KIA ဌာနချုပ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေ
2023.07.05

ကေအိုင်အေ ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့နဲ့ ခြောက်မိုင်ခန့်ဝေးတဲ့ နမ်ဆန်ယန်ကျေးရွာဘက် မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ အကြား ဇူလိုင်လ ၂ ရက်နေ့ကစလို့ ဒီနေ့အထိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေ တယ်လို့ ဒေသခံတွေနဲ့ ကေအိုင်အေ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ပွဲကြောင့် နမ်ဆန်ယန်ရွာဘေးက မြစ်ကြီးနား - ဗန်းမော် ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ပိတ်ထားသလို အဲဒီကားလမ်းကနေ လိုင်ဇာမြို့ကိုသွားတဲ့ လမ်းပိုင်း ကိုတော့ ကေအိုင်အေ က သွားလာခွင့် ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က နမ်ဆန်ယန်ကျေးရွာဘက်ကို ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ဖို့ကြိုးစား လာတာလို့ လိုင်ဇာမြို့မှာ ခိုလှုံနေတဲ့ အမည်မဖော်လိုတဲ့ နမ်ဆန်ယန် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲစဖြစ်တာက တစ်လလောက်ရှိပြီ။ စစ်ကောင်စီတပ်တွေက နမ်ဆန်ယန်ကို ပြန်ထိုင်ချင်တာပေါ့ ။ အဲလို ဆိုတော့ စစ်ကောင်စီတပ်တွေ ရွာကို ဝင်လာမှာကြောက်လို့ KIA ဘက်ကလည်း ရွာနားမှာ စောင့်တာ တစ်လ လောက် ရှိပြီ။ ဒီနေ့ထိလည်း လက်နက်ကြီးသံတွေကြားနေရတယ်။ ရွာနားတွေမှာ လက်နက်ကြီးတွေ ကျတယ်။ စစ်ကောင်စီတပ်တွေ အင်အားများတယ်။ မနေ့ကလည်း ဗန်းမော်ဘက် ကနေ တက်လာ တယ်။ နမ်ဆန်ချောင်းရဲ့ တစ်ဖက်ကမ်းမှာလည်းအများကြီးရှိတယ်လို့ကြားတယ်။ စစ်ကောင်စီတပ်ပြန် ထိုင်ထားရင်တော့ ကျွန်တော်တို့လည်း အကုန်ပြန်ထွက်ပြေး သွားကြတော့မယ့် အခြေအနေ ဖြစ်နေတယ်။ သွားလုပ်ကိုင် စားသောက်ဖို့လည်း စစ်ကောင်စီတပ်ထိုင်ရင်တော့ မသွားရဲတော့ဘူး”
တိုက်ပွဲကြောင့် နမ်ဆန်ယန်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံ တစ်ထောင်ကျော်လည်း ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။
နမ်ဆန်ယန်ကျေးရွာဟာ ယခင်က စစ်ကောင်စီတပ် အခြေစိုက်ခဲ့တဲ့ ကျေးရွာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် မှာတော့ စစ်တပ်က ဆုတ်ခွာသွားခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA က အဲဒီရွာမှာ နေရာယူထားတာပါ။
“တိုက်ပွဲစဖြစ်တာက တစ်လလောက်ရှိပြီ။ စစ်ကောင်စီတပ်တွေက နမ်ဆန်ယန်ကို ပြန်ထိုင်ချင်တာပေါ့"
