၂၀၂၅ မှာ ရွေးကောက်ပွဲ ကျင်းပလိမ့်မယ်လို့ နိုင်ငံရေးပါတီတွေ မျှော်လင့်နေ

RFA Burmese
2025.02.05
၂၀၂၅ မှာ ရွေးကောက်ပွဲ ကျင်းပလိမ့်မယ်လို့ နိုင်ငံရေးပါတီတွေ မျှော်လင့်နေ မဲစာရင်းတွင် ပါဝင်ရမည့် လူဦးရေစာရင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပစဉ်။
MOI Photo

စစ်ကောင်စီက သက်တမ်းခြောက်လ ထပ်တိုးလိုက်တဲ့အတွက် ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပမဲ့ အလားအလာနည်းသွားပြီလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေကတော့ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပပေးလိမ့်မယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။

"ဒီဇင်ဘာ ၃၁ ရက်နေ့ ကျော်သွားပြီဆိုရင်တော့ဟာ ရွေးကောက်ပွဲ ၂၀၂၅ လုပ်မယ်ဆိုတာ ပျက်သွားပြီလို့ ခန့်မှန်းလို့ရတယ်”

အခုထပ်တိုးတဲ့ခြောက်လသက်တမ်းဟာ ဇူလိုင် ၃၁ မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ဩဂုတ်လ ၁ ရက်နေ့ ကစပြီး ရွေးကောက်ပွဲအတွက် လုပ်ငန်းစဉ်တွေစရင်လည်း ၂၀၂၅ မှာလုပ်မဲ့ ရွေးကောက်ပွဲ သတ်မှတ်ချက် ပျက်မသွားနိုင်ဘူးလို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။

“၂၀၂၅ မှာ သူ့ရဲ့ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ဥစ္စာနဲ့ အခု အာဏာခြောက်လယူတာနဲ့ တခြားစီပဲလေ။ မဟုတ်ဘူးလား။ ပုံမှန်လည်း ရွေးကောက်ပွဲလုပ်နေကြတာ နိုဝင်ဘာဆိုတဲ့အခါကျတော့နော်။ အဲ တကယ်လို့ သူအာဏာယူတာ နိုဝင်ဘာကျော်သွားပြီဆိုပါစို့။ ဒီဇင်ဘာ ၃၁ ရက်နေ့ ကျော်သွားပြီဆိုရင်တော့ဟာ ရွေးကောက်ပွဲ ၂၀၂၅ လုပ်မယ်ဆိုတာ ပျက်သွားပြီလို့ ခန့်မှန်းလို့ရတယ်”

စစ်ခေါင်းဆောင် နောက်ထပ်ခြောက်လ သက်တမ်းထပ်တိုးတာဟာ သူဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ အခြားလုပ်ငန်းတွေကို အပြီးသတ်စေချင်တာကြောင့် ဖြစ်မယ်လို့လည်း ဒေါက်တာ အေးမောင်က ယူဆပါတယ်။


ဆက်နွှယ်သော သတင်းများ

မဲရုံတွေအလိုက် မဲစာရင်းပြုစုရေး စစ်ကောင်စီ စတင်ပြင်ဆင်

ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ရပ်ပြီး ဆွေးနွေးပွဲစတင်ဖို့ စစ်ကောင်စီကို အာဆီယံတိုက်တွန်း

စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို လက်မခံဖို့ NUG အပါအဝင် အဖွဲ့အစည်းငါးခု ပူးတွဲထုတ်ပြန်


နိုင်ငံရေးပါတီတွေအနေနဲ့ လောလောဆယ်အထိ ရွေးကောက်ပွဲကော်မရှင်နဲ့ပဲ တွေ့နေရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပပေးဖို့ စစ်ကောင်စီကို တိုက်ရိုက်တိုက်တွန်းချင်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာမျိုးဆက်သွေးက ပြောပါတယ်။

“ပါတီအားလုံးကတော့ ရွေးကောက်ပွဲလုပ်ဖို့ အားလုံးနီးပါးပဲ ဆိုပါစို့ပေါ့ဗျာ။ နည်းမျိုးစုံနဲ့ တိုက်တွန်းနေတယ်။ တွန်းအားပေးနေတာပေါ့။ အခု ကျွန်တော်ပြောတာက UEC ထက်ကျော်လွန်ပြီး နစက ဥက္ကဋ္ဌကို သော်လည်းကောင်း၊ နစကကို သော်လည်းကောင်း၊ တိုက်ရိုက်တိုက်တွန်းဖို့ တွန်းအားပေးဖို့ကိုပြောတာ”

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေ အများကြီးရှိပေမဲ့ ရွေးကောက်ပွဲနည်းလမ်းကပဲ အထိအခိုက်အနည်းဆုံး နည်းလမ်းဖြစ်နိုင်တယ်လို့ ဒေါက်တာမျိုးဆက်သွေးက ပြောပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း အခု ၂၀၂၅ ခုနှစ် အတွင်းမှာပဲ ရွေးကောက်ပွဲဖြစ်လာမယ်ဆိုတာ ယုံကြည်တယ်လို့ ပါတီပြောခွင့်ရ ဦးလှသိန်းက RFA ကို ပြောပါတယ်။

