ကျွန်းလှမှာ ပျူစောထီးစစ်သင်တန်းတက်ဖို့ ဒေသခံတွေဖိအားပေးခံနေရ

RFA Burmese
2023.03.16
ကျွန်းလှမှာ ပျူစောထီးစစ်သင်တန်းတက်ဖို့ ဒေသခံတွေဖိအားပေးခံနေရ ကန့်ဘလူမြို့နယ် ကမ်းဖြူကျေးရွာအုပ်စု ပြည်သူ့စစ်သင်တန်းဆင်းပွဲ ကျင်းပနေသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Myanmar National Post
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ထဲက ကျွန်းလှမြို့ပေါ်အပါအဝင် ကျေးရွာတချို့မှာ စစ်ကောင်စီရဲ့  ပျူစောထီး စစ်သင်တန်းတက်ဖို့ ဒေသခံတွေ ဖိအားပေးခံနေရတယ်လို့ ကျွန်းလှဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။ သူတို့ရဲ့ သဘောဆန္ဒမပါဘဲ အတင်းအကျပ်ဖိအားပေးပြီး ဒီသင်တန်းကို တက်ခိုင်းတာလို့ ဆိုပါတယ်။
 
စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး စစ်သင်တန်းဆင်းတချို့က မတ်လ ၁၄ ရက်နေ့က ရပ်ကွက်ရုံးတွေမှာ အစည်းအဝေးခေါ်ယူပြီး ရပ်ကွက်တစ်ခုကို အမျိုးသားရှစ်ဦးစီ စစ်သင်တန်းတက်ရမှာ ဖြစ်ကြောင်းနဲ့ စစ်သင်တန်းမတက်ရတဲ့ အိမ်ထောင်စုတွေက ငွေကြေးထောက်ပံ့ရမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွန်းလှမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
 
“ပျုစောထီးထဲ လုပ်ရမယ်လို့ပြောတယ်။ စိတ်ပါကိုယ်ပါနဲ့ ဝင်ချင်တဲ့သူရှိရင် ကြိုဆိုတယ်ပေါ့။ တကယ်လို့ အဲလိုမှမရှိဘူးဆိုရင် မဲစနစ်နဲ့ မဲနှိုက်ပြီးတော့ မဲကျတဲ့သူကဝင်ရမယ်(ပျူစောထီး)။ မကျတဲ့ အိမ်‌ထောင်စုတွေက ငွေထောက်ပံ့ရမယ်လို့ သူတို့ (ရပ်ကွက်အုပ်ချုပ်ရေးမှူးက) ပြောတယ်။”
 
ကျွန်းလှမြို့မှာ နေထိုင်သူအများစုကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စည်းရုံးတဲ့  စစ်သင်တန်းကို မတက်ချင်ကြဘူးလို့ သူကပြောပါတယ်။
 
ပျူစောထီးစစ်သင်တန်းတက်ဖို့အတွက် ကျွန်းလှမြို့ပေါ်က ပိတောက်မြိုင်၊ သစ်ရာမြိုင်၊ အင်ကြင်းမြိုင်၊ ပျဉ်းမမြိုင်၊ သပြေမြိုင်၊ ရှမ်းစု၊ တပ်ကုန်း၊ သူဌေးကုန်း စတဲ့ရပ်ကွက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စည်းရုံးနေတာလို့  မြို့ခံတွေက ပြောပါတယ်။
 
လုံခြုံ‌ရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ကျွန်းလှဒေသခံတစ်ဦးကလည်း ကျွန်းလှမြို့နဲ့ သိပ်မဝေးတဲ့ ရှမ်းစုနဲ့ တပ်ကုန်းရွာမှာ စစ်ကောင်စီရဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်သင်တန်းတက်ရောက်ဖို့ စာရင်းပေးသူ မရှိရင် အိမ်ထောင်စု အလိုက် မဲနှိူက်ပြီး ရွေးချယ်မှာဖြစ်ကြောင်း  ပြောဆိုခဲ့တယ်လို့ RFA ကိုပြောပါတယ်။
 
