စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ KIO တိုက်တွန်း
2023.01.02

ဒီ ၂ဝ၂၃ ခုနှစ်အတွင်း စစ်ကောင်စီက ကျင်းပဖို့လုပ်နေတဲ့ ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆော်ဩလိုက်ပါတယ်။
နိုင်ငံရေးသမားတွေအနေနဲ့ ကိုယ်ကျိုးစီးပွားကို ဦးစားမပေးဘဲ အမှန်တရားဘက်က ရပ်တည်ကြဖို့လိုတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ဘာသာစကားနဲ့ ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
"စစ်ကောင်စီရွေးကောက်ပွဲဟာ အာဏာရှင်သက်ဆိုးရှည်ဖို့ လုပ်ဆောင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်။ လူသတ်အကြမ်းဖက် အာဏာသိမ်း စစ်တပ်အတွက် ရွေးကောက်ပွဲဟာ လုံးဝလုပ်ပိုင်ခွင့်မရှိပါဘူး။ ရွေးကောက်ပွဲမှာ ပါဝင်မယ့်သူတွေဟာလည်း စစ်ကောင်စီရဲ့ အလိုတူ ကြံရာပါတွေသာ ဖြစ်နိုင်ပါတယ်။ ဒီရွေးကောက်ပွဲမှာ မိတ်ဆွေ။ ရန်သူ ကြားနေဆိုပြီး ကွဲကွဲပြားပြားသိရပါလိမ့်မယ် "
ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ၁၃ မိနစ်ကျော်ကြာမိန့်ခွန်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုချက်တွေလည်း ပါပါတယ်။ အာဏာသိမ်းစစ်တပ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ရမယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။
"စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ရန်သူဖြစ်ရုံတင်မဟုတ်ဘဲ ပြည်သူလူထုအားလုံးရဲ့ ဘုံရန်သူဖြစ်တယ်ဆိုတာကိုလည်း လက်ခံ သဘောပေါက်ဖို့ လိုပါတယ်။ စစ်ကိုစစ်လို တိုက်ထုတ်ရပါမယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တိုက်ခိုက်တွန်းလှန်မှုကို ခံနိုင်တဲ့ စစ်တပ်၊ ခံနိုင်တဲ့ အစိုးရဆိုတာမရှိပါဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရတဲ့ နိုင်ငံကို တည်ထောင်ဖို့ အခုအချိန်ဟာ အကောင်းဆုံးအချိန်ဖြစ်ပါတယ်"
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ဒီ ၂ဝ၂၃ ခုနှစ်ကို ရွေးကောက်ပွဲကျင်းပမယ့်နှစ်အဖြစ် သတ်မှတ်ထားပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေဖို့ တိုင်းရင်းသားဒေသတွေ အပါအဝင် တစ်နိုင်ငံလုံးနေရာအနှံ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်လျှက်ရှိပါတယ်။ တိုင်းပြည်ကို မူလအတိုင်းအေးချမ်းဖို့ ဆောင်ရွက်နေပါတယ်"
စစ်ကောင်စီနဲ့ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို လက်မခံဘူးလို့ တရားဝင် ထုတ်ပြန်ပြောဆိုထားပါတယ်။ KNU အနေနဲ့ ဒီမိုကရေစီစနစ်ကိုလက်ခံပေမဲ့ အာဏာရှင် တရားဝင်ဖြစ်မှာကို လက်မခံဘူးလို့ ကြေညာချက်ထုတ်ပြန်ပြောဆိုထားပါတယ်။
၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပြည်သူလူထုက တစ်ခဲနက်ရွေးချယ်တင်မြောက်လိုက်တဲ့ အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲနောက်တစ်ကြိမ် ပြန်ကျင်းပမယ့် လုပ်ရပ်ကို နိုင်ငံတကာကလည်း ဝေဖန်ထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ဟန်ပြရွေးကောက်ပွဲဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ထုတ်ဖော်ပြောဆိုထားပါတယ်။
အဲဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေမှာဖြစ်ပြီး အကြမ်းဖက်မှုတွေပဲ ပိုတိုးလာမယ်လို့ အမေရိကန်က သတိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ထည့်သွင်းပြောပါတယ်။
"အကြမ်းဖက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ သူတို့ရဲ့ အာဏာသက်ဆိုးရှည်ရေး၊ ရင်ဆိုင်နေရတဲ့ စစ်ရေး နိုင်ငံရေး အကျပ်အတည်းတွေကို လျှော့ချအောင်လုပ်ချင်တဲ့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးချင်တဲ့ နိုင်ငံရေးထောင်ချောက်ပဲဖြစ်တယ်။ စစ်အုပ်စုက ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရမယ်"
အမျိုးသားညီညွတ်ရေးအစိုးရ NUG က အခုလာမယ့် ၂ဝ၂၃ ခုနှစ်မှာ တော်လှန်ရေးအဆုံးအဖြတ် ရယူမယ်လို့ ပြောထားပါတယ်။
စစ်ကောင်စီဘက်က ၂ဝ၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ လုပ်နေတာကြောင့် ၂ဝ၂၃ ခုနှစ်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေကသတိပေးနေကြပါတယ်။