မလေးရှားမှာ ခိုလှုံခွင့်လျှောက်တဲ့ မြန်မာရေတပ်အရာရှိ ခြောက်ဦး နေရပ်ပြန်ပို့ခံရမှု NUG ဝေဖန်

နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2022.10.19
မလေးရှားမှာ ခိုလှုံခွင့်လျှောက်တဲ့ မြန်မာရေတပ်အရာရှိ ခြောက်ဦး နေရပ်ပြန်ပို့ခံရမှု NUG ဝေဖန် ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားတချို့ နေရပ်ပြန်ပို့ရန် မလေးရှားလေဆိပ်ဂိတ်မှ ထွက်ခွာစဉ်။
Photo: Myanmar Embassy in Kuala Lumpur, Malaysia

နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ မြန်မာရေတပ်အရာရှိ ခြောက်ယောက်ကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးပြီး ဒီလဆန်းမှာ မြန်မာနိုင်ငံ ပြန်ပို့လိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မလေးရှားအစိုးရရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို နေရပ်ပြန်ပို့တာတွေ ဆက်မလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

မလေးရှား-မြန်မာ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ရေးအစီအစဉ်နဲ့ အောက်တိုဘာ ၆ ရက်နေ့က ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၁၅ဝ ထဲမှာ ရေတပ်အရာရှိဟောင်းခြောက်ဦး ပါဝင်နေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားတာပါ။

ဒီရေတပ်အရာရှိဟောင်း ခြောက်ဦးဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး မလေးရှားက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့်ရဖို့ ကြိုးစားနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ပြန်ပို့ရင် အန္တရာယ်ရှိတယ်ဆိုတာသိပေမယ့် မလေးရှားအာဏာပိုင်တွေက ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

ကွာလာလမ်ပူမှာ ရှိတဲ့ ပြန်ပို့ခံရသူတွေနဲ့ နီးစပ်သူတစ်ဦးကတော့ - “ဒီ ခြောက်ယောက်ပေါ့နော် သူတို့လက်ထဲမှာ ပတ်စ်ပို့တွေရှိတယ်။ သူတို့ကို အောက်တိုဘာ ၆ ရက်နေ့မှာပဲ ပြန်ပို့ခဲ့တာ။ ၆ ရက်နေ့မှာ လေယာဉ်က နှစ်စီးဖြစ်နေတယ်။ မလေးရှားလေကြောင်းက နေ့ခင်း ၂ နာရီလောက်မှာ ထွက်သွားတယ်။ မြန်မာလေကြောင်းက သုံးနာရီလောက်မှ ထွက်တယ်”

ဒီသတင်းနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားသံအရာရှိ ဦးဇာနည်မောင်နဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေခဲ့ပါဘူး။

ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတော့ - မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ထိန်းသိမ်းရေးစခန်းတွေမှာ မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၅ဝ ကို ပြန်ပို့တဲ့အကြောင်း လေဆိပ်ဂိတ်တွေကနေ ထွက်ခွာနေတဲ့ ဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ ရေတပ်အရာရှိခြောက်ဦး ပါဝင်တယ်ဆိုတာကိုတော့ ရေးသားထားခြင်း မရှိပါဘူး။

“ဒါဟာ စစ်ကောင်စီလက်ထဲ ပြန်ပို့တဲ့သဘောဖြစ်ပြီး ချက်ချင်း ထောင်ထဲရောက်ကုန်ကြမှာပါ။ ရေတပ်ကနေ ဘက်ပြောင်းလာတဲ့သူတွေကို ပြန်ပို့တယ်ဆိုတာဟာ တကယ့်ကိုအန္တရာယ်များလွန်းပါတယ်“

အဲ့ဒီပြန်ပို့ခံရသူတွေဟာ ရန်ကုန်လေဆိပ်အရောက်မှာပဲ ဖမ်းဆီးခံခဲ့ရပြီး လောလောဆယ် သူတို့ကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ UNHCR ကတော့ ခိုလှုံခွင့်လျှောက်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောပေမယ့် - ဒီလူတွေ ပြန်ပို့ခံရတဲ့ကိစ္စအပေါ်မှာတော့ အတော့်ကို စိုးရိမ်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ - CDM သမားတွေအပါအဝင် မြန်မာနိုင်ငံသားတွေကို မလုပ်သင့်တဲ့ လုပ်ရပ်လို့ ပြောပါတယ်။