ဇွန်လ ၁၆ ရက်နေ့က နမ်ဆန်ယန်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအချို့ကို KIA က သိမ်းယူခဲ့ ပါတယ်။ အလားတူ ဇူလိုင် ၄ ရက် မနေ့ကလည်း ဗန်းမော်ဘက်က တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA က မိုင်းခွဲတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲကတော့ ဒီနေ့အထိ ပြင်းထန်နေဆဲပဲလို့ ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
“ဒီနေ့အခြေအနေကတော့ သတင်းထူးတွေတော့ မကြားရသေးပါဘူး။ ဒါပေမဲ့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တဲ့ အခြေအနေတွေဖြစ်ပါတယ်။ တိုက်ပွဲဘက်ကနေ ပြန်ကြည့်ရင်တော့ တင်းမာတဲ့အနေအထား ဖြစ်ပါတယ်။ အဲဒီ နမ်ဆန်ယန် ပတ်ဝန်းကျင်ကို သူတို့ ပြန်ထိန်းချုပ်ချင်လို့ ထိုးစစ်ဆင်လာတာလို့ သုံးသပ်တာပေါ့။ စစ်ရေးနဲ့ ပတ်သက်ပြီးတော့ ဗျူဟာကျတဲ့နေရာလည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆို တော့ မြစ်ကြီးနား-ဗန်းမော်ကား လမ်းရဲ့ ဒီခရီးတစ်ထောက်နေရာလည်းဖြစ်တယ်။ နောက် ကျွန်တော်တို့ လိုင်ဇာဘက်လည်း သွားလို့ရတဲ့လမ်းတွေ ရှိတာပေါ့နော်။ အဲဒါကြောင့် ဗျူဟာမြောက်တဲ့နေရာလို့လည်း ပြောလို့ရတယ်ပေါ့။ သူတို့ ဆက်ထိုးရင်တော့ တိုက်ပွဲကတော့ ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ သူတို့ ပြန်ရုပ်သွားရင်တော့ တိုက်ပွဲလည်း ဒီတိုင်းပဲ ပြန်ပြီး ငြိမ်သွားမှာဖြစ်ပါတယ်”
နမ်ဆန်ယန်ကျေးရွာဟာ လိုင်ဇာဌာနချုပ်နဲ့နီးပြီး စစ်ရေးအရ အချက်အချာကျတဲ့ နေရာဖြစ်တာကြောင့် ကေအိုင်အေ ဘက်ကလည်း အင်အားသုံး ကာကွယ်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။
နှစ်ဖက်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို ကချင် ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်ရာမှာတော့ အခု ကချင်ပြည်နယ်က တိုက်ပွဲတွေဟာ လွန်ခဲ့ရဲ့ ရက်ပိုင်းက တရုတ်ကိုယ်စားလှယ် ယာဉ်တန်းတွေကို KIA က ပစ်လိုက်တာကနေ စတင်လာတာလို့ ပြောပါတယ်။
“ဒီ ၂၀၂၁ နောက်ပိုင်းမှာ အထူးသဖြင့် အညာဒေသမှာဖြစ်တဲ့ကိစ္စရပ်တွေမှာ KIA ဘက်က လုံးဝ ထောက်ပံ့ပေးတာ တွေ ရှိတယ် ဒါက တစ်ပိုင်း ယူဆချက်တော့ရှိတယ်။ ဒါပေမဲ့ အဓိက လောလောဆယ်တော့ ဘာကိုပဲ သွားကြည့်ရမလဲဆိုတော့ မကြာသေးခင် ကပဲ မြန်မာနိုင်ငံမှာ နယ်စပ်ဒေသ ကိစ္စဆွေးနွေးဖို့အတွက် တရုတ်ဘက်က ကိုယ်စားလှယ်ထားတဲ့ ယာဉ်တန်းကို ပစ်လိုက်တဲ့ဟာ အဲဒါကပဲ အခု ပစ်ခဲ့တဲ့ကိစ္စရပ် တွေ ကို အစပျိုးသလိုဖြစ်သွားတာပေါ့။ ပြောရရင်တော့ ကေအိုင်အေ အနေနဲ့ အထက်အညာဒေသတွေမှာ တော်တော် လည်း နေရာယူပြီးမှ လုပ်ရှားနေတာတော့ တော်တော်ကြာပြီ။ ဒါက ဒီဘက်က ညှိနှိုင်းချင်ပေမယ့် နောက်ဆုံး ဒီတရုတ်ဘက်က ယာဉ်တန်းကို သွားပစ်လိုက်တဲ့အခါမှာတော့ အဲဒီကိစ္စက နောက်ဆုံး စစ်ရေးအရ ဖြေရှင်းတဲ့ အပိုင်းရောက်တယ်လို့ပဲ သုံးသပ်မိပါတယ်"
