cover_they_are_all_gone.gif

‘မုန်တိုင်ပင်အစုအပြုံလိုက်သတ်ဖြတ်မှု ဘယ်လိုဖြစ်ခဲ့သလဲ’




စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့တဲ့ ရွာသားတွေရဲ့ ပြန်ပြောပြချက်


မှတ်ချက်။ ဤသတင်းဆောင်းပါးတွင် စိတ်မချမ်းမြေ့ဖွယ်၊ ထိတ်လန့်တုန်လှုပ်ဖွယ် အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။


ခင်မောင်စိုး၊ နေရိန်ကျော်

၂၀၂၂ ဇွန် ၂၂ ရက်


မေလ ၁ဝ ရက်နေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်သား ၁၅၀ ကျော်ဟာ ရွာအပြင်ဘက်ကနေရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ကြပါတယ်။

ရွာသားအများစုက ကားတွေဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားကြပြီး ထွက်မပြေးနိုင်သူတချို့ကတော့ ရွာဘုန်းတော်ကြီးကျောင်းကို သွားရောက်ခိုလှုံခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ နာရီပေါင်း ၄၀ အတွင်း လူပေါင်း ၂၉ ယောက် ပစ်ခတ်၊ ခုတ်ထစ်၊ သတ်ဖြတ်ခံခဲ့ရပြီး အလောင်းတွေ မီးရှို့ဖျောက်ဖျက်ခံခဲ့ရပါတယ်။ ရွာတွင်းက လမ်းတွေပေါ်မှာ သွေးအိုင်တွေစီးဆင်းနေပြီး မီးလောင်ကျွမ်းထားတဲ့ရုပ်အလောင်းတွေကို ခွေးတွေက စားနေကြပါတယ်။

စစ်ကိုင်းတိုင်း မုန်တိုင်ပင်ရွာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့ သက်သေအထောက်အထားတွေကို စစ်ကောင်စီတပ်သားတစ်ယောက်ရဲ့ လက်ကိုင်ဖုန်းဗီဒီယိုမှာ တွေ့ခဲ့ရတဲ့အကြောင်း RFA ဝါရှင်တန်ရုံးချုပ်က ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်လွှင့်ဖော်ပြခဲ့ပြီးနောက် ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကနေ အသက်မသေလွတ်မြောက်ခဲ့တဲ့ ရွာသားတချို့ကို RFA က ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒီရွာသားတွေရဲ့ ပြောပြချက်အရ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့နေရာအတိအကျကို သိခဲ့ရသလို အသတ်ခံရသူ ၂၉ ဦးရဲ့ အမည်စာရင်းတွေကိုပါ RFA က ရရှိခဲ့ပါတယ်။

မုန်တိုင်ပင်ရွာဟာ PDF တပ်ဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အတွက်ကြောင့် စစ်ကောင်စီတပ်တွေရဲ့ ပစ်မှတ်ထားခံရတာဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ရွေးကောက်ခံ အရပ်သားအစိုးရကိုဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့စစ်ကောင်စီကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ခုခံတွန်းလှန်နေတဲ့အထဲမှာ စစ်ကိုင်းတိုင်းက အပြင်းထန်ဆုံး ဖြစ်ပါတယ်။


map01.gif
မုန်တိုင်ပင်ရွာတွင်းသို့ စီးနင်းဝင်ရောက်လာခြင်း

မေလ ၁ဝ ရက်နေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်သား ၁၅၀ ကျော်ဟာ ရွာပြင်ကနေ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ရာမှာ ရွာသားအများစုက ရရာကားတွေ ဆိုင်ကယ်တွေနဲ့ ထွက်ပြေး သွားကြပါတယ်။ ထွက်မပြေးနိုင်သူ တချို့ကတော့ ရွာဘုန်းတော်ကြီးကျောင်းကို သွားရောက်ခိုလှုံခဲ့ကြပါတယ်။

မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေဟာ ရွာအရှေ့ဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းထဲကို ဝင်ပေါက်သုံးခုကနေ ဝင်ရောက်လာကြတယ်လို့ အဲဒီအချိန်က ကျောင်းဝင်းထဲမှာ ခိုလှုံနေတဲ့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“၉ နာရီလောက်ကျတော့ သူတို့ရောက်လာတယ်။ အုန်း…ဒိုင်း…နဲ့ သေနတ်တွေဖောက်ပြီးတော့ ဝင်လာတယ်။ အနောက်ပေါက်ကရော၊ အရှေ့ကရော၊ မြောက်ကရော ခင်ဗျ။

