စစ်မီးလျှံကြားက
စစ်ကိုင်း


စစ်ကောင်စီတပ်များ၏ ရက်စက်ကြမ်းကြုတ်မှုသည် ပြန်လည်တိုက်ခိုက်ရန် ပြည်သူများ၏ ဆုံးဖြတ်ချက်ကို ပိုပြီးခိုင်မာလာစေသည်။



လွတ်လပ်တဲ့အာရှအသံ

၂၀၂၂ အောက်တိုဘာ ၆ ရက်

တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက် ကျကျန်ခဲ့တဲ့တယ်လီဖုန်းကို ရွာသားတစ်ယောက်က ကောက်ရခဲ့ပြီးနောက် အဲဒီဖုန်းထဲက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ၂၀၂၂ ခုနှစ် ဇွန်လမှာ RFA မြန်မာဌာနက လက်ခံရရှိခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင်တွေဟာ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ လူအစုအပြုံလိုက် သတ်ဖြတ်ခဲ့စဉ်ကပုံတွေဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့မှာ RFA က သတင်းထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီနောက် အသတ်ခံရသူ ရွာသားတွေရဲ့ မိသားစုဝင်တချို့က သူတို့ရဲ့ အိပ်မက်ဆိုးတွေအကြောင်း RFA ကို ပြောပြကြတာကို ဇွန်လ ၂၂ ရက်မှာ ဒုတိယပိုင်း ထုတ်လွှင့်ခဲ့ပါတယ်။

မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ပြီး စိုက်ပျိုးရေးကို အဓိကအားထားရတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ သူတို့ကို ခုခံတော်လှန်နေတဲ့ အင်အားစုတွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီခုခံမှုအတွက် စစ်ကိုင်းတိုင်းဒေသခံတွေ အရင်းအနှီးကြီးကြီး ပေးဆပ်နေရပြီး စစ်ပွဲရဲ့အဓိက အပြင်းထန်ဆုံးနေရာလည်း ဖြစ်နေပါတယ်။ ဒါကြောင့် စစ်ကောင်စီက စစ်ကိုင်းတိုင်းကို ဘာကြောင့် သဲကြီးမဲကြီး စစ်ဆင်ရေး ဆင်နွှဲနေလဲဆိုတာကို သတင်းပေးပို့ချက် တတိယပိုင်းအဖြစ် RFA က လေ့လာစုံစမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး လပေါင်း ၂၀ လောက်အကြာမှာ စစ်ကိုင်းတိုင်းဟာ အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ အဓိကဗဟိုချက်မ ဖြစ်လာနေပါတယ်။ စစ်ကိုင်းတိုင်းမှာ လူဦးရေ ၅.၃ သန်းရှိပြီး အဲဒီထဲမှာ တိုင်းရင်းသားတချို့အပြင် ဗမာလူဦးရေက အများစုဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အဓိကအသက်သွေးကြောတွေဖြစ်တဲ့ "ဧရာဝတီ" နဲ့ "ချင်းတွင်း" ဆိုတဲ့ မြစ်ကြီးနှစ်စင်း ဖြတ်သန်းစီးဆင်းရာ စစ်ကိုင်းတိုင်းဟာ အထက်မြန်မာပြည်မြို့တော်ရှိရာ မန္တလေးတိုင်းအစပ်ကနေ အိန္ဒိယနိုင်ငံနယ်စပ်အထိ ကျယ်ဝန်းပါတယ်။ အထင်ကရ သမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီနဲ့ ရှေးဟောင်းကျောင်းတော်တွေ ရှိသလို၊ သမိုင်းအရကြည့်ရင် ၁၈၈၅ ခုနှစ် ဗြိတိသျှကိုလိုနီလက်အောက် မရောက်ခင် မြန်မာနိုင်ငံရဲ့နောက်ဆုံးကုန်းဘောင်မင်းဆက် တည်ခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

ဒီလိုသမိုင်းအစဉ်အလာတွေ ရှိနေတာဟာ ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်မင်းကိုယ့်ချင်း စိတ်ဓာတ်ဖြစ်စေပြီး၊ စစ်အာဏာရှင်ကို ခုခံတော်လှန်ဖို့လည်း စိတ်ခွန်အားတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီး ဆန့်ကျင်သူတွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့ပြီးနောက်မှာတော့ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အသီးသီးဖွဲ့ပြီး ရရာလက်နက်နဲ့ ခုခံတော်လှန်မှု စတင်ခဲ့တာပါ။

အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီကသတ်မှတ်ခံထားရတဲ့ PDF တပ်သားတွေဟာ အစောပိုင်းမှာတော့ ၁၉ ရာစုအတွင်း ဗြိတိသျှတပ်တွေကို တော်လှန်ခဲ့ချိန်ကသုံးတဲ့ တူမီးလက်လုပ်သေနတ် အနည်းအကျဉ်းလောက်နဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တူမီးသေနတ်ထက် ပိုကောင်းတဲ့ ခေတ်မီမောင်းပြန်သေနတ်တွေနဲ့ တိုက်လာခဲ့ပါတယ်။ ဒီလိုသေနတ်တွေကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တချို့ဆီကနေ ရလာကြသလို တချို့လက်နက်တွေကိုတော့ ရွာသားတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထုတ်လုပ်လာကြတာပါ။



စစ်ကိုင်းဒေသဟာ ရှေးဗမာဘုရင်တွေခေတ်ကနေ ဒုတိယကမ္ဘာစစ်နဲ့ လွတ်လပ်ရေးနဲ့တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်အထိ ရှည်လျားတဲ့သမိုင်းရှိခဲ့တယ်လို့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရ ပုလဲမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက RFA ကို ပြောပါတယ်။

“အခုစစ်ကောင်စီလက်ထက်မှာ ဟိုအရင်က စစ်အစိုးရအာဏာရှင် အမျိုးမျိုးကို ဆန့်ကျင်မှုထဲမှာ တစ်ခါမှ မကြုံဖူးတဲ့ နည်းနာတွေနဲ့၊ တစ်ခါမှ အခုလိုတိုက်ရဲခိုက်ရဲ မလုပ်ခဲ့ဖူးတဲ့၊ တစ်နည်းအားဖြင့် ကျွန်တော်တို့ စစ်ကိုင်းတိုင်းဆိုတာ ဘတ်ဂွနဲ့လောက်လေး (လေးခွနဲ့လောက်စာလုံး) လောက်ပဲ ရှိတယ်ဗျ။ တူမီးတောင် ကျွန်တော်တို့ ရှိတာမဟုတ်ဘူး။ ဒါပေမဲ့ အခုနှစ်နဲ့ချီပြီးတော့ ဒီစစ်ကောင်စီကို အများဆုံး ဒုက္ခပေးနေနိုင်ခြင်းသည် စစ်ကိုင်းတိုင်းရဲ့ထူးခြားတဲ့အရေးပါမှု ဖြစ်တယ်လို့ မြင်တယ်”

“ ဒါကြောင့် ဒီဟာကိုလည်း စစ်ကောင်စီက ဗျူဟာတွေ အမျိုးမျိုးပြောင်းသော်လည်းပဲ အခုထိ သူတို့နိုင်စရာ အကြောင်းမမြင်သေးတဲ့အတွက် တာရှည်ကောင်း တာရှည်နိုင်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်”

ဒါပေမဲ့ စစ်ကိုင်းတိုင်းဟာ ဒီခုခံတော်လှန်မှုအတွက် အရင်းအနှီးကြီးကြီး ပေးဆပ်နေရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီး သတ်ဖြတ်မှုများ

