မြိုင်မြို့နယ် လက်ယက်မရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

2022.05.15
မြိုင်မြို့နယ် လက်ယက်မရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ ၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မရွာကို အဝေးမှ မြင်ရစဉ်
Photo: We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မရွာကို မေလ ၁၄ ရက် မနေ့ညနေက စစ်ကောင်စီ တပ်နဲ့ ပျူစောထီးအဖွဲ့တွေက ရွာထဲကနေအိမ်တွေကို မီးရှို့လို့ တစ်ရွာလုံးနီးပါး မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေလ ၁၃ ရက်နေ့ကတည်းက လက်ယက်မရွာမှာ တပ်စွဲခဲ့ပြီး နောက်တစ်နေ့ မေလ ၁၄ ရက် ညနေ ၅ နာရီလောက်မှာ ရွာရဲ့အရှေ့ပိုင်းက ရွှေအာကာ ကားဂိတ်၊ ရွာတောင်ပိုင်းက မင်းသန့်ဇော် ကားဂိတ်နဲ့ ရွာအနောက်ပိုင်းက ဆုတောင်ပြည့် ဘုန်းကြီးကျောင်းအနီး စတဲ့ နေရာသုံးခုမှာ မီးစတင်ရှို့ခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

လက်ယက်မရွာက အိမ်ခြေ ၁၈၀၀ လောက်ရှိတဲ့ရွာဖြစ်ပြီး ခုလိုမီးရှို့ခံရချိန် ရွာပြင်ကနေ မီးခိုးလုံးတွေ တွေ့နေရလို့ အိမ်တွေရွာလုံးကျွတ် မီးထဲပါကုန်နိုင်တယ်လို့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။

"အခုသူတို့ရှို့ပုံမျိုးနဲ့ဆို ရွာက အိမ်ခြေစိပ်တဲ့ရွာဆိုတော့ သေချာပေါက် အကုန်လုံး နီးပါးလောက်တောင်၊ အိမ်ခြေ ၁၈၀၀ လုံးတောင် မီးလောင်နိုင်တယ်။ မီးတောက်ကြီး တွေကလည်း အဓမ္မပဲ၊ မီးခိုးရိပ်တွေကလည်း လရိပ်တောင်ဖုံးတယ်၊ ကျွန်တော်တို့နဲ့ နှစ်မိုင်ပဲ ဝေးတယ်"

စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကလည်း ရွာထဲမှာရှိနေလို့ ရွာသားတွေဟာ ပြန်မဝင်ရဲကြ သေးတာကြောင့် မီးလောင်ခံလိုက်ရတဲ့ အိမ်အရေအတွက်အတိအကျကို မသိရသေးဘူးလို့ နောက်ထပ် ရွာသားတစ်ဦးက ပြောပါတယ်။

"အိမ်တွေမှာ တချို့ဟာတွေကသူက အိမ်တစ်အိမ်ဆိုရင် မီးတုတ်နဲ့ပစ်ချတာ၊ မီးတုတ်နဲ့ ပစ်ချတာကို အကုန်မလောင်ဘဲနဲ့၊ ရေနံဆီလောင်း မီးတုတ်နဲ့ပစ်ချတာ၊ တချို့အိမ်တွေ မီးကျည် မီးတုတ်နဲ့ ပစ်တာ၊ အိမ်တွေက ကွက်ကြားကွက်ကြားလောင်တာ၊ တစ်တိုက်ထဲ လောင်တာ မဟုတ်ဘူး၊ ကျနော့်အထင်တော့ မီးကျည်မီးတုတ်နဲ့ ပစ်ပြီးရှို့တာ၊ လူကိုယ်တိုင် ရှို့တာမဟုတ်ဘူး"

လက်ယက်မ စံပြရွာမှာ တိုက်နယ်ဆေးရုံရှိပြီး အစိုးရအထက်တန်းကျောင်းလည်း ရှိတယ်လို့သိရပြီး အိမ်ခြေ ၁၈၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