ကေအိုင်အို ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကတော့ သူတို့အနေနဲ့ တရုတ်ကိုယ်စားလှယ်ယာဉ်တန်းကို မပစ်ခတ် ခဲ့ဘူးလို့ ပြောပါတယ်။
တရုတ်ကိုယ်စားလှယ်တွေပါတဲ့ ယာဉ်တန်းဟာ ဇွန်လ ၂၆ ရက်နေ့က ကံပိုင်တည်-ဝိုင်းမော် လမ်းပိုင်းမှာ လက်နက်ကိုင်တစ်စုရဲ့ ပစ်ခတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
ကေအိုင်အေ ဌာချုပ်ကို ကာကွယ်ပေးနေတဲ့ KIA တပ်မဟာ (၅) လက်အောက် တပ်ရင်း (၃)နယ်မြေ ဝိုင်းမော် မြို့နယ် ဝိုင်းမော်-ကံပိုင်တည် သွားလမ်းပေါ်မှာလည်း စစ်ကောင်စီတပ်က ဇွန် ၂၅ ရက်နေ့က လေကြောင်းသုံး တိုက်ခိုက်တာတွေရှိခဲ့သလို ဇူလိုင်လ ၄ ရက် မနေ့ကလည်း ကေအိုင်အေ တပ်ရင်း (၃)ရဲ့ စခန်းငယ်တစ်ခုဖြစ်တဲ့ လဂတ်ကောင် စခန်းကို စစ်ကောင်စီက သိမ်းယူသွားတယ်လို့ ကေအိုင်အေ သတင်းရင်းမြစ်တွေက ပြောပါ တယ်။
စစ်ကောင်စီတပ်က နမ်ဆန်ယန်ကျေးရွာကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ကေအိုင်အေဌာနချုပ် လိုင်ဇာကို ထိန်းချုပ်ဖို့အတွက်ဖြစ်တယ်လို့ ကချင်နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
“ကျွန်တော့်ရဲ့အမြင်ကတော့ ဒီနမ်ဆန်ယန်ကတော့ KIA နဲ့ လူထုပေါ့ဗျ ဆက်သွယ်ရေးမှာ အခရာကျတဲ့ လမ်းဖြစ်ပါတယ်။ ဝင်ပေါက် ထွက်ပေါက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာကို ပိတ်ဆို့ချင်တာဖြစ်ပါတယ်။ နောက်တစ်ကြောင်းကတော့ ဒီဟာက တခြားအရေးကြီးတဲ့ စစ်ဌာနချုပ်တွေနဲ့လည်း နီးစပ်တယ်။ အထူးသဖြင့် CDM တွေ၊ PDF တွေ တခြား မြန်မာပြည်က လက်နက်ကိုင်အဖွဲ့အစည်းတွေ အကုန်လုံး အရေးကြီးတဲ့ နေရာ ဖြစ်တာကြောင့် အဲဒီမှာ ခိုလှုံနေတဲ့ အခြေအနေမျိုးလည်းဖြစ်တယ်။ ဒါကို ဖြိုခွဲချင်တဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီဟာတော့ သူတို့အနေ နဲ့လည်း ကြိုးစားပြီးတော့ ထိုင်လာမယ့် သဘောမျိုးဖြစ်ပါ တယ်။ အကြောင်းပြုပြီး ထိုးစစ်ဆင်တဲ့နေရာမှာ လိုင်ဇာကို ရယူချင်လို့ လိုင်ဇာဘက်ကိုလည်း ထိုးစစ်ဆင်တဲ့ သဘော ဖြစ်ပါတယ်”
လိုင်ဇာမြို့ဟာ တရုတ်နယ်စပ်လည်း ဖြစ်နေတာအပြင် ကေအိုင်အေ ကလည်း အခိုင်အမာ ကာကွယ်နေတဲ့ အတွက် လိုင်ဇာကိုထိုးစစ်ဆင်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နေတဲ့အတွက် ဒေသခံပြည်သူတွေ လုံခြုံရေးကို အထူးဂရုပြုဖို့နဲ့ မလိုအပ်ဘဲ ကားဆိုင်ကယ် တွေနဲ့ ခရီးမသွားဖို့ လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲပေါင်း (၁၁၂၅) ကြိမ် ဖြစ်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဖေဖော်ဝါရီလတုန်းက RFA ကို ပြောထားပါတယ်။