စစ်ကောင်စီတပ်တွေဟာ ရွာတွေမှာ PDF တွေ ရှိတယ်လို့စွပ်စွဲပြီး မြေလှန်မီးရှို့စစ်ဆင်ရေးတွေ ဆင်နွှဲသလို ရွာတွေမှာ ပစ္စည်းယူ၊ လူသတ်၊ မုဒိမ်းကျင့်၊ အစစ်အဆေးမရှိ ဖမ်းဆီးချုပ်နှောင်တာတွေအပြင် စာသင်ကျောင်းတွေနဲ့ ကလေးတွေလည်း ချမ်းသာရာမရခဲ့ပါဘူး။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေက နေအိမ်ပေါင်း တစ်သောင်းနှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့တွေက ပြောပါတယ်။ ဒါပေမဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ပေါင်း နှစ်သောင်းကျော်တယ်လို့ Data for Myanmar နဲ့ ISP-Myanmar တို့လို လွတ်လပ်တဲ့သုတေသနအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ ဒီအဖြစ်အပျက်တွေအတွင်း လူပေါင်းငါးသိန်းကျော် အိုးအိမ်စွန့်ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

စစ်တပ်ရဲ့ဒီလိုလုပ်ရပ်တွေကို သူ့ဘဝတစ်လျှောက် တစ်ခါမှမကြုံခဲ့ဖူးဘူးလို့ ချောင်းဦးမြို့နယ် ညောင်ပင်တဲရွာက အသက် ၇၀ အရွယ် အမျိုးသားကြီးတစ်ယောက်က RFA ကို ပြောပါတယ်။


threesoldiers.jpg
စစ်ကောင်စီတပ်သားတစ်ဦး ကျကျန်ခဲ့သည့် ဖုန်းတွင်တွေ့ရသော ဗီဒီယို၌ ဖုန်းပိုင်ရှင်နှင့် အခြားစစ်သားနှစ်ဦးက လူဘယ်နှယောက်ကို မည်သို့သတ်ဖြတ်ခဲ့ကြောင်း ဂုဏ်ပြိုင်ပြောဆိုနေကြသည်ကို တွေ့ရသည်။

“လက်နက်ကြီးတွေနဲ့ကတော့ တအုန်းအုန်းပါဗျာ။ ကျုပ်တို့တွေ အသက် ၇ဝ ရှိပါပြီ။ ဒီလိုလည်း တစ်ခါ မှမကြုံဖူးပါဘူး။ ပြေးကြ၊ လွှားကြရတာပါဗျာ။ အမယ်ကြီးအိုတွေ မပြေးနိုင်တာ ဆိုင်ကယ်တွေနဲ့တင် လေဖြတ်နေတဲ့ မိန်းမကြီးဆို ပစ်ထားခဲ့ရတာ၊ နောက်မှပြေးကြ၊ လွှားကြရတာ”

“အခုသေတဲ့ ကလေးတွေလည်း နွားလေးတွေကို သံယောဇဉ်ဖြစ်ပြီးတော့ မပြေးနိုင်တာ။ ကျန်ရစ်ပြီး ဖမ်းဆီးပြီး သတ်သွားတာပါဗျာ။ ကျနော်တို့ ဒီစစ်တပ်ကိုလည်း မကြားလည်းမကြားချင်ပါဘူး။ မမြင်လည်း မမြင်ချင်ပါဘူးဗျာ။ ဒီစစ်တပ်တော့ ကျုပ်တို့ ကြားရတာနဲ့ကို ကြောက်နေတာပါ”

စစ်ကောင်စီက စစ်ကိုင်းတိုင်းမှာ အခုလို မြေလှန်မီးရှို့စစ်ဆင်ရေးလုပ်နေတာကို စစ်ရာဇဝတ်မှုနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အရေးယူဖို့ လူ့အခွင့်အရေးဆောင်ရွက်တဲ့အဖွဲ့တွေက တောင်းဆိုနေကြပါတယ်။ စစ်ကောင်စီကတော့ သူတို့တပ်ဖွဲ့တွေအနေနဲ့ ဒီလိုရာဇဝတ်မှုတွေနဲ့ မပတ်သက်ဘူးလို့ တစိုက်မတ်မတ် တုံ့ပြန်နေသလို ဒီလိုလုပ်ရပ်တွေကို PDF တွေက လုပ်နေတာလို့ ပြစ်တင်ပြောဆိုလေ့ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားစုံစမ်း အတည်မပြုနိုင်သေးပါဘူး။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းမှာ ရွာသားတစ်ယောက် ကောက်ရခဲ့တဲ့ တယ်လီဖုန်းထဲက ဓာတ်ပုံတွေနဲ့အတူ ရုပ်သံဖိုင်တစ်ဖိုင် ရခဲ့ပါတယ်။ အဲဒီထဲမှာ ဖုန်းပိုင်ရှင်စစ်သားနဲ့ တခြားစစ်သားနှစ်ယောက်က သူတို့လူဘယ်နှယောက် သတ်ခဲ့တယ်၊ ဘယ်လိုနည်းနဲ့ သတ်ခဲ့တယ်၊ ဘယ်လိုမြှုပ်နှံခဲ့တယ်ဆိုတာတွေ ပြောနေတာကို အထင်အရှား ကြားရပါတယ်။

