အာဏာသိမ်းပြီးနောက် သေဆုံးအရပ်သား နှစ်ထောင်ပြည့်ပြီလို့ AAPP ထုတ်ပြန်

2022.06.22
အာဏာသိမ်းပြီးနောက် သေဆုံးအရပ်သား နှစ်ထောင်ပြည့်ပြီလို့ AAPP ထုတ်ပြန် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် မမြသွဲ့သွဲ့ခိုင်၏ နာရေးအခမ်းအနားကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့အထိ တစ်နှစ်ကျော် အတွင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရင်း သေဆုံးခဲ့ရတဲ့ပြည်သူ နှစ်ထောင်ပြည့်သွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၀၀) ဦး ရှိခဲ့ပြီ ဖြစ်ပါသည်” လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအရေအတွက်ဟာ AAPP က ကောက်ယူရရှိထားတဲ့ အရေအတွက်သာဖြစ်ပြီး မြေပြင်မှာ ဒီအရေအတွက်ထက် ပိုများနေနိုင်တယ်လို့လည်း AAPP က ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သေဆုံးသွားတဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ မကွေးတိုင်း ပေါက် မြို့နယ်၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ တမူးမြို့နယ်တို့က အပြစ်မဲ့ပြည်သူ ခုနစ်ဦးရဲ့ အချက်အလက်တွေကိုလည်း ကောက်ယူရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးပြည်သူ နှစ်ထောင်ရှိသွားတဲ့အပေါ် ရန်ကုန်မြို့က အမေရိကန်သံရုံးကလည်း ဝမ်းနည်းပူဆွေးရတယ်လို့ သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဒီနေ့ သတင်းထုတ်ပြန် ပါတယ်။

“နိုင်ငံတစ်ဝှမ်းတွင် မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ်တပ်၏ လူမဆန် သော ကြမ်းကြုတ်ရက်စက်မှုများသည် စစ်တပ်အတွင်းမှ တာဝန်ရှိသူများကို တာဝန် ယူမှု၊ တာဝန်ခံမှုရှိစေရေး အပူတပြင်း လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြနေပါ သည်” လို့ ဖော်ပြထားပါတယ်။

အမေရိကန်သံရုံးအပြင် ဥရောပသမဂ္ဂ (EU) သံရုံးကလည်း ဝမ်းနည်းကြောင်းပြသတဲ့ အနေနဲ့ သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အမည်းရောင်ကာဗာချိန်းထားပါတယ်။

ရန်ကုန်အခြေစိုက် သပိတ်ကော်မတီတစ်ခုမှာပါဝင်တဲ့ မဂျူဝယ်လ်ကလည်း သတ်ဖြတ်ခံ ရတဲ့သူ နှစ်ထောင်တောင်ရှိပြီဆိုတဲ့သတင်းကြောင့် စိတ်မကောင်း ဖြစ်ရတယ်လို့ RFA ကို ပြောပါတယ်။

“ကျဆုံးခဲ့ရသူတွေအတွက် အရမ်းကိုစိတ်မကောင်းဖြစ်ရတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်တဲ့သူတွေကို မတရားဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်တယ်။ အဲဒါကြောင့် စစ်တပ်ကို အမြစ်ဖြတ်မှရမယ်ဆိုတဲ့စိတ်နဲ့ တောင့်ခံလာတာ တော်လှန်ရေးလည်း တစ်နှစ်ကျော် လာပြီ။ ဒီကာလအတွင်းမှာ ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့တယ်။ ပြည်သူတွေအနေနဲ့က ဘယ်လောက်ပဲ ဆုံးရှုံးနေပါစေ၊ ဒီပွဲသည် နောက်ဆုံးပွဲဖြစ်တဲ့အတွက် ဒီစိတ်နဲ့ ဆက် လက်တော်လှန်သွားပါ့မယ်”

စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြရင်း ပထမဆုံး သေဆုံးခဲ့ရသူကတော့ နေပြည်တော်မှာနေထိုင်တဲ့ မမြသွဲ့သွဲ့ခိုင် ဖြစ်ပါတယ်။