“သူတို့က ကျောင်း (ဘုန်းကြီးကျောင်း) အောက်က ရှိတဲ့လူတွေကို ဦးပဇင်းပေါက်စကို ထုတ်ခိုင်းတယ်ခင်ဗျ။ ကျောင်းအောက်ကလူတွေ ပရိသတ်အကုန် ထုတ်ပေးဆိုတော့ ဦးပဇင်းက ထုတ်ပေးလိုက်တဲ့အခါကျတော့ ကျောင်းရှေ့မှာ တန်းပြီးတော့ ထိုင်ခိုင်းတာ၊ ယောကျ်ားသီးသန့် မိန်းမသီးသန့် ခွဲပြီးတော့”


detainees.jpg
မေလ ၁၀ ရက်နေ့က မုန်တိုင်ပင်ဘုန်းကြီးကျောင်းတွင် လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့် ရွာသားအယောက် ၃၀ ခန့်ကို တန်းစီပြီးထိုင်ခိုင်းထားသည့်ပုံကို စစ်ကောင်စီတပ်သားတစ်ဦး ကျကျန်ခဲ့သည့်လက်ကိုင်ဖုန်းမှ ရရှိခဲ့ပါသည်။ စစ်ကောင်စီတပ် ထွက်ခွာသွားပြီးနောက် ရက်အတော်ကြာတွင် ဤနေရာကိုရိုက်ကူးထားသည့် ဓာတ်ပုံကိုလည်း RFA က ရရှိခဲ့ပါသည်။

“ခဏနေတော့ ယောကျ်ားတွေကို အရှေ့ဘုရားတိုက်ကြီးအောက်ကို ခေါ်သွားတယ်ခင်ဗျ။ ဒူးတုတ်ထိုင်ခိုင်းပြီးတော့ မိန်းမတွေကို တခါ ပြန်ခေါ်တယ်။ မိန်းမတွေက ငိုလားရယ်လားလုပ်တော့ မိန်းမတွေကို တော်တော်လေးကြာတော့ ပြောဆိုပြီးတော့ ကျောင်းကြီးအောက်ကို ပြန်သွင်းပြီးတော့ သော့ခတ်ထားခဲ့တယ်”

အဲဒီရွာသားရဲ့ပြောပြချက်တွေဟာ အရာတော်ဒေသခံတွေကောက်ရခဲ့တဲ့ စစ်သားရဲ့လက်ကိုင်ဖုန်းမှာတွေ့ရသလို မေလ ၁၀ ရက်နေ့က ရွာသား ၃၀ ကျော်ကို အင်္ကျီတွေ၊ နဖားကြိုးတွေနဲ့ လက်ပြန်ကြိုးတုပ်ဖမ်းဆီးထားတဲ့ပုံ၊ မေလ ၁၁ ရက်နေ့မှာ သတ်ဖြတ်ခံထားရတဲ့ ရွာသားငါးဦးရဲ့ရုပ်အလောင်းပုံတွေထဲက အချက်အလက်တချို့နဲ့ တူညီနေပါတယ်။ အဲဒီလက်ကိုင်ဖုန်းမှာပဲ စစ်ကောင်စီတပ်သားသုံးယောက်က လူတွေဘယ်လောက်သတ်ခဲ့တယ်၊ ဘယ်ပုံဘယ်နည်းသတ်ခဲ့တယ် ဆိုတာတွေကို ဝိုင်းဖွဲ့ပြောဆိုနေကြတဲ့​ ဗီဒီယိုဖိုင်တစ်ခုကိုလည်း တွေ့ခဲ့ရပါတယ်။

မုန်တိုင်ပင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းချိန်မှာ ရွာထိပ်မှာရှိနေတဲ့ PDF လူငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံရသူတွေကတော့ အရပ်သားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


map02
နဖားကြိုးများဖြင့် နောက်ပြန်ကြိုးတုပ်

အမည်မဖော်လိုတဲ့ရွာသားတွေရဲ့ ပြောပြချက်နဲ့ စစ်ကောင်စီတပ်သားရဲ့ လက်ကိုင်ဖုန်းထဲကပုံတွေမှာတွေ့ရတဲ့ အချက်အလက်တွေ ကိုက်ညီနေတာကို တွေ့ရပါတယ်။ ဖမ်းဆီးထားတဲ့ရွာသားတွေကို ဘုန်းတော်ကြီးကျောင်းကနေ ရွာအထက်တန်းကျောင်းကို ခေါ်သွားပြီး အင်္ကျီတွေ၊ နဖားကြိုးတွေနဲ့ လက်နောက်ပြန်ကြိုးတုပ်တဲ့အကြောင်း အဲဒီရွာသားက ပြောပါတယ်။

