မြန်မာအလုပ်သမား ၃ဝဝ ကျော်ထံက ဘတ်နှစ်သန်း(ကျပ် သိန်း ၁၃ဝဝ ကျော်)လိမ်လည်ခံရ

ဘန်ကောက်မြို့လယ်ကနေ ကီလို ၄ဝ ခန့်ဝေးတဲ့ Samut Prakan စမွတ်ပရာကန်ခရိုင်ရှိ Bang Pu ဘန်ပူဒေသမှာ အလုပ်ပွဲစား မြန်မာလင်မယားနှစ်ဦးက မြန်မာအလုပ်သမား ၃ဝဝ ကျော်ထံကနေ ထိုင်းဘတ်ငွေ နှစ်သန်းကျော်လိမ်လည်ပြီး မြန်မာပြည်ကို ထွက်ပြေးသွားခဲ့တဲ့အမှု ပြီးခဲ့တဲ့ မေလက ဖြစ်ပွားခဲ့ပါတယ်။
လိမ်လည်သွားသူတွေဖြစ်တဲ့ သက်လွင်ဦး ခေါ် ဘာဘူ နဲ့ သူ့ဇနီး ခင်ဆွေဝင်း ခေါ် မပု တို့ဟာ အဲဒီရပ်ကွက်မှာ ကာလရှည်ကြာနေထိုင်ပြီး အလုပ်ပွဲစားလုပ်ခဲ့ကြသူတွေဖြစ်တဲ့အတွက် ယုံကြည်ပြီး အလုပ်သွင်းပေးခနဲ့ အလုပ်လုပ်ကိုင်ခွင့်ကတ်ပြားရရှိဖို့ အခုလို ငွေအမြောက်အမြားကို ပေးအပ်ခဲ့ကြတာဖြစ်တယ်လို့ လိမ်လည်ခံရသူတွေက RFA ကိုပြောပါတယ်။
ဘတ်ငွေ ခုနစ်သောင်းကျော် အလိမ်ခံရသူတစ်ဦးကတော့ မခိုင် ပါ။
"ဆိုင်ကယ်ဦးထုပ်စက်ရုံမှာ သူကလုပ်တယ်။ လုပ်ပြီးတော့ လူခေါ်တယ်။ (အလုပ်လုပ်ခွင့်ကတ်ပြား) ဘတ်လည်း ရိုက်ပေးမယ်ပြောတယ်။ အလုပ်ကလည်း တနင်္ဂနွေနေ့ဆိုရင် သွေးစစ်ပြီးရင် တန်းဆင်းရမယ်ပြောတော့ ။ အဲ့လိုပြောတော့ ကိုယ်တွေက ပိုက်ဆံပုံပေးနိုင်မှနော် မပုံပေးနိုင်ရင် မရဘူးဆိုလို့ သွားပုံပေးတယ်။ လင်မယားနှစ်ယောက်စလုံး စုံညီရှေ့မှာပဲ ပေးလိုက်တယ်။ ခုနစ်သောင်း နှစ်ထောင် ပုံပြီး ပေးလိုက်ထာ။ အဲဒါဆိုရင်တော့ အင်္ကျီတွေ၊ ဦးထုပ်တွေ သွားဝယ်ထား ဆင်းရပြီ ဆင်းရပြီ လို့ပြောပြီးတော့ နောက်နေ့ကျ သူမရှိတော့ဘူး။ လူတစ်ယောက်ကို သူက တစ်သောင်းရှစ်ထောင် တောင်းတယ်။ လောလောဆယ်သူက တစ်ယောက်ကို ရှစ်ထာင်ဆီပေးထားဆိုလို့ ကိုးယောက်စာ ခုနစ်သောင်း နှစ်ထောင် သွားပေးလိုက်တယ်"
လိမ်လည်ခံရသူ နောက်တစ်ဦးကတော့ မကရင်မ ဆိုသူပါ။ သူက စရံငွေအဖြစ် အလုပ်သမားတစ်ဦး ကိုးထောင်နှုန်းနဲ့ ကိုးယောက်စာအတွက် ဘတ်ငွေ ၈၁ဝဝဝ ပေးခဲ့တယ်လို့ ပြောပါတယ်။
