ကသာ တုပ်ကြီးရွာမှာ အရပ်သား ခုနစ်ဦး သတ်ဖြတ်ခံရ
2023.09.19

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်၊ တုပ်ကြီးရွာမှာ စက်တင်ဘာ ၁၇ ရက်နေ့က အရပ်သား ခုနစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ရာမှာ အဲဒီလူတွေထဲက လေးဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့က ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးကနေ ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ခြောက်စီးကို တုပ်ကြီးရွာမရောက်ခင်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီသင်္ဘောတွေ မှာ စစ်အင်အား နှစ်ရာကျော်လိုက်ပါလာပြီး ကချင်ပြည်နယ်က စစ်ကောင်စီ တပ်ဖွဲ့တွေအတွက် စစ်ကူနဲ့ လက်နက်၊ ရိက္ခာတွေ သွားပို့တာလို့ ဆိုပါတယ်။
နာရီပိုင်းအကြာမှာပဲ စစ်သင်္ဘောတွေ ကမ်းကပ်ပြီး၊ စစ်ကောင်စီတပ်သားတွေက တုပ်ကြီးရွာထဲ ပစ်ခတ်ဝင်ရောက်လာခဲ့ပါတယ်။ ရွာသားတချို့ကို တွေ့တဲ့နေရာမှာ ချက်ချင်းပစ်သတ်ခဲ့ပြီး တချို့ကိုတော့ ဖမ်းဆီးနှိပ်စက်ပြီးမှ သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"တုပ်ကြီးရွာနား ရောက်တဲ့အချိန်ကျတော့ ရွာထဲဆင်းပြီး အိမ်တွေ မီးရှို့တယ်။ ရွာထဲမှာကျန်နေခဲ့တဲ့ လူတချို့ တစ်ဝက်ကို သတ်တယ်"
သူတို့ကောက်ယူထားတဲ့ စာရင်းအရ စက်တင်ဘာ ၁၇ ရက် တစ်ရက်တည်းမှာ အသတ်ခံရသူ ခုနစ်ဦးရှိပြီး လေးဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ထားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"တောက်လျှောက် ပစ်ခတ်ပြီး တက်လာတာပေါ့။ တုပ်ကြီးရွာနား ရောက်တဲ့အချိန် ကျတော့ ရွာထဲဆင်းပြီး အိမ်တွေ မီးရှို့တယ်။ ရွာထဲမှာ ကျန်နေခဲ့တဲ့ လူတချို့ တစ်ဝက်ကို သတ်တယ်။ သတ်သွားတာကတော့ ခုနစ်ယောက်ပေါ့နော်၊ ခုနစ်ယောက် သတ်သွားတယ်။ လေးယောက်ကတော့ အလောင်းတွေ တွေ့တယ်။ ကျန်တဲ့ သုံးယောက်ကတော့ တချို့နေရာမှာ သတ်ထားတဲ့ လက္ခဏာတွေ တွေ့တာပေါ့နော်၊ ရေထဲပစ်ချသလားတော့ မသိဘူး။ ဒါပေမဲ့ စာရင်းအရတော့ လူက ခုနစ်ယောက်ပေါ့။ နှစ်ယောက်ကက သေနတ်နဲ့ ပစ်သတ်ထားတယ်။ တစ်ယောက်က ညာဘက်ရင်အုံ အထက်၊ တစ်ယောက်ကတော့ ခေါင်းကနေပြီး မေးစေ့ပွင့်သွားတယ်။ နှစ်လောင်းက တော့ အသက်ရှင်လျက် မီးရှို့ပြီး သတ်ထားတယ်"
အသတ်ခံရသူတွေထဲက ရုပ်အလောင်းပြန်ရထားသူတွေကတော့ ကသာမြို့နယ် သံပုရာကုန်းရွာက အသက် (၃၀) အရွယ် ဦးရဲမောင်နဲ့ အသက် (၃၈)နှစ်အရွယ် ဦးညဏ်ထွန်း၊ တုပ်ကြီးရွာက အသက် (၄၁) နှစ်အရွယ် ဦးအောင်လင်းနဲ့ အသက် (၄၃) နှစ်အရွယ် ဦးခင်မောင်ဌေးတို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။ အသတ်ခံရပြီးမှ ပျောက်ဆုံးနေသူတွေကတော့ တုပ်ကြီးရွာက အသက် (၂၃) နှစ်အရွယ် ကိုအောင်သန်း၊ အသက် (၂၂) နှစ်အရွယ် ကိုချဲနဲ့ အသက် (၂၁) အရွယ် ကိုဘိုဘိုထွန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တုပ်ကြီးရွာမှာ အိမ်ခြေ နှစ်ရာဝန်းကျင်ရှိပြီး စစ်ကြောင်းဝင်လာချိန်မှာ တချို့က ထွက်ပြေးလွတ်မြောက်သွားပေမယ့် အခု အသတ်ခံရသူတွေက ရုတ်တရက် မပြေးနိုင်ဘဲ ကျန်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းသယံဇာတ ဝန်ကြီး ဦးတင်သန်းဝင်းကို ဆက်သွယ်မေးမြန်းရာမှာ စစ်ရေး၊ လုံခြုံရေးကိစ္စတွေကို သူမသိဘူးလို့ ပြောပါတယ်။