“အဲဒီကနေ ရွာ့တောင်ပိုင်းကိုပတ်ပြီး အိမ်ကြိုအိမ်ကြားကနေ ခေါ်သွားပြီးတော့ စာသင်ကျောင်းကို ထွက်လိုက်တယ်။ စာသင်ကျောင်းကျမှ ကြိုးတုပ်တာခင်ဗျ။ အင်္ကျီတွေချွတ်ခိုင်းပြီးတော့ (အင်္ကျီတွေကို ကြိုးအဖြစ်သုံးပြီး) ကြိုးတွေတုပ်သွားတာ။ နောက်ကျတော့ ကြိုးတွေရောက်လာတော့ နဖားကြိုးတွေနဲ့ တုပ်တယ်ခင်ဗျ၊ ဈေးဆိုင်က နဖားကြိုးတွေနဲ့။ နောက်ပြန်ကြိုးတုပ်ပြီးတော့ ရှိသမျှ ပါသမျှ ပိုက်ဆံတွေဘာတွေ အကုန်ဆွဲ လုယူတယ်။ ပိုက်ဆံပါတယ်၊ တစ်ယောက်ကတော့ ဆွဲကြိုးလေး ပါသွားတယ်ခင်ဗျ။ ရွှေပါရင်လည်း ရွှေယူတယ်။ အဲဒီ အထက်တန်းကျောင်းကနေပြီးတော့ ကြိုးတုပ်ပြီးတော့တစ်ခါ ငါးယောက်တစ်တွဲ ဘုန်းတော်ကြီးကျောင်းကို ပြန်ခေါ်သွားတယ်။ အဲဒီတော့ ၁၀ နာရီခွဲ ၁၁ လောက်ရှိမယ်။ ဘုန်းကြီးကျောင်း အနောက်မုဒ်ပေါက် ဇရပ်ကြီးရှိတယ်၊ အောက်က အကာမရှိဘူး အပေါ်ကတော့ အကာရှိတယ်”


men-interrogation
ဧပြီလ ၂၈ ရက်နေ့က လက်နောက်ပြန်ကြိုးတုပ်ခံထားရပြီး မျက်နှာတွင် ဒဏ်ရာများဖြင့်ဖူးယောင်နေသည့် လူငယ်တစ်ဦးကို ရင်ဘတ်တွင်ဓားထောက်ထားသည့်ပုံတစ်ပုံကို အဆိုပါဖုန်းထဲတွင် တွေ့ရသည်။ မုန်တိုင်ပင်ရွာသတ်ဖြတ်မှုတွင်လည်း စစ်ကောင်စီတပ်သားများက အလားတူ ညှဉ်းပန်းနှိပ်စက်စစ်ဆေးခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ရွာသားများက ပြောပြသည်။

“စစ်တယ်။ ကြိုးတုပ်ပြီးတော့ ရိုက်ရိုက်ပြီးတော့ အင်္ကျီတုံးလုံးချွတ်ပြီးတော့ ရိုက်တယ်နှိပ်စက်တယ်။ နဖားကြိုးငါးပင်နဲ့ ပူးရိုက်တာ။ ဓားတွေနဲ့ထိုးတဲ့လူထိုးပေါ့။ 'ဒီရွာက PDF တွေ ဘယ်လောက်မွေးထားတာလဲ'…တို့၊ 'သေနတ်တွေ ဘယ်နှလက်ရှိတာလဲ' တို့”

“အဲဒါကိုမဖြေနိုင်လို့ ရိုက်နှက်စစ်ပြီးတော့ ဓားတွေနဲ့ထိုးတာပဲ။ တချို့က ဗိုက်ကိုထိုးတာ။ သေ‌အောင်တော့ မထိုးသေးဘူး၊ ခြိမ်းခြောက်ရင်းနဲ့ထိုးတာ။ သေနတ်တွေနဲ့ရိုက်တယ်၊ ပါးတွေ ဘယ်ပြန်ညာပြန်ချတယ်၊ ကန်တယ်။ ခေါင်းကတော့ မထောင်လေနဲ့၊ ခေါင်းထောင်လို့ကတော့ ပါးရိုက်ပြီး နောက်ကနေကန်ထုတ်တာ”

ရွာသားတွေရဲ့ပြောပြချက်တွေဟာ စစ်ကောင်စီတပ်သားရဲ့ လက်ကိုင်ဖုန်းထဲက ဧပြီလ ၂၈ ရက်နေ့စွဲနဲ့ပုံမှာ လက်နောက်ပြန်ကြိုးတုပ်ခံထားရတဲ့ လူငယ်တစ်ဦးကို ရင်ဘတ်မှာဓားထောက်ထားတဲ့ပုံထဲက ဖြစ်ရပ်နဲ့တူညီနေတာ တွေ့ရပါတယ်။ ဒီပုံတွေကို ဘယ်နေရာမှာရိုက်ကူးထားသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဖမ်းဆီးထားသူတွေကို အဲဒီနေ့ ညနေ ၅ နာရီလောက်အထိ ဇရပ်ထဲမှာ ရိုက်နှက်စစ်ဆေးပြီးနောက် ဘုန်းကြီးကျောင်းဝင်းအရှေ့ဘက်အခြမ်းက ရိပ်သာဆောင်အခန်းတစ်ခန်းမှာ ထည့်ပြီး သော့ခတ်ထားလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီအခန်းထဲမှာ သောက်သုံးရေနဲ့ အညစ်အကြေးစွန့်စရာနေရာ မရှိသလို ဖမ်းဆီးထားစဉ်ကာလ တလျှောက်လုံးမှာလည်း အစားအစာ လုံးဝ မကျွေးဘူးလို့ ဆိုပါတယ်။


map03
လူသတ်ပွဲ စတင်ခြင်း

နောက်တနေ့ မေလ ၁၁ ရက်နေ့မှာတော့ လူသတ်ပွဲစတင်ပါတယ်။ ဖမ်းဆီးထားသူတွေထဲက အသက်အငယ်ပိုင်း ၁၀ ယောက်ကို ကြိုးတုပ်မျက်နှာစည်းပြီး ရွာအရှေ့ဘက် မူးမြစ်ကမ်းနံဘေးကို ပစ္စည်းတွေ ထမ်းပိုးပို့ဆောင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