“အဲဒီကျင်းပတဲ့အချိန်မှာဖြစ်နေတဲ့ တိုင်းပြည်ရဲ့ Situation (အခြေအနေ) နဲ့ မူတည်ပါတယ်။ အဲဒီ အချိန်မှာ တော်တော်များများဟာ အားလုံးအဆင်ပြေနေမယ်ဆိုရင်တော့ သိပ်မကြာဘူးပေါ့နော်။ အိန္ဒိယလည်း ဒီအတိုင်းပါပဲ။ သူတို့လည်း အပိုင်းလိုက် ကျင်းပတာပါပဲ။ တချို့နိုင်ငံတွေလည်း ဘာလို့လဲဆိုတော့ ပြည်နယ်ကျယ်ပြန့်တဲ့ အခါမျိုးကျရင် အနေအထားပေါ်မူတည်ပြီး ကျင်းပရတဲ့ဟာမျိုး ရှိပါတယ်”

စစ်ကောင်စီဟာ အခုနှစ် ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲပြုလုပ်ပေးမယ်လို့ ပြောနေပေမဲ့ နေ့ရက်နဲ့ ရွေးကောက်ပွဲစနစ်ကို တိတိကျကျကြေညာတာ မရှိသေးပါဘူး။ ဒါပေမဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေအရ နိုင်သူအကုန်ယူစနစ်နဲ့ မဟုတ်ဘဲ Proportional representation (PR) ဆိုတဲ့ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးပါတီတွေက မျှော်လင့်နေကြပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အထဲက ၁၆၁ မြို့နယ်မှာပဲ ရွေးကောက်ပွဲ ပြုလုပ်နိုင်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ ကော်မရှင်ဥက္ကဋ္ဌက ပြောတယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကတစ်ဆင့် သိရပါတယ်။ ဒီပြောဆိုချက်အရဆိုရင် စစ်ကောင်စီ ထိန်းချုပ်နိုင်တဲ့နယ်မြေဟာ တစ်နိုင်ငံလုံးမှာ တစ်ဝက်ပဲရှိတော့တယ်လို့ ယူဆနိုင်ပါတယ်။

စစ်ကောင်စီ အခုထပ်ပြီး သက်တမ်းတိုးနေတာဟာ နယ်မြေဆုံးရှုံးနေတာကို ဝန်ခံရာရောက်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ ဒါကြောင့် အာဏာသုံးရပ်ကို တစ်ယောက်တည်း ချုပ်ကိုင်ထားချင်တဲ့ စစ်ခေါင်းဆောင်ဟာ ကာလုံသက်တမ်းတိုးပြီး ဆက်လုပ်နေလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“ကာလုံသက်တမ်းတိုးပြီး အုပ်ချုပ်တာ တစ်နည်းအားဖြင့် ပြောရလို့ရှိရင်တော့ အာဏာသုံးရပ်ကို တစ်ယောက်တည်းကနော်၊ ကြိုက်သလို ထင်သလိုနော်၊ ချုပ်ကိုင်အမိန့်ပေးပြီးတော့ သူ့အမိန့်တွေကို ဥပဒေလုပ်ပြီးတော့ အုပ်ချုပ်နေတဲ့စနစ်ဟာ သူမပြုတ်ကျမချင်း ဆက်ပြီးတော့ ကာလုံဆိုတဲ့ အမည်နာမနဲ့ ဆက်တိုးချဲ့သွားမှာပါ”

၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံရေးပါတီများအား အီလက်ထရွန်နစ်မဲပေးစက်အကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး ရှင်းလင်းနေစဉ်။ (AFP Photo)
၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံရေးပါတီများအား အီလက်ထရွန်နစ်မဲပေးစက်အကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး ရှင်းလင်းနေစဉ်။ (AFP Photo)

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲပြုလုပ်ပြီး နိုင်ငံတကာလေ့လာသူတွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက တရုတ်ခရီးစဉ်မှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်က ထိုင်းအစိုးရ ဦးဆောင်ပြုလုပ်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ ရွေးကောက်ပွဲမှာ ပြည်ပလေ့လာသူတွေ ဖိတ်ခေါ်မဲ့အကြောင်းနဲ့ ရွေးကောက်ပွဲအစီအစဉ်တွေကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးက ရှင်းပြခဲ့ပါတယ်။ ရွေးကောက်ပွဲကို ရုရှနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကူညီမယ်လို့ အဆိုပြုထားပါတယ်။

စစ်ခေါင်းဆောင်ကလည်း ဖေဖော်ဝါရီ ၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သူ့ရဲ့အစိုးရအဖွဲ့သစ်နဲ့ ပြုလုပ်တဲ့အစည်းအဝေးမှာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ လိုအပ်တာတွေ ပြင်ဆင်ထားကြဖို့နဲ့ လွှတ်တော်သုံးရပ်အတွက် ရွေးကောက်တင်မြှောက်တာတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောလိုက်ပါတယ်။ ဘယ်နေ့ ဘယ်ရက်မှာ ရွေးကောက်ပွဲပြုလုပ်မယ်ဆိုတာကိုတော့ တိတိကျကျပြောတာ မရှိပါဘူး။

ဒါပေမဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေး လုပ်နိုင်ဖို့အတွက် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး ရှိဖို့လိုအပ်မယ်လို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။