မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံနေရ
2025.01.28

မလေးရှားအစိုးရက အော်ပရာစီစစ်ဆင်ရေးနဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးနေတာမှာ အခုဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသားအယောက် သုံးရာထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေနဲ့ ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
မလေးရှားနိုင်ငံ ကင်မရွန်းဟိုင်းလျဲန် (Cameron Highlands)၊ ပက်သလစ်ဂျာယာ (Petaling Jaya)၊ ဆလန်ဂေါ် (Selangor)၊ ဂျိုဟိုး (Johor) အစရှိတဲ့ မြို့တွေမှာ တရားမဝင်ရောက်လာသူတွေ အများစုရှိတဲ့ စားသောက်ဆိုင်တွေကို ပစ်မှတ်ထားဖမ်းဆီးနေတယ်လို့ ပြောပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့က ကွာလာလမ်ပူမြို့ (Kuala Lumpur) က လူစည်ကားတဲ့ ဘူကစ်ဘင်တန်း (Bukit Bintang) လမ်းမပေါ်ကဆိုင်တွေမှာ အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသား အယောက် ခြောက်ဆယ် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲ့ဒီနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၁ ယောက် အင်ဒိုနီးရှားနိုင်ငံသား ၂၄ ယောက် နီပေါနိုင်ငံသား ၁၆ ယောက်၊ ပါကစ္စတန်နိုင်ငံသား သုံးယောက်နဲ့ ဆူဒန်နိုင်ငံသား တစ်ယောက်လည်း အဖမ်းခံခဲ့ရပါတယ်။
ဇန်နဝါရီ ၉ ရက်နဲ့ ၁၃ ရက်တွေမှာလည်း ထိုင်းကနေတစ်ဆင့် မလေးရှားကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၄၀ ကျော် အဖမ်းခံခဲ့ရတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
မြန်မာနိုင်ငံကို ပြန်ပို့ရင် အသက်အန္တရာယ်စိုးရိမ်ရသူတွေကိုလည်း ရုံးတင်စစ်ဆေးပြီး အာမခံနဲ့ လွှတ်ပေးတာမျိုး မရှိတော့ဘူးလို့ မြန်မာနိုင်ငံသားတွေကို ကူညီနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှား) အဖွဲ့အတွင်းရေးမှူး ကိုသန်းထွန်းအောင်က ပြောပါတယ်။
“အနည်းဆုံး သုံးရာနဲ့အထက်မှာ ရှိတယ်။ နှစ်ဆန်းပိုင်းမှာတင် အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားဦးရေ။ စီမံချက်နဲ့ဖမ်းတာရှိသလို နိုင်ငံသားတွေရဲ့ တိုင်ချက်ကြောင့် ဖမ်းတာလည်းရှိတယ်။ ဖြေရှင်းရခက်တဲ့ အနေအထားက မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ တရားမစွဲတော့ဘဲနဲ့ စခန်းတွေကနေ ပြန်ပို့တဲ့ ပြဿနာတွေ၊ အပြင်မှာရှိတဲ့ မိသားစုဝင်တွေကနေ လေယာဉ်လက်မှတ်ဖိုး ဝယ်ပေးရတယ်။ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတော့ (ထိန်းသိမ်းရေးစခန်းတွေမှာ) လနဲ့ချီပြီး နေရတာတွေရှိတယ်။ တချို့ဆို CDM တွေရှိတယ်။ ပြန်လို့ရှိရင် အသက်အန္တရာယ်တကယ်ကိုမှ စိုးရိမ်ရတဲ့သူတွေရှိတယ်။ အဲ့လူတွေကိုမှ ရုံးမတင်ဘဲ ပြန်ပို့တာတွေရှိတယ်”
အရင်က အဖမ်းခံရသူတွေကို တရားရုံးတင်စစ်ဆေးပြီး မြန်မာနိုင်ငံကိုပြန်ဖို့ အခက်အခဲရှိသူတွေအနေနဲ့ အာမခံရယူတာ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) အကာအကွယ်ရဖို့ အကူအညီတောင်းခံတာတွေ လုပ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဇန်နဝါရီလ ၉ ရက်နေ့က မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ မြန်မာနိုင်ငံသား ၁၀၂ ဦးကို နေရပ်ပြန်ပို့ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဆက်နွှယ်သောသတင်းများ
မလေးရှားမှာ မြန်မာနိုင်ငံသား ခုနစ်ဆယ်နီးပါး ဖမ်းဆီးခံရ
မလေးရှားမှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံသား ၁၇၀ ခန့် ဖမ်းဆီးခံရ
ဖမ်းဆီးမှုတွေ နေ့စဉ်ရှိနေလို့ မလေးရှားကို တရားမဝင် မလာကြဖို့ ကူညီရေးအဖွဲ့တွေ သတိပေး
အခုလို ဖမ်းဆီးတာတွေများလာပေမဲ့ မလေးရှားနိုင်ငံကို လာရောက်သူတွေ များနေဆဲဖြစ်ပြီး အခုနောက်ပိုင်း မြန်မာအမျိုးသမီးတွေပါ ရောက်လာတယ်လို့ စစ်တပ်အာဏာသိမ်းပြီးနောက်မှ ကွာလာလမ်ပူမြို့ကို ရောက်နေတဲ့ ကိုမျိုးက ပြောပါတယ်။
“အစောပိုင်းတုန်းက ကျွန်တော်တို့ဆီက ရောက်တာ ယောက်ျားလေးတွေဆိုပေမဲ့ အခုနောက်ပိုင်း မိန်းကလေးတွေပါ ရောက်လာတာမျိုးတွေရှိတယ်။ လွန်ခဲ့တဲ့တစ်ပတ်ကမှ ကျွန်တော်တို့ နယ်ကနေပြီးတော့ မိန်းကလေးအများစု တက်လာတာမျိုးတွေရှိတယ်။ UN ကတ်လို လုပ်ထားတာမျိုးတွေ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ဒီမှာရှိတဲ့အဖွဲ့အစည်းလေးတွေနဲ့ လှမ်းပြီးတော့ တီးခေါက်တာလုပ်သင့်တယ်။ အော်ပရာစီကျတော့ ချက်ခြင်းဖမ်းပြီးတော့ လိုက်ထုတ်တဲ့သူရှိရင်ရှိ၊ မရှိရင် မြန်မာနိုင်ငံကို ပြန်ပို့တာမျိုးတွေလုပ်တာဆိုတော့အဲ့ဒီကနေ တိမ်းရှောင်နိုင်တဲ့ အထောက်အထားတစ်ခုခုကို ဘယ်အဖွဲ့အစည်းကနေ လုပ်ပေးတယ်ဆိုတာကို စုံစမ်းသင့်တယ်”
မလေးရှားနိုင်ငံသားတွေကလည်း အလုပ်အကိုင်ရှားပါးလာတာနဲ့အတူ တရားမဝင်ရောက်လာသူတွေရဲ့ စည်းကမ်းမဲ့နေထိုင်မှုတွေကြောင့် တရားမဝင်နေထိုင်သူတွေကိုတွေ့ရင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနထံ တိုင်တန်းမှုများလာပြီး အစိုးရကလည်း တိုင်တန်းမှုတွေရှိရင် ချက်ခြင်းသွားရောက် ဖမ်းဆီးတာတွေ ရှိလာတယ်လို့ မလေးရှားရောက်မြန်မာတွေကပြောပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား တစ်သိန်းရှစ်သောင်းနီးပါး ရှိနေပါတယ်။