“၁၁ ရက်နေ့ မနက်ခင်းကျတော့ ၆ နာရီလောက်ကျတော့ လူငယ် ၁၀ ယောက် ဆွဲထုတ်သွားတယ်။ ကြိုးတုပ်ပြီးတော့ မျက်နှာတွေဘာတွေ စည်းပြီးတော့၊ ရွာထဲ လှည့်ခေါ်သွားပြီးတော့ ပစ္စည်းတွေဘာတွေ ထမ်းခိုင်းပြီးတော့၊ ရွာ့အရှေ့ဘက်က မူးမြစ်ကြီးရှိတယ်ခင်ဗျ။ အဲဒီမူးမြစ်ထဲ သယ်ပိုးခိုင်းပြီးတော့ နောက်ဆုံးခေါက်ကျတော့ မီးရှို့သတ်လိုက်တာ၊ မသေမရှင် ခုတ်သတ်ပြီးတော့။ သွေးပုံတွေက ပေါက်ပြားတွေနဲ့ ယက်ဖုံးထားတယ်”

နေ့လယ်ပိုင်းမှာတော့ ကျန်တဲ့သူတွေကို သတ်ဖြတ်ဖို့ စစ်ကောင်စီတပ်ဖွဲ့က စတင်လုပ်ဆောင်ပါတယ်။

“၂ နာရီခွဲလောက်ကျတော့ ကျနော်တို့ကို ဆွဲထုတ်တယ်။ စေတီအကြီးကြီးခင်ဗျ။ ဇေယျသိဒ္ဓိလို့ အမည်ပေးထားတယ်။ နှစ်ယောက်တစ်တွဲ တွဲပြီးတော့ ဘုရားကြီးအရှေ့ကို တန်းစီပြီးထိုင်ခိုင်းတယ်ခင်ဗျာ။ ဘေးက လက်ဝဲလက်ယာ ရပ်နေတဲ့လူတွေက အဲဒီမှာ ကျနော့်အမြင်ကတော့ ကြွနေကြတာခင်ဗျ။ သူတို့က 'ဆရာလုပ်လိုက်ရတော့မလား'၊ 'ဆရာလုပ်လိုက်ရတော့မလား'၊ 'တုတ်လိုက်ရတော့မလား၊ 'အချိန်ကျပြီလား' နဲ့ အဲဒီလိုတွေ မေးနေတာ”


map04.gif
‘အချိန်ကျပြီ၊ တုတ်တော့’

“ကျနော်တို့က အဲဒီတော့ ဟာ… သွားပြီ မရတော့ဘူး၊ သတ်တော့မှာ နေမှာပဲလို့။ ကျနော်တို့ကတော့ အဲဒီလို တွေးမြင်လိုက်တော့ အဲဒီကဘုရားတွေကန်တော့ပြီး နေလိုက်တာပေါ့ ခင်ဗျာ။ နေလိုက်တော့ လေးခါမြောက်ကျတော့ ဆရာက 'အချိန်ကျပြီ၊ ကဲ တုတ်တော့' လို့ အဲလို ခိုင်းလိုက်တာခင်ဗျ”

“ဆရာဖြစ်တဲ့လူက အဆောင်လေးထဲမှာ ထိုင်နေတာခင်ဗျ၊ ကုလားထိုင်နဲ့။ 'ဆရာ ကျနော်တို့ တုတ်လိုက်ရတော့မလား' ဆိုပြီး ပုဆိုးဆွဲဆုတ်တဲ့သူနဲ့။ မျက်နှာစည်းအောက် ပုဆိုးတွေဆွဲဆုတ်ပြီးတော့ ကိုင်ထားတာခင်ဗျ။ ကြိုးတွေနဲ့။ သူတို့က အရန်သင့်ပဲခင်ဗျ။ တမြှောက်မြှောက်တကြွကြွနဲ့ နေတာ။ လူတွေ ပေါ့မှပေါ့၊ လုပ်ချင်လှချည့် လုပ်ချင်လှချည်နဲ့ နေတော့တာခင်ဗျ။ စိတ်ကြွဆေးတွေ ထိုးထားခင်ဗျ။ စိတ်ကြွဆေးဗူးခွံတွေ ကျောင်းထဲမှာ တွေ့တယ်ခင်ဗျ။ ထိုးဆေးရော ဆေးပြားရောခင်ဗျ”

“သုံးနာရီခွဲလောက်။ အဲဒီကျတော့ သူတို့က ဘယ်လိုပြောလဲဆိုတော့ အချိန်ကျပြီ တုတ်လိုက်တော့လို့ ခိုင်းတော့တာ ခင်ဗျ။ တုတ်လိုက်တော့ဆိုတော့ သူတို့က မျက်နှာစည်းတဲ့လူကစည်းပေါ့ခင်ဗျာ။ မျက်စေ့ကိုပိတ်တဲ့လူကပိတ် ပုဆိုးစုတ်တွေနဲ့စည်းပြီးတော့။ အဲဒီ နောက်ပြန်ကြိုးတုတ်။ နှစ်ယောက် တစ်တွဲတွဲထားပြီးတော့ ရွာ့တောင်ပိုင်းကို ခေါ်သွားတယ်ခင်ဗျ။ ဘုန်းကြီးကျောင်းရဲ့ တောင်ဘက်”