"ဘာဘူက ပြောတယ် ကျွန်မကို။ ဘတ်လည်း ရိုက်ပေးမယ်၊ အလုပ်လည်းသွင်းပေးမယ် ဘတ်ရိုက်ခ အလုပ်သွင်းခ လူတစ်ယောက်ကို တစ်သောင်းနဲ့ ရှစ်ထောင် သူက အဲ့လိုမျိုးပြောတယ်။ ပြောတဲ့အခါကျတော့ အခု ကိုးထောင်စီ လာပေးထားဆိုလို့ နှစ်ရစ်သွားပေးတယ်။ ပထမ လေးသောင်းတစ်ခါ နောက်တစ်ခါ လေးသောင်း တစ်ထောင်သွားပေးတာ။ စုစုပေါင်း ၈၁ဝဝဝ ပေါ့။ ဘယ်လိုအလိမ်ခံရမှန်းသိလဲဆိုတော့ သူက ၂၇ ရက်နေ့ သွေးစစ်မယ် နှာခေါင်းထိုးမယ်ဆိုပြီးမှ တနင်္ဂနွေနေ့ ချိန်းပြီး သောကြာနေ့ပဲ ထွက်ပြေးသွားတယ်။"
ဘတ်ငွေ နှစ်သိန်းနီးပါး လိမ်လည်ခံရတဲ့ ဒေါ်ဝိုင်းကြည် ကလည်း အဲဒီ သက်လွင်ဦးနဲ့ ခင်ဆွေဝင်းတို့ လင်မယားဟာ ပဲခူးတိုင်း မိုးညိုမြို့နယ် ဆုန်ကုန်းကျေးရွာကနေ ထိုင်းနိုင်ငံကို ရောက်လာခဲ့သူတွေဖြစ်ပြီး အခုသူတို့ဇာတိကျေးရွာကို ပြန်ရောက်နေပြီလို့ သိရပါတယ်။ ဒါပေမဲ့ ဆက်သွယ်လို့ မရတော့ဘူးလို့ ပြောပါတယ်။
"သူက ဆိုင်ကယ်ဦးထုပ်ရုံမှာ လူခေါ်တယ်။ ဘတ်ဖိုးနဲ့ အပြီးအစီး သောင်းရှစ်ထောင် စမတ်ကြေး (အလုပ်သွင်းပေးခ) ကော။ ဒါပေမယ့် ကျွန်မက မပြေလည်တဲ့သူမို့ တယောက်ကို ရှစ်ထောင်နှုန်းပဲ သူယူမယ်တဲ့။ အဲ့ဒါအိမ်က ခလေးတွေ ၁၁ ယောက်က ၈ သောင်းနဲ့ ၈ ထောင် စက်ရုံထဲက အပေါင်းအသင်း သူငယ်ချင်းတွေ ၅၁ ယောက်ကတော့ တယောက်ကို နှစ်ထောင်နဲ့စီပဲ သူ့ကိုပေးထားတယ်။ အကုန်လုံး ပေါင်းဆို တစ်သိန်းကိုးသောင်း ပါသွားတာပေါ့။ သူထွက်ပြေးသွားတာကတော့ ၅ လပိုင်း ၂၇ ရက်နေ့က ထွက်ပြေးသွားတယ်။ ပိုက်ဆံ ကျွန်မဆီက လာယူသွားတာက ရှစ်သောင်းနဲ့ ရှစ်ထောင် လာယူသွားတာက ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲမှာ လာယူသွားတယ်။ ကျန်တဲ့ ဟို နှစ်ထောင်စီ နှစ်ထောင်စီကတော့ ၁၀ ယောက်စာ လာပို့ရင် အဲဒီ ၁၀ ယောက်စာ သူ့ကို သူ့အခန်းမှာ ကျွန်မသွားပို့တယ်။ ၁၅ ယောက်စာ ရရင် ၁၅ ယောက်စာ ကျွန်မသွားပို့တယ် သူ့အခန်းကို။ ၂၇ ရက်နေ့က သူထွက်ပြေးသွားပြီလို့ သတင်းကြားကော ကျွန်မတို့ သူ့ကိုဖုန်းတွေဆက်တယ်။ ဖုန်းတွေလည်းဆက်လို့ မရတော့ဘူး ။ အကောင့်တွေလည်း အကုန်လုံး ဘလော့သွားတယ်။ နောက် လေးငါးရက်နေတော့ သတင်းကြားတယ် မြန်မာပြည်ပြန်သွားတယ်လို့တော့ သတင်းကြားတယ်။ ဒါပေမယ့် ကျွန်မတို့လည်း ထပ်ပြီးတော့ ဆက်သွယ်တာ ဆက်သွယ်လို့လည်း မရတော့ဘူး။ ကျွန်မကလေးတွေဆိုရင် အခုမြန်မာပြည်က စတက်တာ အခုသူတို့လက်ထဲမှာ ပိုက်ဆံ ရှိတာမဟုတ်ဘူး။ ခြံလေးတွေ ဘာလေးတွေ ရောင်းချပြီးတော့ တက်လာကြတာ။ ဒီအပေါ်မှာ ထပ်ပြီးတော့ သူ့ဆီမှာ စမတ်ဖိုး (အလုပ်သွင်းပေးခ) ပေးလိုက်တဲ့ ပိုက်ဆံက မြန်မာပြည်က ပိုက်ဆံ မဟုတ်ဘူး။ ထိုင်းမှာ ထိုင်းဘတ်တိုးနဲ့ ရှာပြီးတော့ စမတ်ပေးထားရတာ။ အခုသူ့ဆီမှာ ပါသွားတဲ့ ပိုက်ဆံတွေ အပြင်ကို ကလေးတွေ အကုန်လုံးက အလုပ်လည်းမရ ပိုက်ဆံတွေလည်း ဆုံးရှုံး ဒုက္ခတွေရောက်နေကြတာ။ ရွာမှာလည်း အကြွေးတွေက မနည်းတော့ဘူးဖြစ်ကုန်တာ။"
ဘတ်ငွေ ၈ သောင်းကျော်လိမ်လည်ခံရသူတစ်ဦးကတော့ မယဉ်ယဉ်ထွေး ဖြစ်ပါတယ်။ သူ့ကတော့ သက်လွင်ဦး တို့ လင်မယားရှိတဲ့ရွာကို တယ်လီဖုန်းနဲ့ ဆက်သွယ်နိုင်ခဲ့ပြီး အသိတစ်ယောက်ရဲ့ ကြားဝင်ဖြန်ဖြေမှုနဲ့ ငွေတွေပြန်ပေးမယ်လို့ ကတိရရှိခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ ပြန်မပေးနိုင်တော့ဘူးဆိုပြီး စကားကိုပြင်ပြောခဲ့တယ်လို့ ဆိုပါတယ်။
"နင့်ကိုငါ့ သုံးသိန်းအရင်ပေးမယ် ရမလားတဲ့။ သုံးသိန်းပေးမယ်ဆိုတော့ အေးပေါ့နော် ကိုယ်က အတိုးတွေနဲ့ ရှိတယ်မှတ်လား သုံးသိန်းပေးမယ်ဆိုတော့လည်း သုံးသိန်းလက်ခံမယ်ပေါ့။ ရတယ် အမ ဘာမှမဖြစ်ဘူးဆိုတော့ k pay နဲ့ လွှဲခဲ့မယ်ဆိုတော့ kpay ဖုန်းနံပါတ် ပေးလိုက်တယ်။ လုံးဝကို မလွှဲလာဘူး။ မလွှဲလာ မလွှဲလာနဲ့ နောက်ထပ်ဖုန်းထပ်ဆက်တော့ ညီမရေ အစ်ကိုတို့က ပေးရမယ်ဆိုတာ သိတယ်ပေါ့။ အကိုတို့က တစ်ဦးတည်း လုပ်တာမဟုတ်ဘူး။ အဲ့လိုမျိုးပြောတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ပိုက်ဆံက သူ့လက်ထဲကို ပေးလိုက်တယ်ဆိုတော့ အေး အစ်ကိုတို့ သိပါတယ်။ အစ်ကိုပြန်ပေးမယ်ဆိုပြီး အဲ့ပိုက်ဆံကို လုံးဝကို မလွှဲလာဘဲနဲ့ တိုင်ချင်ရင် တိုင်ချင်ရာကို တိုင်တဲ့ အဲ့လိုမျိုးပြောတယ်။ လုပ်ချင်သလိုလုပ်ဆိုတော့ အဲ့ဒါနဲ့ သူတို့က မပေးဘူးဆိုတဲ့ အဆုံးဆိုတော့ ဘယ်သူ့ကို ဖုန်းဆက်လဲ ဆိုတော့ အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်လိုက်တယ်။ သူတို့ရွာမှာ မိန်းမက အုပ်ချုပ်ရေးမှူး ။ အုပ်ချုပ်ရေးမှူးမကို ဖုန်းဆက်လိုက်တော့ ပထမတော့ သမီးသူတို့ရဲ့ အသံဖိုင်တွေကို သွင်းထားတယ်မဟုတ်လားတဲ့။ သွင်းထားတယ်ဆိုတော့ အန်တီ့ကို ပို့ပေးတဲ့။ ပိုပေးတော့ အုပ်ချုပ်ရေးမှူး နဲ့ သူတို့နဲ့ ဘယ်လိုတွေ ပြောလဲ မသိဘူး သမီး သူတို့က မပေးနိုင်ဘူးလို့ပြောတယ်တဲ့။ တကယ်လို့ တရားစွဲမယ်ဆိုလည်း နယ်မြေ မတူတဲ့အတွက် ရမှာမဟုတ်ဘူးတဲ့ အုပ်ချုပ်ရေးမှူးက အဲလိုပြောတယ်။ အဲ့တော့ ဘယ်သူ့ကို တိုင်လို့ တိုင်ရမှန်း မသိတဲ့ အနေအထား လမ်းစရောက်သွားတယ်"
အဲဒီလိမ်လည်သူတွေဟာ မိမိတို့ ငွေတွေကို ပြန်မပေးဘဲ ပစ္စည်းတွေဝယ်ပြီး မကြာခင်က အလှူလုပ်နေတယ်လို့ ကြားရကြောင်းလည်း မယဉ်ယဉ်ထွေး ကပြောပါတယ်။
"အဲဒီပိုက်ဆံကို လုံးဝပြန်မပေးတော့တာ။ ဒါပေမဲ့ သတင်းကြားရတယ်။ သူတို့က အောက်မှာ ကားတစ်စီးဝယ်ထားတယ်။ ကားက ၁၄၅ သိန်း ဆိုင်ကယ်က နောက်ထပ် သူတို့အဖေအတွက် အဲဒီ မပုရဲ့ အဖေအတွက် ဆိုင်ကယ်တစ်စီး ထပ်ဝယ်ထားတယ်။ အသစ်။ အိမ်ပြင်ထားတယ်။ ဝါဆိုလပြည့်နေ့က သူတို့အိမ်မှာ ဝါဆိုသင်္ကန်းတွေ ကပ်ကြတယ်။ အဲ့ကပ်ထားတဲ့ ပိုက်ဆံကလည်း သမီးတို့ ဒီကနေ သာဓုခေါ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ဝန်းလုံးက လိမ်သွားတဲ့ ပိုက်ဆံတွေနဲ့ သူတို့အလှူလုပ်တာ။ ဒါပေမဲ့ ဘုန်းကြီးတွေကိုတော့ အားနာတာပေါ့။ ဘုန်းကြီးဆိုတာက သူများဆွမ်းကပ်ရင်လက်ခံရမှာပဲ။ ဒါပေမယ့် သူတို့လုပ်သွားတဲ့ ပိုက်ဆံက တစိမှကို ဖြူဖြူစင်စင်မရှိဘူး သူများဆီက ကလိမ်ကကျစ်ကျသွားတဲ့ ပိုက်ဆံတွေချည်းပဲ။ သူများမျက်ရည်ကြီးငယ်ကျသွားတဲ့ ပိုက်ဆံနဲ့ သူတို့ အလှူလုပ်တာ"
အလိမ်ခံရတဲ့လူငယ်တချို့ကိုလည်း RFA ကတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ လူငယ်တစ်ဦးကတော့ ကိုထက်အောင်ခန့် ဖြစ်ပါတယ်။
