ်ချဖို့များတယ်လို့ Wilson Center က သုတေသီ Myers က ပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီလေတပ်ကို တိုက်ခိုက်မယ်ဆိုရင် မြေပြင်မှာရှိနေချိန်မှာပဲ တိုက်ခိုက်ဖို့ ဖြစ်နိုင်မှာပါ။
တော်လှန်ရေးအဖွဲ့တွေအတွက် လေကြောင်းအင်အားကို ခုခံတိုက်ခိုက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ မြေပြင်ပေါ်မှာ တိုက်ခိုက်ဖို့ပဲ ဖြစ်တယ်လို့ Abuza ကပြောပါတယ်။
စစ်ကောင်စီလေတပ်က တိုက်လေယာဉ်မှူးတွေကို လုပ်ကြံတိုက်ခိုက်ဖို့ ကြိုးစားချက်အဖြစ် NUG အစိုးရက ဒီတိုက်လေယာဉ်မှူးတွေရဲ့ နာမည်နဲ့လိပ်စာတွေကို အများသိအောင် ထုတ်ပြန်တာတွေ ရှိနေပါတယ်။ မကြာသေးခင်က တိုက်လေယာဉ်မှူးတစ်ယောက်ရဲ့အိမ် ကို ဗုံးနဲ့တိုက်ခိုက်ခံရတယ်လို့ Abuza က ပြောပါတယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို လည်း တိုက်ခိုက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ ဂျက်တိုက်လေယာဉ်တွေအတွက် လောင်စာဆီကို ပိုက်လိုင်းတွေနဲ့ သယ်ယူနေတာမဟုတ်ဘဲ ကားတွေနဲ့သယ်နေတာလို့ သူက ထောက်ပြပါတယ်။
လျော့နည်းလာတဲ့လေတပ်အင်အား
မြန်မာ့လေတပ်အင်အားဟာ သူ့ဘာသာသူလည်း ကျဆင်းသွားနိုင်တယ်လို့ ပညာရှင် Abuza က RFA နဲ့သီးသန့်အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ ရုရှားဟာ သူရောင်းထားတဲ့၊ မကြာခဏလည်း ပျက်စီးတတ်တဲ့ ရဟတ်ယာဉ်တွေအတွက် လိုအပ်တဲ့အပိုပစ္စည်းတွေကို ထောက်ပံ့ပေးပို့နိုင်ဖို့ ခက်ခဲနေတဲ့သဘော ရှိပါတယ်။ သူကိုယ်တိုင်က ယူကရိန်းစစ်ပွဲမှာ အရေးယူ ပိတ်ဆို့ခံနေရသလို သူ့စစ်ပွဲအတွက်သူသုံးဖို့ လိုအပ်နေလို့ပါပဲ။
မြန်မာစစ်တပ်ဟာ Kamov Ka-29 အမျိုးအစား ရဟတ်ယာဉ်တွေ ဝယ်ယူထားပြီးပုံရတယ်လို့ ဂျိန်းမဂ္ဂဇင်းဆောင်းပါးရှင် Kadidal က ဆိုပါတယ်။ စစ်ကောင်စီကဘက်တော့ အဲဒီရဟတ်ယာဉ်တွေ ဝယ်ထား၊ မထား တရားဝင် ကြေညာတာ မရှိသေးပါဘူး။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က ယင်းမာပင်မြို့နယ်က တိုက်ပွဲတစ်ခုမှာ Ka-29 ရဟတ်ယာဉ်သုံးထားတဲ့ဓာတ်ပုံကိုတွေ့ ရတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီဘက်က လက်နက်အင်အား သာလွန်နေပေမဲ့ တော်လှန်ရေးအဖွဲ့တွေကတော့ သူတို့အတွက် အကောင်းမြင်ထားပုံ ရပါတယ်၊ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီဘက်က လက်နက်တွေ တဖြည်းဖြည်းနဲ့ ပြုန်းတီးကုန်ဆုံးသွားမယ့် လက္ခဏာတွေကို သူတို့သတိထားမိပုံ ရတယ်လို့ အမေရိကန် လွှတ်တော်သုတေသနဌာနက မြန်မာ့အရေး ကျွမ်းကျင်သူ Michael Martin က ပြောပါတယ်။
Michael Martin ဟာ ဝါရှင်တန်အခြေစိုက် နိုင်ငံတကာမဟာဗျူဟာနဲ့လေ့လာရေး ဗဟိုဌာန (CSIS) မှာ သုတေသီအဖြစ်ဆောင်ရွက်နေသူဖြစ်ပြီး၊ အောက်တိုလထဲမှာ အိန္ဒိယနိုင်ငံနဲ့ ထိုင်းနိုင်ငံကို သွားခဲ့ပြီး မြန်မာ အတိုက်အခံ တော်လှန်ရေးအဖွဲ့ခေါင်းဆောင် အတော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာပြည်အရှေ့ပိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်သားတွေဟာ တောတောင်တွေထဲမှာ ပေါင်ချိန်ငါးရာအထိ ရှိတဲ့၊ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေ မကြာခဏ ရှာတွေ့နေပါတယ်။ အဲဒီဗုံးသီးတွေက အပျက်တွေချည်းပဲလို့ Michael Martin က ပြောပါတယ်။ သေသေချာချာ စစ်ဆေးကြည့်တော့ စစ်ကောင်စီတပ်ဟာ ဈေးပေါတဲ့ ခပ်ညံ့ညံ့ စနက်တံ (Fuse) တွေ သုံးနေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
တခါတလေ စစ်ကောင်စီတပ်က လေယာဉ်တွေ ဖြတ်ပျံသွားပေမယ့် ဘာဗုံးမှမကြဲဘဲ ပျံသွားတာမျိုးတွေ ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က သူ့ကို ပြောပြတယ်လို့ Michael Martin ပြောပါတယ်။ ဒါဟာ စစ်လက်နက်ပစ္စည်း မလုံလောက်တဲ့ လက္ခဏာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ သူတို့ မျှော်လင့်နေကြတယ်လို့လည်း Michael Martin ပြောပါတယ်။
“ဒီအဖွဲ့တွေအားလုံးဟာ အခုထက်ပိုကောင်းတဲ့ လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ လိုချင်နေကြတယ်၊ အထူးသဖြင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်နိုင်ပြီဆိုရင် အောင်ပွဲဟာ မဝေးတော့တဲ့လက်တကမ်းမှာ ရောက်နေပြီဆိုပြီး ဒီတော်လှန်ရေးအင်အားစုတွေက ယုံကြည်နေကြတယ်” လို့ Michael Martin က ပြောပါတယ်။