“၁၄ ရက်နဲ့ ၁၅ ရက် နှစ်ရက်ပေါ့လေ။ အဲမှာ ကျွန်းလှမြို့နဲ့ ကပ်ရပ်ရွာတွေဖြစ်တဲ့ တပ်ကုန်းနဲ့ရှမ်းစု ရွာတွေကို မဲနှိုက်ပေးမယ်၊ မဲကျတဲ့သူတွေက မဖြစ်မနေ ပျူသင်တန်း တက်ရမယ်ဆိုတာမျိုးတွေပေါ့လေ။ အတင်းအကျပ် စေခိုင်းနေတာတွေရှိပါတယ်။ ကျွန်းလှမြို့နဲ့ ပတ်ဝန်းကျင်ရွာတွေကတော့ စကစ(စစ်ကောင်စီ)ရဲ့ စိုးမိုးနယ်မြေ ဖြစ်နေတာဆိုတော့ အကြောက်တရားနဲ့ နေရတာဆိုတော့ သူတို့ကတက်ဆိုရင်လည်း တက်ရတာပဲ”
 
ကျွန်းလှမြို့နယ်ထဲမှာ ပျူစောထီးစစ်သင်တန်းတွေကို ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာ စတင်ခဲ့တာပါ။ စစ်သင်တန်းကို မတက်ရောက်လိုတဲ့ ဒေသခံတွေကတော့ လူစားထိုး တက်ခိုင်းတာ၊ ဒဏ်ကြေး ပေးဆောင် တာတွေနဲ့ ရွာကနေ ထွက်ပြေးကြတာတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။
 
ဒီပျူစောထီး စစ်သင်တန်းအတွက် ကျွန်းလှမြို့ပေါ်က စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဦးဆောင်စည်းရုံး နေတာလို့ ကျွန်းလှဒေသခံတွေကပြောပါတယ်။

"စိတ်ပါကိုယ်ပါနဲ့ ဝင်ချင်တဲ့သူရှိရင် ကြိုဆိုတယ်ပေါ့။ တကယ်လို့ အဲလိုမှမရှိဘူးဆိုရင် မဲစနစ်နဲ့ မဲနှိုက်ပြီးတော့ မဲကျတဲ့သူကဝင်ရမယ်"

 
အရင်က ဒီလိုစစ်သင်တန်းတွေကို သီတင်းတစ်ပတ်ကြာ သင်ကြားပေးလေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ တစ်ရက်တည်းနဲ့ လက်နက်အဖြုတ်အတပ်လို သင်တန်းပေးပြီး အမ် ၁၂ ကျည်နဲ့ပစ်ခတ်ရတဲ့ ပြောင်းချောသေနတ်တွေ  ပြည်သူ့စစ် သင်တန်းတက်ခဲ့ သူတချို့ကို ပေးထားတယ်လို့   ကျွန်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်နယ် ၅ ရဲ့ တွဲဖက်တာဝန်ခံက RFA ကိုပြောပါတယ်။
 
“စပြီးလုပ်တုန်းကတော့ သင်တန်းတွေကို ခုနစ်ရက် သင်တန်း၊ ဆယ်ရက်သင်တန်းပေးတာ ရှိတယ်။ အဲတုန်းကတော့ တော်တော်များများ အခြေခံလေးတွေသင်ပေးတဲ့ သဘောရှိပါတယ်။ အခုနောက်ပိုင်းပေးတဲ့ သင်တန်းတွေက အရင်ကလိုမျိုး မဟုတ်တော့ဘူးဗျ။ သူတို့လည်း သင်တန်းပေးနေတဲ့အချိန်မှာ လာတိုက်ခံရမှာ ကြောက်လို့လားတော့ မသိဘူး။ တစ်ရက်တည်းနဲ့ လက်နက်အဖြုတ်အတပ်လောက်သင်တန်းပေးပြီးတော့မှ ကာဘိုင် သေနတ်တွေပေးထားတယ်။ သူတို့ပြောတဲ့ ပြောင်းချောလို့ပြောတဲ့ ရှော့ဂန်းကျဉ် ကျနော်တို့ အမ် ၁၂ ကျည် ထည့်ပစ်ရတဲ့ သေနတ်တွေပေးထားတယ်“
 
ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ကိုပဲ အဓိကထား တိုက်ခိုက်နေတာကြောင့် ကျေးရွာဒေသခံ အချင်းချင်း တိုက်ခိုက်မှုတွေ မလုပ်ချင်ဘူးလို့ သူကပြောပါတယ်။
 
