မလေးရှားမှာ မြန်မာနိုင်ငံသား ခုနစ်ဆယ်နီးပါး ဖမ်းဆီးခံရ
2024.12.16

မလေးရှားနိုင်ငံ နီလိုင်း (Nilai) မြို့က ဟိုတယ်တစ်ခုမှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ညက ခရစ္စမတ်ပွဲအတွက် စုဝေးနေကြစဉ် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၉ ဦးကို မလေးရှားအဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။
ခရစ်စမတ်ပွဲအတွက် စုဝေးနေတဲ့ နိုင်ငံခြားသား ၂၅၀ ကျော်ကို အာဏာပိုင်တွေက စစ်ဆေးစဉ် အထောက်ထားမပြနိုင်သူတွေ ဖမ်းဆီးခံခဲ့ရတာလို့ မလေးရှားမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား တစ်ဦးက RFA ကို ပြောပါတယ်။
“၁၄ ရက်နေ့ ၁၀ နာရီလောက် စဖမ်းတာပေါ့။ အဲမှာ ၆၉ ယောက်ပါသွားတယ်။ UN card ရှိတဲ့သူတွေ၊ အထောက်အထားပြနိုင်တဲ့သူတွေက ပြန်လွတ်လာတယ်လို့ သိရတယ်”
အသက် ၂၀ ကနေ ၄၆ နှစ်ကြား အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၁၄ ဦး ဖမ်းဆီးခံထားရပြီး အရေအတွက်ဘယ်လောက် ပြန်လွတ်လာတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီဇင်ဘာလ ပထမပတ်ကလည်း မလေးရှားနိုင်ငံ အမ်ပန်းမြို့နယ်မှာရှိတဲ့ တိုက်ခန်းတစ်ခုကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးချိန်မှာလည်း မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ၉၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ တစ်သိန်းကိုးသောင်းကျော် ရှိတဲ့အထဲမှာ တစ်သိန်းခုနစ်သောင်းဝန်းကျင်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။