"ကျွန်တော်တို့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်က ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုတက်လာတာက အဒေါ်က ဒီမှာအလုပ်ရှာပေးမယ်ဆိုပြီး တောလမ်းကနေပြီး ပွဲစားကို တစ်ယောက် နှစ်သောင်းလေးထောင်ပေးပြီး တက်လာတာပေါ့။ သူငယ်ချင်း သုံးယောက်တက်လာတာပေါ့။ အဒေါ်က ပိုက်ဆံစိုက်တယ်။ ဒီသူငယ်ချင်းဆိုရင် သူ့အမျိုးတွေဆီက ပိုက်ဆံချေးပြီးတက်လာတာ။ ဒီအစ်ကိုနဲ့ ကျွန်တော်ကျတော့ အဒေါ်စိုက်ပေးလို့ ဒီကိုရောက်လာတာပေါ့။ မကြာဘူး တစ်ယောက်ကို တစ်သောင်းရှစ်ထောင်နဲ့ အလုပ်စမတ်ခ ပေးပြီး အလုပ်စောင့်နေတာပေါ့။ ဒီကိုရောက်ပြီး ၁၅ ရက်နီးပါးလောက် စောင့်ပြီး အလုပ်စောင့်နေတာ။ သိပ်မကြာပါဘူး ကိုဘာဘူက လိမ်သွားတယ်ပေါ့။ ဒီသူငယ်ချင်း နှစ်ယောက်ကတော့ ထားဝယ်ဘက်နေ တက်လာပြီးတော့ နောက်မှ ရောက်လာပြီး တစ်ယောက် သုံးထောင်စီ အလိမ်ခံလိုက်ရတာ"
လိမ်လည်ထွက်ပြေးသူတွေကို ထိုင်းအာဏာပိုင်တွေက လိုက်လံစုံစမ်းချိန်မှာ တရားခံတွေဟာ မြန်မာနိုင်ငံပိုင်နက်အတွင်း ရောက်ရှိသွားကြပြီလို့ ကြားရကြောင်း လူမှုရေးဆောင်ရွက်သူ KTJ အဖွဲ့ခေါင်းဆောင် ကိုဝင်းထွေး က ပြောပါတယ်။
"ဒီလိမ်လည်မှုကို အလိမ်ခံရတဲ့သူတွေက ရဲကိုတိုင်ကြားပေမယ့် လိမ်သွားတဲ့ လင်မယားက ထိုင်းနိုင်ငံမှာ မရှိတော့တဲ့အတွက် ဘာမှအရေးယူနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်ခင်ဗျ။"
မယဉ်ယဉ်ထွေးကတော့ သူတို့အနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရ မြန်မာနိုင်ငံကို သွားရောက်ပြီး တရားခံတွေကို တိုင်ကြားစွဲဆိုဖို့ မဖြစ်နိုင်သေးပေမယ့် ဒီအမှုအတွက် အမှန်တရားပေါ်ပေါက်အောင် မလွဲမသွေ ဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး သက်လွင်ဦး ခေါ် ဘာဘူနဲ့ ခင်ဆွေဝင်း ခေါ် မပု တို့ကိုတော့ အခုအချိန်အထိ RFA က ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ အလုပ်သမားတွေထံကနေ အခုလို ငွေကြေးလိမ်လည်မှုတွေ မကြာခဏပေါ်ပေါက်နေတယ်လို့ ထိုင်းနိုင်ငံရှိ လူမှုရေးအသင်းအဖွဲ့တွေက ပြောပါတယ်။