သူအပါအဝင် ကျန်တဲ့ရှစ်ဦးကို ရိပ်သာအတွင်းပြန်ထည့်ပြီး တံခါးကို သော့ခတ်လိုက်ပါတယ်။ ဒါပေမယ့် သံတိုင်တွေစိုက်ထားတဲ့ ပြူတင်းပေါက်တွေကို ဖွင့်ပေးထားတဲ့အတွက် ရွာအတွင်းဘက်ကို အဝေးက လှမ်းပြီး မြင်နေရတယ်လို့ အဲဒီရွာသားက ဆက်ပြောပြပါတယ်။

“အိမ်တွေမှာ ကြည့်လိုက်တဲ့အခါကျတော့ အိမ်မျက်နှာစာခြံဝင်းထဲမှာ ခုတ်ထားတာထင်တယ်၊ သွေးပုံတွေခင်ဗျ။ သွေးပုံတွေတွေ့ပြီးတော့ ဒရွတ်ဒရွတ်ဆွဲပြီးတော့ ပထမဦးဆုံးစရှို့တဲ့အိမ်က ခြောက်လောင်းတွေ့တယ်ခင်ဗျ။ ကုတင်ပေါ်ကို အနောက်ခေါင်းပြုပြီးတော့ ကားယားမှောက်ပြီ းရှို့ထားတာ။ ဓားနဲ့ခုတ်သတ်တာ များတယ်ခင်ဗျ။ တချို့လည်းသုံးလေးပိုင်း ပိုင်းထားတယ်။ ကုတင်ကြီးကြီးရှိတဲ့အိမ်က ကုတင်ပေါ်၊ ကုတင်မရှိတဲ့အိမ်က အောက်မှာ၊ ဒီအတိုင်းတန်းပြီးတော့ တုံးတွေဘာတွေဖိပြီးတော့ လောင်စာကောင်းတဲ့အိမ်က အဲဒီလိုရှို့တာ”


burned08
မေလ ၁၁ ရက်နေ့က ရိုက်ကူးထားသည့်ပုံတွင် ဖုန်းပိုင်ရှင်စစ်သားနှင့် နောက်တစ်ဦးကို အသတ်ခံရသူငါးဦး၏ အလောင်းနံဘေးတွင် ရပ်ကြည့်နေကြနေသည်ကို တွေ့ရသည်။ အသတ်ခံထားရသူငါးဦးတွင် ဘုန်းတော်ကြီးကျောင်း၌ လက်နောက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားသူရွာသားများထဲမှ နှစ်ဦး ပါဝင်သည်ကို တွေ့ရသည်။ [ထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းကြောင့် ပုံကို မှုန်ဝါးထားသည်]

စစ်ကောင်စီတပ်သားများ ထွက်ခွာခြင်း

အဲဒီနေ့ညနေမှာ စစ်တပ်အရာရှိတဦးက သူတို့အခန်းကိုလာရောက် သတိပေးပြီး ပြန်ထွက်သွားပါတယ်။

“၁၁ ရက်နေ့ ညနေ ၆ နာရီလောက်ကျတော့ သုံးပွင့်ဗိုလ်လား၊ အဲဒီ ဗိုလ်တစ်ယောက်ကတော့ လာပြောပါတယ်။ သူ့ခါးမှာ သေနတ်ချိတ်ထားတာ။ မနက်ကျတော့ 'ငါတို့က ပြန်တော့မှာ။ သော့ဖွင့်ထားခဲ့မယ်။ အဲဒီတော့ မင်းတို့လဲ မနက်ကျတော့ ကိုယ့်အိမ်ကိုယ်ပြေးကြတော့။ ပြေးပြီးတော့ နောက် ဒီလို ရုန်းရုန်း ရုန်းရုန်းနဲ့ အသံဗလံကြားရင် ပုန်းကြပြေးကြ၊ လွတ်အောင်ပြေးကြ' လို့ မှာသေးတယ်ခင်ဗျ”