အဲဒီဓာတ်ပုံတွေထဲမှာ လူအယောက်သုံးဆယ်လောက်ကို လက်နောက်ပြန်ကြိုးတုပ်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ ဇရပ်အောက်မှာ ထိုင်ခိုင်ထားတဲ့ပုံလည်း ပါနေပါတယ်။ အဲဒီဓာတ်ပုံကို ရိုက်တဲ့နေ့က မေလ ၁၀ ဖြစ်ပြီး၊ နောက်တစ်နေ့ မေလ ၁၁ ရက်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံမှာတော့ လူငါးယောက် သွေးသံအလိမ်းလိမ်းနဲ့ အသတ်ခံထားရတဲ့ပုံ ပါဝင်ပါတယ်။ အဲဒီပုံထဲမှာလည်း ရုပ်သံဖိုင်ထဲက စစ်သားနှစ်ယောက် မတ်တပ်ရပ်နေတာကို တွေ့ရပါတယ်။

မုန်တိုင်ပင်ဘုန်းကြီးကျောင်းဝင်းအတွင်း လူအယောက်သုံးဆယ်နီးပါး အဖမ်းခံထားရတဲ့ ဓာတ်ပုံထဲမှာ တူနှစ်ယောက်နဲ့ ယောက်ဖတစ်ယောက် ပါသွားပြီး သူတို့လည်း အသတ်ခံရတယ်လို့ အမည်မဖော်လိုတဲ့ အမျိုးသားကြီးတစ်ယောက်က RFA ကို ပြောပါတယ်။

“ရွာထဲ ကြိုးတုပ်ခေါ်ပြီးတော့ ဘုန်းကြီးကျောင်းမှာ ရိပ်သာဆိုတာ ရှိပါတယ်။ ရိပ်သာထဲက အခန်းကျယ်တစ်ခန်းထဲမှာ ၂၉ ယောက်လုံး ကြိုးတုပ်ပြီးတော့ ထည့်ထားပါတယ်။ ကြိုးတုပ်ထည့်ထားပြီးတော့ ငါးယောက်တစ်တွဲ ခြောက်ယောက်တစ်တွဲ ထုတ်ထုတ်ပြီးတော့ ရွာထဲကိုခေါ်တယ်။ ခေါ်ပြီးတော့ ရိုက်သတ်ပြီး အိမ်တွေထဲကိုထည့် မီးရှို့သတ်တာပါပဲခင်ဗျာ”

“အခုသူတို့ ပြည်သူတွေကို သတ်ပြနေတာက PDF ကို မနိုင်လို့။ ပြည်သူတွေကို သတ်ပြပြီးတော့ PDF တွေ ကြောက်ပါလိမ့်မယ်။ သူတို့ နောက်ဆုတ်ပါလိမ့်မယ်လို့ သူတို့ထင်ပြီးတော့ သူတို့ပြည်သူတွေကို သတ်နေတယ်လို့ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်ခင်ဗျ”

မုန်တိုင်ပင်ဘုန်းကြီးကျောင်းအတွင်း လက်နောက်ပြန်ကြိုးတုပ်ထားသည့် ရွာသားအယောက်သုံးဆယ်ခန့်အား တန်းစီထိုင်ခိုင်းထားသော ဓာတ်ပုံများကို စစ်ကောင်စီတပ်သား ကျကျန်ခဲ့သည့် ဖုန်းမှတစ်ဆင့် RFA က ရရှိခဲ့ပါသည်။ ကာယကံရှင်များ၏ မိသားစုများမှတစ်ဆင့် ရွာသား ၁၅ ယောက်ကို (ပုံတွင်နာမည်များဖြင့် ဖော်ပြထားသည်) မည်သူမည်ဝါဖြစ်ကြောင်း RFA က စုံစမ်းဖော်ထုတ် အတည်ပြုထားပါသည်။