“မလေးရှားနိုင်ငံအနေနဲ့ အခုလိုမျိုးအန္တရာယ်ရှိနိုင်တဲ့သူတွေကို မြန်မာနိုင်ငံတွင်း ပြန်ပို့ဆောင်မှုကို အမြန်ဆုံးရပ်ဖို့ တိုက်တွန်းပါတယ်။ အထူးသဖြင့် မလေးရှားနိုင်ငံရဲ့ဝန်ကြီးဌာနကနေ မြန်မာနိုင်ငံအရေးတွေကို စိတ်ဝင်စားစွာ လုပ်ဆောင်နေတယ်။ အာဆီယံအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေမှာ ပိုမိုလုပ်ဆောင်ဖို့အတွက် တိုက်တွန်းနေချိန်မှာ နောက်ထပ်ဝန်ကြီးဌာနတစ်ခုကနေ အခုလို လူသားချင်းစာနာမှု အကူအညီတွေ မရှိဘဲနဲ့ မဖြစ်သင့်ပါဘူး။ မလေးရှားနိုင်ငံအစိုးရရဲ့ ဌာနအားလုံးက မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို ထောက်ပံ့ပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားသူများ အန္တရာယ်ကျရောက်စေမယ့် လုပ်ငန်းတွေဆက်မလုပ်ဖို့အတွက် တင်ပြမှုတွေ၊ တွေ့ဆုံပြောဆိုတိုက်တွန်းမှုတွေ (NUG က) ဆက်လက်လုပ်ဆောင်သွားပါမယ်။”

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို မလေးရှားအစိုးရက ပြင်းပြင်းထန်ထန်ဝေဖန်နေချိန်မှာပဲ - CDM လုပ်ထားတဲ့ ရေတပ်အရာရှိတွေ ပြန်ပို့ခံရတဲ့လုပ်ရပ် ဖြစ်လာခဲ့တာပါ။

လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ရဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ကတော့ မလေးရှားအစိုးရရဲ့ လုပ်ရပ်အပေါ် စိုးရိမ်တယ်လို့ ပြောပါတယ်။

“ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေကို ပြန်ပို့တဲ့ မလေးရှားရဲ့လုပ်ရပ်ဟာ ရက်စက်ပြီး လက်ခံနိုင်စရာ မရှိပါဘူး။ ဒါဟာ စစ်ကောင်စီလက်ထဲ ပြန်ပို့တဲ့သဘောဖြစ်ပြီး ချက်ချင်း ထောင်ထဲရောက်ကုန်ကြမှာပါ။ ရေတပ်ကနေ ဘက်ပြောင်းလာတဲ့သူတွေကို ပြန်ပို့တယ်ဆိုတာဟာ တကယ့်ကိုအန္တရာယ်များလွန်းပါတယ်။ မလေးရှားအစိုးရက စံ နှစ်မျိုးကို ကျင့်သုံးနေတဲ့ အပေါ်မှာလည်း ကျနော်တို့ စိုးရိမ်ပါတယ်။ မြန်မာပြည်သူတွေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေကို အလေးထားပါတယ်လို့ ပြောနေပြီး၊ တစ်ဖက်မှာလည်း စစ်အာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ်အလုပ်လုပ်နေတဲ့သူတွေ မလေးရှားအစိုးရထဲမှာ ရှိနေပါတယ်။”

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဘ်ဒူလာ (Saifuddin Abdullah) ဟာဆိုရင် ဇူလိုင်လတုန်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့တဲ့လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူပါ။

Phil Robertson ကတော့ - မလေးရှားအစိုးရအနေနဲ့ UNHCR နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

“မလေးရှားအစိုးရအနေနဲ့ မြန်မာတွေကို နေရပ်ပြန်ပို့နေတဲ့ လုပ်ရပ်ကို ချက်ခြင်းရပ်သင့်ပါတယ်။ ဒါဟာ ပထမဆုံးလုပ်ရမယ့် အရေးကြီးဆုံးကိစ္စပါ။ ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) ကိုလည်း လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေး စခန်းတွေကို သွားခွင့်ပြုပြီး ဘယ်သူတွေက ဒုက္ခသည်၊ ဘယ်သူတွေက ခိုလှုံခွင့်လျှောက်တဲ့သူတွေလည်း ဆိုတာကို စစ်ဆေးကြည့်ရှုခွင့် ပေးဖို့လိုပါတယ်။ မလေးရှားအစိုးရက UNHCR ကို ခွင့်မပြုတာ ၂၀၁၉ သြဂုတ်လကတည်းကပါ။ ဒါဟာလည်း လက်ခံနိုင်စရာ မရှိပါဘူး။ နောက်ဆုံးအချက်အနေနဲ့ကတော့ မလေးရှားအနေနဲ့ သူ့နိုင်ငံမှာ လက်မခံချင်ဘူးဆိုရင်လည်း ဒုက္ခသည်တွေထဲက တချို့လူတွေကို တခြားနေရာ၊ တခြားနိုင်ငံတွေမှာ ခိုလှုံခွင့်ရအောင် ခွင့်ပြုသင့်ပါတယ်”

UNHCR က ထုတ်ပြန်ထားတဲ့စာရင်းအရ - မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူ တစ်သိန်းခုနစ် သောင်းနီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။