စစ်တပ်သတင်းတွေကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ကသာမြို့နယ်ကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ PDF အလောင်း ခြောက်လောင်း တွေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။
ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ အခု အသတ်ခံရသူတွေဟာ အရပ်သားတွေဖြစ်ပြိး စစ်သင်္ဘောတွေကို သူတို့အဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် ရွာထဲဝင်ပြီး မဆိုင်တဲ့အရပ်သားတွေကို သတ်ဖြတ်သွားတာလို့ ပြောပါတယ်။
"ဖြစ်စဉ်ကတော့ မန္တလေးကနေ ဗန်းမော်ကိုတက်လာတဲ့ သင်္ဘောခြောက်စီးက ကသာကနေ မနက် ထွက်လာပြီးတော့ တုပ်ကြီးရွာကို သံပရာကုန်းရွာဟောင်းနား ရောက်လာတာ၊ အဲဒီမှာ ကျွန်တော်တို့ ကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်တာပေါ့။ အဲဒီမှာ သူတို့ သင်္ဘောတစ်စီး တော်တော်လေးထိသွားတော့ သံပုရာကုန်း ရွာဟောင်းဘက်ကို သူတို့ကပ်ပြီးတော့မှ တုပ်ကြီးရွာကို တက်လာပြီးတော့ တွေ့တဲ့ ပြည်သူတွေကို ပစ်သတ်၊ ဖမ်းဆီး၊ နေအိမ်တွေကို မီးရှို့ ဒါမျိုး လုပ်သွားတာပါ"
စုစုပေါင်း မီးရှို့ခံရတဲ့ နေအိမ် ၄၅ လုံးရှိတယ်လို့ သူက ပြောပါတယ်။ စစ်သင်္ဘောတွေဟာ မန္တလေးကနေ စက်တင်ဘာ ၁၀ ရက်နေ့က စတင်ထွက်ခွာလာတာဖြစ်ပြီး ကချင်ပြည်နယ် ဗန်းမော်မြို့ကတစ်ဆင့် လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာဘက်ကို အင်အားဖြည့်ဖို့ တက်လာတာလို့ ဆိုပါတယ်။
အပြစ်မဲ့ အရပ်သားတွေကို ဒီလိုသတ်ဖြတ်တာဟာ စစ်အာဏာရှင် တော်လှန်ရေးကို ပြည်သူလူထု မထောက်ခံဘဲ ကြောက်ရွံ့သွားအောင် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်နေတာလို့ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။
"စကစကတော့ ကျွန်တော်တို့ ပြောနေကျစကားလိုပဲ ကြွက်မနိုင် ကျီ မီးနဲ့ရှို့ပေါ့နော်။ ကသာဖြစ်စဉ်မှ မဟုတ်ဘူး၊ မြန်မာနိုင်ငံအနံ့မှာ ဖြစ်စဉ်က ဒီတိုင်းပါပဲ။ သူတို့ဘက်က အထိနာပြီဆိုရင် ရွာကိုမဲပြီးမှ သူတို့ကို အန္တရာယ်မပြုနိုင်တဲ့လူတွေကို အကြမ်းဖက်မယ်။ အဲလိုနည်းနဲ့ပဲ တော်လှန်ရေးမှာ ထောက်ပံ့နေတဲ့သူတွေ ကြောက်သွားမလားဆိုပြီးတော့ လုပ်တာပေါ့လေ။ ဒီလိုပုံစံမျိုးကို သူတို့က လက်နက်တစ်ခုလို လုပ်နေတာပေါ့။ နည်းဗျူဟာတစ်ခုလို လုပ်နေတာပေါ့။ ဒါကတော့ ရန်သူနဲ့ တိုက်ခိုက်တဲ့အခါမှာ စစ်ဗျူဟာအရ တိုက်ခိုက်တာမဟုတ်ဘဲနဲ့ အရပ်သား ပစ်မှတ်တွေကို ဗျူဟာကျကျ လုပ်နေတဲ့ပုံစံမျိုးက သူတို့ ကျဆုံးဖို့ပဲလို့ မြင်တာပေါ့နော်။ အင်မတန် အောက်တန်း ကျတဲ့ လုပ်ရပ်လို့ ဒီလိုပဲ ပြောချင်တယ်"
ဇူလိုင်လ ၂၈ ရက်နေ့ကလည်း မန္တလေးကနေ ဗန်းမော်ဘက်ကိုတက်လာတဲ့ စစ်သင်္ဘော ကိုးစီးကို လုံခြုံရေးယူ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကသာမြို့နယ် အင်းဒရန့်ရွာသား အမျိုးသား ငါးဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်မှာ ၂၀၂၃ ဇန်နဝါရီကနေ စက်တင်ဘာ ၁၈ ရက်နေ့အထိ ကိုးလနီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၃၂ ဦး ရှိနေပါပြီ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ စစ်တပ်အာဏာ သိမ်းထားတဲ့ နှစ်နှစ်ခွဲအတွင်း အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၄၄ ကြိမ် ရှိခဲ့ပြီး အရပ်သား ၁,၅၉၅ ဦး သေဆုံးခဲ့ကြောင်း ၂၀၂၃ ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန် ထားပါတယ်။