မုန်တိုင်ပင်ရွာက အမေအိုတစ်ယောက်ကလည်း မေလ ၁၁ ရက်နေ့က အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့သူတွေထဲမှာ သူ့သားသုံးယောက်ပါသွားတဲ့အကြောင်း RFA ကိုပြောပြပါတယ်။

“တစ်ရက်မှ မမေ့ဘူးလို့။ မနိုင်လို့လွှတ်လိုက်ရတာ မမေ့ဘူး။ အမေ့သား သုံးယောက်ကို ဘာအပြစ်မှမရှိဘဲနဲ့ အသတ်ခံရတာ။ ပြန်ကို မပြောဝံ့ဘူး။ သူတို့ကြောက်လို့”

“သူတို့ (သားတွေ) လုပ်ကိုင်ကျွေးတာ စားရတာ။ ဒို့ဘဝတွေမယ်ဟေ့လို့ သားသမီးတွေမရှိတော့ ဘာလုပ်စားလို့ လုပ်စားရမယ်မှန်းမသိဘူး။ အခုဘဝတွေ ပျက်နေတာ အဖိုးကြီးအဖွားကြီး။ လူသားတိုင်းလူသားတိုင်း ကျွန်မသားလေးတွေလည်း လူသားပါ။ လူသားလေးတွေကို မသတ်ဖို့ရာ ရှေ့ဆက်ပြီးမသတ်ဖို့ရာ ပြောချင်ပါတယ်။ တော်တို့ စစ်သားလေးတွေကလည်း လူသားချင်း ကိုယ်ချင်းစာနာကြပါ””

‘ကျွန်မတို့ရင်ထဲက အမုန်းတရားတွေ ပိုပိုပြီး ကြီးထွားလာတာပဲရှိတယ်’

ဒီလို ရက်စက်အကြမ်းဖက်မှုတွေကို စစ်ကိုင်းဒေသခံတွေ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ဒဏ်ကို ခံခဲ့ရတဲ့သူတွေက သူတို့မှာ ဆုံးရှုံးစရာရယ်လို့ မရှိတော့သလို ရှေ့ဆက်ပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖယ်ရှားဖို့ပဲ ဆန္ဒရှိကြတယ်လို့ RFA ကို ပြောကြပါတယ်။

မြောင်မြို့နယ်မှာ ဖွဲ့စည်းထားတဲ့ "မြောင်အမျိုးသမီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်" မ မဟူရာက… သူ့အနေနဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့အရာတွေ ဖျက်ဆီးခံရပြီးနောက်မှာ စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ထုတ်မယ့်လမ်းကိုပဲ ရွေးလိုက်တော့တယ်လို့ RFA ကိုပြောပါတယ်။

"ကျွန်မတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပြာကျတဲ့အထိ ဖျက်ဆီးတဲ့အခါ ကျွန်မတို့ရင်ထဲက အမုန်းတရားတွေဟာ ပိုပိုပြီး ကြီးထွားလာတာပဲရှိတယ်။ သူတို့ (စစ်ကောင်စီ)ကို ကြောက်သွားတဲ့စိတ် လုံးဝမရှိခဲ့ဘူး”


schoolattack.jpg
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ၊ မဟာဓမ္မရံသီဘုန်းကြီးကျောင်းအတွင်းရှိ စာသင်ကျောင်းဆောင်အား စစ်ကောင်စီတပ်က ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်ခဲ့သောကြောင့် သေဆုံးခဲ့သည့် ကလေးငယ်၏ရုပ်အလောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Screenshot from social media/Reuters)

ဒီလက်နက်ကိုင်တော်လှန်ရေးအတွက် သူတို့မှာရှိသမျှ ထုတ်ပေးဖို့ ဝန်မလေးတော့ဘူးလို့လည်း ဒီပဲယင်းမြို့နယ်က ဒေါ်မ လို့အမည်လွှဲပေးထားတဲ့ အမျိုးသမီးကြီးတစ်ယောက်က ပြောပါတယ်။