ဒါဟာစစ်သားတွေကို သူတို့ နောက်ဆုံးမြင်ရတာပါ။ အစာရေစာမရှိပဲ ဒုတိယ အချုပ်ညကို ဆက်လက် ကျော်လွန်ပြီး နောက်တနေ့ မနက် ၂ နာရီလောက်မှာ ဘုန်းကြီးကျောင်းထဲက စစ်သားတွေ ပြန်ထွက်ခွာသွားခဲ့ပါတယ်။ မနက်ပိုင်းမှာ ပိတ်ထားတဲ့ ရိပ်သာတံခါးကို ကိုရင်တစ်ပါးက လာရောက်ဖွင့်ပေးခဲ့တဲ့ အတွက် ကံကောင်းလို့ အသက်မသေတဲ့ သူတို့ ၈ ယောက် လွတ်မြောက်ခဲ့ပါပြီ။


noserope-killed.jpg
ဖမ်းဆီးသတ်ဖြတ်ခံရသူအချို့ကို လက်နောက်ပြန်ကြိုးတုပ်ရာတွင် နဖားကြိုးများကို အသုံးပြုခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ရွာသားများက RFA ကို ပြောပြသည်။ စစ်သား၏ဖုန်းတွင်တွေ့ရသည့် မေလ ၁၁ ရက်နေ့စွဲပါဓာတ်ပုံတွင် အသတ်ခံရသူငါးဦး၏ လက်ကောက်ဝတ်တွင် အလားတူကြိုးများကို မြင်တွေ့ရသည်။

သတ်ဖြတ်မီးရှို့ခံထားရသည့် ရုပ်အလောင်းများ

ရွာအတွင်း စစ်ကောင်စီတပ်တွေ မီးရှို့သွားခဲ့လို့ မီးလောင်နေဆဲဖြစ်တဲ့ အိမ်တွေကို တခြားရွာသားတွေနဲ့အတူ လိုက်လံငြှိမ်းသတ်ရင်း သူတို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဘဝတူရွာသားတွေရဲ့ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို မြင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

နောက်ထပ်ရွာသားတစ်ယောက်ရဲ့ ပြောကြားချက်အရ စစ်သားတွေဟာ ရွာကဘုန်းတော်ကြီးတစ်ပါးနဲ့ နေပြည်တော်မှာ သီတင်းသုံးနေတဲ့ မုန်တိုင်ပင်ဇာတိ ဘုန်းတော်ကြီးတစ်ပါးရဲ့ ပန်ကြားချက်အရ ရွာသား ၈ ယောက်ကို မသတ်ဘဲထားခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားတွေအပြင် အမျိုးသမီးနဲ့ ကလေး ၅ဝ ခန့်လည်း ပါဝင်ပြီး၊ စစ်သားတွေ ပြန်သွားတဲ့ မေလ ၁၂ ရက်နေ့ မနက်မှာမှ သူတို့လည်း ပြန်လည်လွတ်မြောက်ခဲ့ တာပါ။ သူတို့ကိုတော့ စစ်သားတွေက နှိပ်စက်တာ မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြန်လွတ်လာသူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“မိန်းကလေးတွေက လူငယ်ရယ်လို့ မပါဘူးလေ။ လူကြီးတွေက များတယ်ဆိုတော့ သူတို့က၊ တချို့ ကလည်း မျက်စိမှုံတယ်ပေါ့နော်။ ကလေးလေးတွေလည်းပါတယ်ဆိုတော့ ကြောက်တော့ ငိုကြတာပေါ့။ ဆိုတော့ အမျိုးသမီးတွေကိုတော့ မခေါ်ခဲ့တောနဲ့။ အမျိုးသားတွေပဲခေါ်မယ်ဆိုတော့ အမျိုးသမီးတွေက ပိဋကတ်တိုက် အောက်မှာပဲ နေခဲ့ရတော့တာ။ မိန်းကလေးတွေကို ဘာမှမလုပ်ဘူးဗျ”


burned07.jpg
စစ်ကောင်စီတပ်ထွက်ခွာသွားပြီးနောက် ‌ဒေသခံအချို့ရိုက်ကူးခဲ့သည့်ဓာတ်ပုံများတွင် မီးလောင်ကျွမ်းထားသည့်အိမ်များနှင့် ရုပ်ကြွင်းများကို တွေ့ရသည်။

‘ဗိုက်ထဲကဟာတွေ ခွေးစားသွားပြီ’

အိမ်ခြေ ၄ဝဝ ကျော်နဲ့ လူဦးရေ ၁၉ဝဝ ခန့် ရှိတဲ့ မုန်တိုင်ပင်ရွာဟာ ဒီဖြစ်ရပ်အပြီးမှာတော့ မီးလောင်ပြင် လူသတ်ကွင်း တစ်ခုအဖြစ် ကျန်ရစ်တာကို ဓာတ်ပုံအထောက်အထားတွေအရ တွေ့ရပါတယ်။ မေလ ၁၄ ရက်နေ့က NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားချက်အရ သင်္ကန်းစတစ်စပေါ်မှာ အပိုင်းပိုင်းပြတ်နေတဲ့ ရုပ်အလောင်းတစ်ခုကိုလည်း တွေ့ရပါတယ်။

