ယင်းမာပင်ဒေသမှာ တိုက်ပွဲတွေပြင်းထန်နေ

နေမျိုးထွန်း(ဝါရှင်တန်ဒီစီ)
2022.03.09
ယင်းမာပင်ဒေသမှာ တိုက်ပွဲတွေပြင်းထန်နေ မီးရှို့ခံရတဲ့ ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို ၂၀၂၂ မတ်လ ၁ ရက်နေ့က တွေ့ရစဥ်
ဓါတ်ပုံ - မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်ဟာ မတ်လ ၈ ရက် မနက်ပိုင်းက လက်ပန်တောရွာကို ဝင်လာပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေသူဆယ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သလို ရွာထဲမှာ အမျိုးသမီးတစ်ဦးရဲ့အလောင်းကိုပါ မနေ့က ထပ်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုန်းကြီးကျောင်းအနီးက အိမ်တစ်အိမ်ထဲမှာ သေဆုံးသူတွေရဲ့ အလောင်းတွေနဲ့အတူ အိမ်ကိုပါ မီးရှို့လိုက်ကြပြီး လက်ပန်တောရွာအနောက်ဘက် မိုင်ဝက်လောက်ဝေးတဲ့ သီးကုန်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတယ်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ လက်ပန်တောရွာသားတဦးက RFA ကို မနေ့ညက ပြောပါတယ်။

“ဘုန်းကြီးကျောင်းရဲ့ ရှေ့က နှစ်အိမ်ကို ရှို့တာ အလောင်းတွေလည်း အဲ့အိမ်တွေထဲမှာ ထည့်ပြီး မီးရှို့ထားတယ်ဗျ။ အလောင်းတွေကို ဒဏ်ရာ ဒဏ်ချက်တွေ လက်စလက်န ဖျောက်ချင်လို့ တခါတည်း ထည့်ရှို့ခဲ့တာ ဖြစ်မယ်။ ပြီးတော့ သေဆုံးသူတွေဆီက ရွှေတွေ လက်ဝတ်လက်စားတွေလည်း ယူသွားတယ်။ စုစုပေါင်း ၁၁ ယောက် ၁၀ ယောက်က မီးရှို့ထားခဲ့တယ်။ တစ်ယောက်တော့ ဘုန်းကြီးကျောင်းထဲမှာ သေဆုံးလျက် ထားခဲ့တယ်။ ရှမ်းရွာကတော့ ဖြတ်ရုံဖြတ်သွားပြီး သီးကုန်းရွာမှာ တပ်စွဲလိုက်တယ် အခုထိလည်း စွဲထားတုန်း တိုက်ပွဲတော့ ဖြစ်နေကြတာပေါ့”

သေဆုံးသူတွေဟာ လက်ပန်တောရွာက ဒေါ်တင်ညွန့်၊ ဦးသန်းမောင်၊ ဒေါ်အေးသောင်း၊ ဒေါ်သိန်းလှ၊ ဒေါ်မို့မို့ဝင်းနဲ့ အသက် ၉ နှစ်နဲ့ ၇ နှစ်အရွယ် သူရဲ့သားငယ်နှစ်ဦး၊ ကံသာရွာက ဦးအုန်းလှိုင်၊ ဒေါ်လှပြည့်၊ ဒေါ်သန်းညွန့်နဲ့ ဒေါ်စိန်တင့်တို့ဖြစ်တယ်လို့ဆိုပါတယ်။

ဒေါ်သိန်းလှ၊ ဒေါ်မို့မို့ဝင်းနဲ့ ကလေးငယ် နှစ်ဦးတို့ဟာ အဖွား၊ သမီး၊ မြေး တစ်အိမ်ထဲနေ မိသားစုတွေဖြစ်ပြီး ဦးအုန်းလှိုင်နဲ့ ဒေါ်လှပြည့်တို့ဟာလည်း လင်မယားတွေဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မတ်လ ၉ ရက် မနေ့ကအထိ လက်ပန်တောနဲ့ သီးကုန်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီရွာထဲကနေ ဘေးပတ်ပတ်လည်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ဒေသခံ ခုခံကာကွယ်ရေးPDFတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ အဆက်မပြတ်ဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ PDF တွေဘက်က ထိခိုက်ကျဆုံးတာ မရှိသေးဘူးလို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က မနေ့ညပိုင်းက ပြောပါတယ်။

