မဲဆောက်က လက်နက်ထုတ်လုပ်သူတွေကို ထိုင်းအာဏာပိုင်တွေ အပူတပြင်းရှာဖွေနေ
2023.05.17

ထိုင်းနိုင်ငံ မြန်မာနယ်စပ် မဲဆောက်မြို့က မယ်ပရပ်ကွက်မှာရှိတဲ့ မာလွေ လုံးချင်းအိမ်ယာဝင်းအတွင်းက စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုနဲ့ ဆက်စပ်သူတွေကို မဲဆောက်မြို့တော်ဝန် ဦးဆောင်တဲ့အဖွဲ့က ပိုက်စိပ်တိုက်ရှာဖွေနေပါတယ်။
ဒီဝင်းထဲက နေအိမ်တစ်လုံး မေ ၁၄ ရက်က မီးသင့်လောင်တဲ့အတွက် ထိုင်းစစ်တပ်၊ ရဲနဲ့ မီးသတ်ဌာနက တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးချိန်မှာ စစ်လက်နက်ပစ္စည်းတွေကို သိမ်းဆည်းရမိပေမယ့် လက်နက်ထုတ်လုပ်နေတဲ့သူတွေက လွတ်မြောက်သွားပါတယ်။
ဒါကြောင့် မြို့တော်ဝန် Thoedkiat Chinsoranan (သောကစ်ဒ်ချင်ဆိုရန်နန်) ဦးဆောင်တဲ့အဖွဲ့က စစ်ဆေးရှာဖွေနေတာလို့ မဲဆောက်မြို့မှာ ခိုလှုံနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုကျော်ကြီးက ပြောပါတယ်။
“ မီးပွားကျပြီးတော့ မီးလောင်တာက စတာပေါ့နော်။ ယမ်းညှော်နံ့တွေထွက်လာတော့ ဘေးအိမ်တွေက တိုင်တာပေါ့၊ တိုင်တဲ့ချိန်မှာ ထိုင်းစစ်တပ်နဲ့ ထိုင်းရဲနဲ့ ရောက်လာတာပေါ့နော်။ မီးသတ်ကားလည်း ပါတယ်ပေါ့၊ လက်ရှိအနေထားထိကတော့ နေအိမ်မှာ နေတဲ့လူတွေက တစ်ယောက်မှ အဖမ်းဆီးမခံရဘဲ လွတ်မြောက်သွားတယ်လို့ သိရတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူသုံးယောက်ကိုတော့ စစ်ဆေးမေးမြန်းဖို့ ခေါ်သွားတယ်ဆိုပြီး သတင်းရတယ်ပေါ့နော်။ လက်ရှိမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ထိုင်းစစ်တပ်က နေအိမ်မှာရှိတဲ့ CCTV တွေနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ CCTV တွေကို စစ်ဆေးပြီးတော့ အိမ်ကိုအဝင်အထွက်လုပ်နေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူပုံစံတွေကို လိုက်စစ်နေတယ်။ နောက်ပြီးတော့ အိမ်ထဲကို သူတို့ ဒီ IR တွေနဲ့ပေါ့နော် fingerprint scan တွေကို လိုက်ယူနေတယ် ဆိုတဲ့သတင်းကို ကျွန်တော်တို့ ရထားပါတယ်ဗျ။”
ဒီလိုသက်သေအထောက်အထားတွေရယူပြီး လက်နက်ထုတ်လုပ်သူတွေကို အပူတပြင်းလိုက်ရှာနေတာလို့ ကိုကျော်ကြီးက ဆက်ပြောပါတယ်။
“အခုဒီဟာတွေကိုလုပ်တာကတော့ ဘယ်အဖွဲ့ဆိုတာရယ် တိတိကျကျတော့ မသိရသေးဘူး။ ဒါပေမဲ့ အခုချိန်ထိတော့ ထိုင်းစစ်တပ်နဲ့ရဲ အပြင် မဲဆောက်မြို့တော်ဝန်နဲ့ မဲဆောက်ရဲတပ်ဖွဲ့ကလည်း ဒါကို အပူတပြင်း လိုက်ပြီးတော့ ရှာဖွေစစ်ဆေးနေတယ်၊ ညပိုင်းတွေမှာ ကင်းလှည့်တာတွေ ပွိုင့်ကားတွေနဲ့ပါ ကင်းလှည့်တာတွေ လုပ်နေတယ်ပေါ့နော်၊ မြို့တော်ဝန်ကိုယ်တိုင် ကင်းလှည့်တယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့ ကြားထားပါတယ် ခင်ဗျ။ လက်ရှိကတော့ မဲဆောက်မှာ ပေါ့နော်၊ ဗမာအများဆုံးနေတဲ့ ဒီ Mega home အနောက်တန်းလျားတို့ ဒီ (ဘတ်နူရာ)ဘက်တို့ နောက် ဒီအစ္စလာမ်ကျောင်းကြီးဘက်တို့၊ တံတားနား ပတ်ဝန်းကျင်ပေါ့နော်၊ အဲ့ ဧရိယာတွေကို အထူးသဖြင့်တော့ မဲဆောက်ရဲတပ်ဖွဲ့နဲ့ ဒီမြို့တော်ဝန်ကိုယ်တိုင်ပါ ဒါကင်းလှည့်စောင့်ကြပ်ပြီးတော့ လိုက်စစ်ဆေးနေတဲ့ အနေထားရှိတယ်ခင်ဗျ။”
မယ်ပရပ်ကွက်မှာရှိတဲ့ မာလွေ လုံချင်းအိမ်ယာဝင်း မီးသင့်လောင်တဲ့ မေ ၁၄ ရက်နေ့မှာပဲ မယ်လမြို့နယ်မှာရှိတဲ့ နေအိမ်တစ်လုံးကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးတဲ့အခါ အိမ်စီးကားပေါ် ဝှက်ထားတဲ့ လက်နက်နဲ့ဆက်စပ်ပစ္စည်း အစိတ်အပိုင်းတွေ သိမ်းဆည်းရမိပြီး မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးနဲ့ ထိုင်းနိုင်ငံသား နှစ်ဦး စုစုပေါင်းသုံးဦးကို ဖမ်းဆီးမိလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ပစ္စတိုနဲ့ ဆက်စပ်ပစ္စည်းတွေ၊ M 16 နဲ့ ဆက်စပ်ပစ္စည်းတွေ၊ M 15 နဲ့ ဆက်စပ်ပစ္စည်းတွေ ထောင်နဲ့ချီ သိမ်းဆည်းရမိတယ်လို့ လည်း ဖော်ပြပါတယ်။
ဒါ့ပြင် မေ ၁ ရက်နေ့တုန်းကလည်း ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အနီးက မဲဆောက်-အုန်းဖန် ကားလမ်းမပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ မြန်မာလူငယ်နှစ်ဦးကို သေနတ်နှစ်လက်နဲ့အတူ ဖမ်းဆီးရမိပြီး လက်နက်ဥပဒေပုဒ်မနဲ့ အရေးယူမယ်လို့ မဲဆောက် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။