သူဟာ အစ်မဖြစ်သူနဲ့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်၊ သပြေကုန်းအဝိုင်းမှာရှိနေစဉ် ရဲတပ်ဖွဲ့ရဲ့ ကျည်အစစ်နဲ့ ပစ်ခတ်တာခံခဲ့ရပြီး ခုတင် ၁၀၀၀ ဆေးရုံရောက်ခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သေဆုံးသွားခဲ့တာပါ။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လကုန်ပိုင်းကနေစပြီး လမ်းပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ကျည်ဆန်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီး တော်တော်များများက ပြည်သူတွေဟာ လမ်းမပေါ်မှာတင် သေဆုံးခဲ့ကြရပါတယ်။

ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုကျားကြီးကတော့ စစ်တပ်ဟာ သူ့ကို ဆန့်ကျင်တဲ့သူမှန်သမျှကို ဖမ်းဆီးသတ်ဖြတ်တာတွေကို ဆက်လုပ်နေ ဦးမှာပဲလို့ ပြောပါတယ်။

“သူတို့ကို ဆန့်ကျင်တဲ့သူမှန်သမျှကို ဖမ်းမယ်၊ သတ်မယ်ဆိုတာကတော့ လုပ်ရိုးလုပ် စဉ်ပါပဲ။ အခုလည်း လုပ်နေတယ်။ အိမ်တွေကိုလည်း မီးရှို့နေတယ်။ ဆက်ပြီးတော့ လည်း လုပ်နေမှာပဲ။ ကျနော်တို့ဘက်ကလည်း တော်လှန်နိုင်သမျှ တော်လှန်နေမှာပဲ။ နေ့စဉ် တိုက်ပွဲဝင်ဖို့လုပ်နေမှာပဲ။ ကျနော်တို့ကလည်း စစ်အာဏာရှင် မကျရှုံးသရွေ့ ကတော့ ကျနော်တို့ကလည်း တော်လှန်နေမှာပဲ”

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်ကလည်း AAPP ရဲ့ စာရင်းဟာ နှစ်ထောင်လို့ ဆိုပေမယ့် လက်တွေ့မှာ ဒီထက်ပိုပြီးများနိုင်တယ်လို့ ပြောပါတယ်။

“ပြည်သူကို ရာဇဝတ်သားတွေလို့ မြင်ပြီးတော့ မတရားဖမ်းဆီးတယ်။ နှိပ်စက်တယ်။ သတ်ဖြတ်တယ်။ ရွာလုံးကျွတ်မီးရှို့တယ်။ သတ်တယ်။ အခု AAPP စာရင်းကတော့ နှစ်ထောင်ပေါ့။ တကယ်တော့ ဒီထက်ပိုဖို့ပဲရှိပါတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ စိတ် ပိုင်းဖြတ်မှုကတော့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် အသက်တွေ၊ ဘဝတွေ ရင်းနှီးမြှုပ်နှံပြီး ဆက်ပြီးတော့ နောက်ဆုံးအချိန်အထိ ပြည်သူ့ခုခံတော်လှန် စစ်ကို ဆင်နွှဲသွားမယ်လို့ ပြောချင်တယ်”

စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ မေလ ၁၅ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ ၂၇၉၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သုတေသန အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ISP–Myanmar ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေ ၁၀ ရက်အထိ သေဆုံးခဲ့ရတဲ့ အရပ်သား စုစုပေါင်း ၅၆၄၆ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ ၅၆၄၆ ဦးထဲမှာ ဆန္ဒပြနေစဉ်အတွင်း ပစ်ခတ်ခံရတာနဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံး ခဲ့ရသူ ၁၈၃၁ ဦး၊ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုချက်နဲ့ USDP ဥက္ကဋ္ဌရဲ့ ပြောဆိုချက်တွေအရ သတင်းပေးဒလန်လို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခြင်းခံရသူ ၃၁၀၇ ဦး၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေဆုံးသူ ၆၉၀ ဦးနဲ့ သွေးသောက်အဖွဲ့ရဲ့ သတ်ဖြတ်ခြင်းခံရသူ ၁၈ ဦးတို့ ပါဝင်ပါတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။