စစ်သားတွေ ဝင်လာတဲ့မနက်မှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ မုန်တိုင်ပင်ရွာသားတစ်ဦးကလည်း မေလ ၁၂ ရက်နေ့ က တွေ့ရတဲ့မြင်ကွင်းကို သူ့တစ်သက် မမေ့နိုင်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့က အိမ်ဘေးမှာတွေ့တဲ့ သွေးကွက်သုံးကွက်တွေ့လို့ သုံးယောက်လို့ အဲဒီလိုယူဆတာဗျ။ အရိုးစုရောက်တော့ အကုန်လုံးထပ်ပုံနေတာဆိုတော့ ရုပ်ကလပ်က မပီတော့ဘူးခင်ဗျ။ ဟိုတအိမ်က မီးကျွမ်းထားတာဆိုတော့ ခွေးစားလို့ ရသေးတယ်။ အဲဒီလိုရုပ်ကလပ်က ခြောက်ယောက်၊ ခြောက်ယောက်နှစ်အိမ်တွေ့တာဗျ။ ပထမကြည့်တုန်းကတော့ ခွေးမစားသေးဘူး။ တစ်ခေါက်ပြန်ကြည့်တော့ အဲဒီအတွင်းဗိုက်ကဟာ ခွေးကစားသွားပြီ။ ကျွမ်းတော့ကျွမ်းပြီးသားပေါ့ ခွေးစားလို့ရသေးတယ်”

သူ့မိသားစုဝင်တစ်ဦးလည်း သတ်ဖြတ်ခံရသူ ၂၉ ဦးထဲမှာ ပါဝင်တယ်လို့ပြောပါတယ်။ မေလ ၁၁ ရက်နေ့ မုန်တိုင်ရွာလူသတ်မှုမှာ အသတ်ခံရသူတွေဟာ အသက် ၂၅ နှစ်နဲ့ ၆၄ နှစ်ကြားအရွယ် အမျိုးသား စုစုပေါင်း ၂၉ ဦးဖြစ်ပါတယ်။ အဲဒီ ၂၉ ဦးအနက် ဦးကျော်ခိုင်၊ ဦးကျော်ပိုင်နဲ့ ဦးအောင်ကျော်တို့ သုံးဦးက ညီအကိုအရင်းတွေ ဖြစ်သလို ဦးဇော်မိုးလှိုင်နဲ့ ဦးဇော်လွင် တို့ကလည်း ညီအစ်ကိုအရင်း၊ ဦးကျော်စွာလင်းနဲ့ ဦးညီညီမင်း တို့ကလည်း ညီအစ်ကိုအရင်းတွေပါ။

အခုသတ်ဖြတ်ခံခဲ့ရတဲ့ မုန်တိုင်ပင်ရွာသားတွေထဲမှာ NLD ပါတီဝင်တွေသာမက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ၅ ဦးခန့်လည်း ပါဝင်တယ်လို့ အဲဒီရွာသားကပြောပါတယ်။

“အဲဒီအသတ်ခံရတဲ့ထဲက ကျနော်နာမည်ပြောပြရမယ်ဆိုရင်တော့ အောင်ဆန်းဝင်းတဲ့ ကံဝင်းတဲ့ မြင့်ထွန်းတဲ့ ဇေလင်းတဲ့ မိုးခိုင်တဲ့ ကျနော်သိသလောက်လေ။ အဲဒီလေးငါးယောက်လောက် အသတ်ခံရတယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ အတည်ပြုချက်မပေးနိုင်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်ယမင်းမြင့်ဆွေက ဖြေကြားပါတယ်။

အလားတူပဲ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ မြေပြင်ကို စုံစမ်းမေးမြန်းပြီးမှသာ အကျိုးအကြောင်းဖြေကြားနိုင်မယ်လို့ ပြောဆိုထားပါတယ်။


001_bodyparts.jpg
ဒေသခံအချို့ရိုက်ကူးခဲ့သည့် ဓာတ်ပုံတစ်ပုံတွင် သတ်ဖြတ်ပြီးနောက် ခန္ဓာကိုယ်နှင့် ခြေထောက်နှစ်ဖက်ကို ခုတ်ထစ်ထားပုံကို တွေ့ရသည်။ [ထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းကြောင့် ပုံကိုမှုန်ဝါးထားသည်]

မုန်တိုင်ပင်သတ်ဖြတ်မှုတာဝန်ရှိသူ ဘယ်သူလဲ

RFA က ရရှိခဲ့တဲ့ ဓာတ်ပုံနဲ့ဗီဒီယိုအထောက်အထားတွေအရ ဒီဖြစ်ရပ်မှာ ရန်ကုန်တိုင်း တိုက်ကြီး မြို့နယ်အခြေစိုက် ခမရ ၇ဝ၈ က တပ်သားတွေပါဝင်နေတာ တွေ့ရသလို၊ ရွာထဲကိုဝင်လာတဲ့စစ်သားတွေထဲမှာ စစ်ကောင်စီသြဇာခံ ပျူစောထီးတွေလည်း ပါဝင်တယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကို စွန့်ခွာပြီး လက်ရှိဩစတြေးလျနိုင်ငံမှာ ရောက်ရှိနေထိုင်သူ CDM ဗိုလ်ကြီး မင်းမောင်မောင်ရဲ့ ပြောကြားချက်အရ ခမရ ၇ဝ၈ ရဲ့ တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်ဖြစ်ပြီး၊ သူတို့ကိုကွပ်ကဲတဲ့ ရန်ကုန်တိုင်း စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် အမှတ် ၄ ရဲ့ ခေါင်းဆောင်က ဗိုလ်မှူးချုပ်ကြည်သိုက် ဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီ ၇၀၈ ဆိုတာ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) စကခ (၄) က။ စကခ (၄) ကစစ်ဆင်ရေးထိုးနေတာလဲ ရေဦးဘက်မှာထိုးနေတာ။ စကခ (၄) ဆိုတာမြန်မာပြည်မှာ ရှိနေတဲ့ တပ်မတွေထဲမှာ အညံ့ဆုံး တပ်မ။ စစ်ဆင်ရေးအရရော။ စိတ်ဓာတ်၊ စည်းကမ်းအရရော အညံ့ဆုံးတပ်မ။ စစ်ကိုင်းက အင်းဒင်လို ဖြစ်သွား ပြီ။ သူတို့က သက်သေဖျောက်ပစ်တာလေ။ သတ်ဖြတ်ပြီး တစ်ခါတည်းမီးရှို့ခဲ့တော့ဘာသက်သေမှမကျန်ဘူးလေ”