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ ဒေသခံတွေကို သီးခြားခေါ်ပြီး သင်တန်းတက်ခိုင်းတာ မရှိသလို ကျေးရွာဒေသခံတွေက သူတို့ရဲ့လုံခြုံရေးအရ အကူအညီတောင်းလာရင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေက သင်တန်းပေးတဲ့ အခြေအနေရှိတယ်လို့ RFA ကိုပြောပါတယ်။
ကန့်ဘလူမြို့နယ်၊ ရွက်ကြမ်းအုပ်စု၊ မြကန်သာကျေးရွာတွင် ပြည်သူ့စစ်သင်တန်းဆင်းပွဲ ကျင်းပနေသည်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar National Post)
ကန့်ဘလူမြို့နယ်၊ ရွက်ကြမ်းအုပ်စု၊ မြကန်သာကျေးရွာတွင် ပြည်သူ့စစ်သင်တန်းဆင်းပွဲ ကျင်းပနေသည်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar National Post)
 
“သီးခြားခေါ်တာမရှိဘူးဗျ။ ဘယ်လောက်ဘာညာမခေါ်ဘူး။ သူတို့ဆန္ဒအရ သူတို့ကျေးရွာ၊ ရပ်ကွက်၊ သူတို့နေရာမှာ ဒါတွေလုပ်ချင်တယ်ဆိုလို့ရှိရင် ဖြစ်အောင်လုပ်ပေးတာပဲရှိတယ်။ သင်တန်းတွေဘာတွေကတော့ လုံခြုံရေးနဲ့ဆိုင်တဲ့ ရဲတို့၊ တပ်တို့ကပေးမှာပေါ့။ ကျွန်းလှ၊ ကန့်ဘလူမှမဟုတ်ဘူး နေရာတိုင်းမှာ ကိုယ့်ဒေသကာကွယ်ရေး၊ လုံခြုံရေးအတွက် လုပ်နေကြတယ်လေ”
 
စစ်ကောင်စီကပေးတဲ့ စစ်သင်တန်းတွေကို ကျွန်းလှမြို့အနောက်ဖက်နဲ့ သဖန်းဆိပ်ဆည်ကြားက ကျေးရွာအုပ်စုတွေဖြစ်တဲ့ လယ်လှ၊ တင်းတိန်ရံ၊ ကြည့်ကုန်၊ မန်ကျည်းအင်း၊ ရွာသီ စတဲ့ကျေးရွာအုပ်စုက ရွာ ၁၀ ရွာနီးပါးက ဒေသခံတွေ တက်ခဲ့ရတယ်လို့ ကျွန်းလှဒေသခံတွေက ပြောပါတယ်။
 
ကျွန်းလှမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကတော့ ကျွန်းလှမြို့နဲ့ ငါးမိုင်ပတ်လည် ဝန်းကျင်အနီးက ကျေးရွာတွေကို ပျူစောထီးစစ်သင်တန်းပေးနေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေထဲမှာတော့ လုပ်နိုင်တဲ့အခြေ အနေမှာမရှိဘူးလို့ ပြောပါတယ်။
 
“မြို့နဲ့အနီးဆုံးလေးမိုင်၊ ငါးမိုင်ပတ်လည်က ကျေးရွာအုပ်စုတွေလောက်ပဲ ဒီသင်တန်းတွေကို မဲတွေနှိုက်၊ မဖြစ်မနေဆိုတဲ့ ဟာမျိုးတွေလုပ်နေတာပါ။ ကျန်တဲ့နယ်မြေတွေအကုန်လုံးကို ခြုံပြီးကြည့်မယ်ဆိုရင် ငါးပုံမှာလေးပုံကတော့ စိုးမိုးထားတဲ့ နယ်မြေတွေလို့ ကျနော်တို့က ပြောလို့ရတာပေါ့။ ဒီကိစ္စကို အောင်မြင်ဖို့ရာ မမြင်ပါဘူး။ နယ်မြေအနေအထားအရ ကြည့်မယ်ဆိုလည်း သူတို့ကိုင်တွယ်နိုင်တဲ့ ကျေးရွာအုပ်စုဆိုတာလည်း လက်တစ်ဖက်စာပဲရှိမှာပါ”
 
စစ်ကောင်စီက နယ်မြေအေးချမ်းတည်ငြိမ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပျူစောထီးလို့ လူသိများတဲ့ ပြည်သူ့စစ်တွေ ဖွဲ့စည်းဖို့ ၂၀၂၂ ခုနှစ်ကတည်းက ပြင်ဆင်ခဲ့တာပါ။
 
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူတွေပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်တစ်ခုကို တိုးမြှင့်ဆောင်ရွက်မယ်လို့ပြောခဲ့ပါတယ်။
 
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ အင်အားသုံး ချေမှုန်းနေတာကြောင့် နှစ်ဖက်တိုက်ခိုက်မှု ဆက်လက်ပြင်းထန် နေဆဲဖြစ်ပါတယ်။
ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။