“ဒီနေ့မနက် နယ်မြေရှင်းလင်းရေးတွေ လုပ်တဲ့အခါမှာ အလောင်းတွေ ထပ်ရတာရှိခဲ့ပါတယ်။ သီးကုန်းရွာရဲ့ အနောက်ဘက် ဘုန်ကြီးကျောင်းအနီးမှာ သူတို့ ယာယီစခန်းချထားတာရှိပါတယ်။ အဲ့မှာလည်း တစ်နေကုန်နီးပါး ကျွန်တော်တို့ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ ရန်သူဘက်က RPG တို့ နောက် စက်သေနတ်မော်တာ စတဲ့ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့တာတွေ လုပ်ခဲ့တယ်။ ကျနော်တို့ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်ရှိအချိန်ထိ ထိခိုက် ကျဆုံးတာ မရှိသေးပါဘူး။”

မတ်လ ၉ ရက်မနေ့ ညဦးပိုင်းအထိတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ဆိုပါတယ်။

လက်ပန်တော၊ ကံသာ၊ ရှမ်းရွာ၊ သီးကုန်း၊ အုန်းတော၊ ရွှေညောင်ပင်နဲ့ ပြန်လှည့် စတဲ့ ရွာတွေဟာ ယင်းမာပင်မြို့ရဲ့မြောက်ဖက် မြောက်ယမားချောင်းတလျှောက်မှာ တဆက်ထဲရှိနေတဲ့ရွာတွေဖြစ်ကြပြီး လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ ဒေသဖြစ်ပါတယ်။ အဲ့ဒီဒေသမှာ အခု၂ရက်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေကြောင့် ဒေသခံတစ်သောင်းလောက်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ထွက်ပြေးနေရတဲ့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ လက်ပန်တောရွာကို မဝင်ရောက်ခင်က စည်လှောင်၊ အောင်ချမ်းအေး၊ အောင်ချမ်းသာ ရွာတွေကနေ လက်ပန်တောရွာအနီးမှာ စစ်ဘေးရှောင်နေတဲ့ ယာယီတဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်တွေကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

RFA က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

“ဘုန်းကြီးကျောင်းရဲ့ ရှေ့က နှစ်အိမ်ကို ရှို့တာ အလောင်းတွေလည်း အဲ့အိမ်တွေထဲမှာ ထည့်ပြီး မီးရှို့ထားတယ်ဗျ။ အလောင်းတွေကို ဒဏ်ရာ ဒဏ်ချက်တွေ လက်စလက်န ဖျောက်ချင်လို့ တခါတည်း ထည့်ရှို့ခဲ့တာ ဖြစ်မယ်။”

ပြီးခဲ့တဲ့နှစ်လည်ပိုင်းလောက်ကစပြီး ယင်းမာပင်မြို့နယ်ထဲက ကျေးရွာအများအပြားကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်း ပစ်ခတ် မီးရှို့တာတွေ ဆက်တိုက်လုပ်ဆောင်နေသလို ဒေသခံ ခုခံကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာလည်း ယင်းမာပင်မြို့နယ် ချင်းပုန်းရွာကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရုံမက ရဟတ်ယာဉ်နဲ့ လိုက်ပါလာတဲ့ စစ်သားတွေကို ရွာထဲချပေးပြီး တစ်ရွာလုံးကို နှစ်ရက်ကြာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပုန်းရွာမှာ PDF တွေ သင်တန်းပေးနေတာကြောင့် စစ်တပ်က လုံခြုံရေးဆောင်ရွက်ရတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကိုပြောဆိုထားပါတယ်။ ယင်းမာပင်ဒေသဟာ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတဲ့ဒေသဖြစ်ပြီး စစ်ပြေးဒုက္ခသည်တွေလည်း ထောင်နဲ့ချီပြီး ရှိနေတာပါ။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။