"တချို့အိမ်တွေ မီးကျည် မီးတုတ်နဲ့ ပစ်တာ၊ အိမ်တွေက ကွက်ကြားကွက်ကြားလောင်တာ၊ တစ်တိုက်ထဲလောင်တာ မဟုတ်ဘူး၊ ကျနော့်အထင်တော့ မီးကျည်မီးတုတ်နဲ့ ပစ်ပြီးရှို့တာ"

လက်ယက်မရွာထဲမှာ အင်အားတောင့်တင်းတဲ့ အကြမ်းဖက် PDF တွေရှိတယ်။ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်နေတယ် စတဲ့ သတင်းတွေက Telegram လူမှုကွန်ရက်မှာ ပြန့်နေတာဖြစ်လို့ စစ်ကောင်စီ တပ်တွေက ခုလိုဝင်စီးတာလို့ ရွာသားတွေက ယူဆကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ လက်ယက်မရွာအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး PDF တွေဘက်က အင်အားမမျှလို့ နောက်ဆုတ်ပေးလိုက်ရာကနေ စစ်ကောင်စီတပ်တွေ ရွာထဲအထိ ဝင်လာကြတာလို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"စဖြစ်တဲ့နေ့ နေ့ခင်းပိုင်းက ကျနော်တို့ဘက်က တောင်ဘက်ကနေ လက်နက်ကြီးနဲ့ ထုကြတယ်ပေါ့နော်၊ ကျနော်တို့ရဲ့တောင်ဘက်မှာ တောင်ဘို့ရွာဆိုတာ ရှိတယ်၊ သူတို့ဝင်လာတော့ ကျနော်တို့ဘက်နဲ့ ဆူညံဆူညံ ထုကြတယ်၊ သူတို့က Auto gun နဲ့ရမ်းတယ်၊ ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ ထုတယ်၊ ထုတဲ့အချိန်မှာ မြောက်ဘက် ကနေ လက်ယက်မဘက်ကို ကား ခြောက်စီး၊ ခုနစ်စီးနဲ့ တက်လာတယ်လို့ သတင်းရတဲ့ အချိန်မှာ ပြန်ဆုတ်တာ။ ပြီးတဲ့ ၁၂ ရက်နေ့က ဖြစ်တာပေါ့၊ ဖြစ်တဲ့နေ့မှာ မဝင်သေးဘူး၊ နေ့ခင်းပိုင်း ၁၁ နာရီမှာ ဝင်လာတယ်၊ ၁၂ ရက်နေ့မှာ ပြည်သူတွေကို ရွှေ့ထားတယ်၊ ၁၄ ရက်နေ့မှ စမီးရှို့တာ"

destroyed-house-letyetma.jpg
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မွှေနှောက်ဖျက်ဆီးခဲ့သည့် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မရွာမှ နေအိမ်တစ်အိမ်ကို တွေ့ရစဉ် (Photo: MPA)

စစ်ကောင်စီတပ်ဘက်က အင်အားသုံးရာလောက်ရှိပြီး စစ်ကြောင်း နှစ်ကြောင်းနဲ့ ထိုးစစ် ဆင်လာတဲ့အတွက် PDF တပ်ဖွဲ့ဝင်တွေလည်း လက်ယက်မရွာထဲက ဒေသခံတွေကို ခေါ်ထုတ်ပြီး ပြန်ဆုတ်လိုက်ရတာလို့ ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Data for Myanmar အဖွဲ့ရဲ့ မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာ သိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံတွေ မီးရှို့ခဲ့လို့ နေအိမ် ၁၁၄၁၇ လုံး မီးလောင်ခဲ့ပြီး အဲဒီထဲမှာ မကွေးတိုင်းက နေအိမ် မီးရှို့ခံရမှု ဒုတိယအများဆုံး ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။