“ကျုပ်သားလေးက PDF ထဲ ဝင်သွားတော့ လုံလောက်တဲ့ပစ္စည်းမရှိ၊ တူမီးသေနတ်တောင်မရှိကြဘူး။ အဲဒီတော့ ကျုပ်အိမ်ထောင်မကျခင်က လုပ်ကိုင်စုဆောင်းပြီး ဝတ်လာတဲ့ စိန်နားကပ်လေးတစ်ရံကို ထုခွဲရောင်းချပြီး၊ တူမီးသေနတ်ဖိုးလေး ပြေလည်ဖို့ လုပ်ပေးရတယ်”

စစ်တပ်ထဲမှာ စိတ်ဓာတ်တွေ ယိုယွင်းပျက်ဆီးနေပြီး၊ အမိမြေအတွက်တိုက်ပွဲဝင်နေတဲ့ သူတို့အတွက်တော့ စိတ်ဓာတ်တွေ အရမ်းထက်သန်နေကြတဲ့အကြောင်း တခြားဒေသခံတွေကလည်း RFA ကို ပြောကြပါတယ်။

သူတို့နယ်မှာဆိုရင် စစ်ကောင်စီတပ်သားတွေ ထိန်းချုပ်လို့မရတော့ဘူးလို့ ယင်းမာပင်မြို့နယ်က ကိုခန့် က ပြောပြပါတယ်။

"ကျွန်တော်တို့ မြို့နယ်တွေမှာ PDF အားကောင်းတယ်။ စစ်ကောင်စီရဲ့ထိန်းချုပ်မှုက လုံးဝမရတဲ့အခြေအနေ ရှိလာပြီ။ ဆိုတော့ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း အရင်လို တူမီးလက်နက်မဟုတ်တော့ဘဲနဲ့ တချို့သောအဖွဲ့တွေမှာ မောင်းပြန်လက်နက်တွေအထိ ကိုင်နိုင်ကြပြီ။ အဲဒီတော့ စစ်ကောင်စီနဲ့ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်တဲ့ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးတွေ များလာတယ်။ ဒေသကို ထိန်းချုပ်လို့မရတော့ တွေ့သမျှ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တယ်။ ရွာတွေကို မီးရှို့တယ်"

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းသားတွေကို လျှော့တွက်ထားပုံရတယ်လို့ စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သတင်းဌာနမှာ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ် မသန့်ဝေကျော်က RFA ကိုပြောပါတယ်။

“သူတို့ဟာ ရိုးသားတဲ့တောသူတောင်သားတွေဖြစ်ပေမယ့် ပြန်တော်လှန်တိုက်ခိုက်ဖို့ သတ္တိမနည်းဘူး။”

“သူတို့ရွာတွေ မီးရှို့ဖျက်ဆီးခံရ၊ ပြည်သူတွေအသတ်ခံရတဲ့အခါမှာ ဒီအချိန်ဟာ ပြန်တော်လှန်ရမယ့်ချိန်ပဲ ဆိုတာ သူတို့ကောင်းကောင်းသဘောပေါက်ကြတယ်၊ ဒီအချိန်မှာ ကလေးလူကြီး၊ ယောက်ျားမိန်းမ ကျွန်မတို့အားလုံးအကုန်ပါဝင်ရမယ်ဆိုတာနားလည်ထားကြတယ်”





Reporting by Khin Maung Soe, Nayrein Kyaw, Soe San Aung and RFA Burmese Service
-------------
Written by Joshua Lipes
-------------
Video by Chris Billing
-------------
Graphics by Amanda Weisbrod
-------------
Edited by Paul Eckert, Kyaw Min Htun and Mat Pennington
-------------
Visual editing and graphics by H. Léo Kim, Paul Nelson and Thane Aung
-------------
Web page produced by Minh-Ha Le
-------------
Produced by Radio Free Asia
-------------
© 2022 RFA
-------------
Facebook - Youtube - Twitter