CDM ဝင်ရောက်ထားသူ စစ်အရာရှိနောက်တဦးဖြစ်တဲ့ ဗိုလ်ကြီးထက်မြက်ကလည်း ဒီလိုလုပ်ရပ်တွေ လုပ်ဆောင်ဖို့အတွက် တပ်လုပ်ထုံးလုပ်နည်းအရ အထက်အရာရှိကြီးတွေရဲ့ အမိန့်ကိုယူရတယ်လို့ပြောပါတယ်။

ဒါပေမယ့် မုန်တိုင်ရွာအဖြစ်အပျက်မှာ ဒုဗိုလ်မှူးကြီးထွန်းလင်းအောင်နဲ့ ဗိုလ်မှူးချုပ်ကြည်သိုက်တို့ တိုက်ရိုက်ပါဝင် ပတ်သက်တယ်ဆိုတဲ့ သက်သေအထောက်အထားကိုတော့ RFA က မရရှိခဲ့ပါဘူး။


cover
စစ်ကောင်စီတပ်သား၏ဖုန်းတွင်တွေ့ရသော ဗီဒီယိုတွင် ဖုန်းပိုင်ရှင်နှင့် အခြားစစ်သားနှစ်ဦးက လူပေါင်းမည်မျှကို မည်သို့မည်ပုံ သတ်ဖြတ်ခုတ်ထစ်ခဲ့ကြောင်း အပြန်အလှန်ပြောဆိုနေကြသည်ကို တွေ့ရသည်။

အမည် Age
၁။ ဦးသိန်းဟန် ၅၅
၂။ ဦးကံဝင်း ၅၃
၃။ ဦးအောင်ဆန်းဝင်း ၄၆
၄။ ဦးဇော်လွင် ၄၂
၅။ ကိုဇော်မိုးလှိုင် ၃၃
(၄ နှင့် ၅ မှာ ညီအကိုများဖြစ်)
၆။ ဦးကျော်ခိုင် ၄၆
၇။ ဦးကျော်ပိုင် ၄၄
၈။ ကိုအောင်ကျော်သူ ၃၄
(၆၊ ၇၊ ၈ မှာ ညီအကိုများဖြစ်)
၉။ ဦးစိန်နိုင် ၅၂
၁၀ ကိုထွန်းလင်းအောင် ၂၅
၁၁။ ဦးအောင်သန်းဆွေ ၆၄
၁၂။ ဦးသိန်းလင်း ၆၂
၁၃။ ဦးမိုးခိုင် ၄၈
၁၄။ ဦးကျော်ခိုင် ၄၆
၁၅။ ဦးစိုးထွန်း ၄၆
၁၆။ ဦးကျော်အေး ၄၅
၁၇။ ကိုကျော်မင်းအောင် ၃၄
၁၈။ ဦးမြင့်ထွန်း ၅၈
၁၉။ ကိုစိုးစိုးထွန်း ၂၉
၂၀။ ကိုညီညီမင်း ၃၈
၂၁။ ဦးကျော်စွာလင်း ၄၁
(၂၀ နှင့် ၂၁ မှာ ညီအကိုများဖြစ်)
၂၂။ ကိုငြိမ်းသူ ၃၀
၂၃။ ကိုကျော်ဇေလင်း ၃၈
၂၄။ ဦးအောင်ထူး ၄၉
၂၅။ ဦးဇော်မင်းအောင် ၄၁
၂၆။ ဦးမင်းယုဝေ ၄၈
၂၇။ ဦးသိမ်းမြင့်ဆွေ ၄၅
၂၈။ ဦးဝင်းမြင့် ၅၃
၂၉။ ကိုမျိုးသန့် ၃၈





Reported by Khin Maung Soe, Nayrein Kyaw
-------------
Edited by Kyaw Min Htun, Thane Aung, Paul Eckert, Mat Pennington
-------------
Translated by Khin Maung Nyane, Kyaw Min Htun
-------------
Visual editing and graphics by H. Léo Kim, Paul Nelson, Amanda Weisbrod
-------------
Web page produced by Minh-Ha Le
-------------
Produced by Radio Free Asia
-------------
© 2022 RFA
-------------
Facebook - Youtube - Twitter