ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ရပ်ပြီး ဆွေးနွေးပွဲစတင်ဖို့ စစ်ကောင်စီကို အာဆီယံတိုက်တွန်း

RFA Burmese
2025.01.19
ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ရပ်ပြီး ဆွေးနွေးပွဲစတင်ဖို့ စစ်ကောင်စီကို အာဆီယံတိုက်တွန်း ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံဆွေးနွေးပွဲ မြင်ကွင်းတစ်ခု။
Photo: Reuters

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီကို ဇန်နဝါရီလ ၁၉ ရက်နေ့ တိုက်တွန်းပြောဆိုလိုက်တယ်လို့ ရိုက်တာစ်သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် လူသားချင်းစာနာမှု အကူအညီပေးခွင့်တွေ ဖွင့်ပေးဖို့ကိုလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ပြောလိုက်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောပါတယ်။

မလေးရှားနိုင်ငံ လန်ကာဝီကျွန်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ မြန်မာနိုင်ငံမှာ အရပ်သားတွေ၊ အရပ်ဘက်အဆောက်အအုံတွေ အကြမ်းဖက်တိုက်ခိုက်ခံနေရတာကို ပြစ်တင်ရှုတ်ချတယ်လို့လည်း အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် စိတ်ရှည်သည်းခံဖို့၊ အကြမ်းဖက်မှုတွေရပ်ဖို့၊ အရပ်သားတွေကို ကာကွယ်ပေးဖို့ အဖွဲ့အားလုံးကို တိုက်တွန်းတယ်လို့လည်း ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံဟာ ၂၀၂၅ အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွက် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း အိုသ်မန် ဟာရှင်ကို ခန့်အပ်တာဝန်ပေးအပ်တယ်လို့လည်း ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အထူးကိုယ်စားလှယ် အိုသ်မန်ဟာ မကြာခင်မှာ မြန်မာပြည်သွားလိမ့်မယ်လို့ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက ချမှတ်ထားပြီး အကောင်အထည်မဖော်နိုင်သေးတဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကိုဖော်ဆောင်နိုင်ဖို့၊ အထူးကိုယ်စားလှယ် အိုသ်မန်အနေနဲ့ ဘက်အားလုံးကလူတွေနဲ့ ဆက်ဆံရမဲ့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။