အမျိုးသမီးနဲ့ ကလေးအပါအဝင် ကိုးဦးအသတ်ခံခဲ့ရတဲ့ ခင်ဦးမြို့ အလယ်ရှိုရွာ
2023.01.17

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက အလယ်ရှိုရွာကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က နေ ၂၀၂၃ ခုနှစ်၊ ဇန်ဝါရီလ ၂ ရက်နေ့အထိ ခြောက်ရက်ကြာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး အသက်မပြည့်တဲ့ ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ကိုးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်မ-၃၃ လက်အောက်ခံ ရွှေဘိုလေ့ကျင်ရေးတပ် (၈) က အင်အား ၇၀ နီးပါးပါ စစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းအစောပိုင်း ရွာထဲဝင်ရောက်လာပြီး ဒေသခံတွေကို ဖမ်းဆီးခဲ့သလို နေအိမ် ၁၀၀ နီးပါးကိုလည်း မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
ရွာထဲဝင်စီးချိန် ပန်းပဲလုပ်ငန်းလုပ်ကိုင်တဲ့အိမ်က ၁၇ နှစ်အရွယ် ကိုးတန်းကျောင်းသား ကိုနေမျိုးအောင်၊ ၂၁ နှစ် အရွယ် ကိုဆန်းနိုင်နဲ့ ၃၅ နှစ်ရွယ် ကိုအောင်ကိုတို့ ညီအစ်ကိုသုံးဦး လည်း ဖမ်းဆီးခံရပြီး အသတ်ခံခဲ့ရပါတယ်။
သားသုံးယောက်ကို လက်ပြန်ကြိုးတုပ်ဖမ်းဆီးပြီး မျက်စိရှေ့မှာပဲ ညှဉ်းပန်းနှိပ်စက်ခဲ့ကြ တာလို့ မိခင်ဖြစ်သူ ဒေါ်အေးက RFA ကို ပြန်ပြောပြပါတယ်။
“တောင်ဘက်ကနေ တိတ်တိတ်ဝင်တာ ငါက အိမ်ထဲ ထမင်းချက် ရေနွေးအိုး တည်နေ တာ။ ရေနွေးအိုးတည် နေတုန်း အမေ၊ အမေ မောင်ဆန်းနိုင်တို့ ဖမ်းသွားပြီဆိုတော့ ဟင်ဆိုပြီး အိုးကြီးချပြီး တောက်လျှောက် လိုက်သွားတော့တာ။ အဲဒီနေ့ သားအကြီး ကောင်က အိပ်နေတာ။ သူ့လည်း ကုပ်ဆွဲပြီး ဖမ်းပြီးထည့်ရော။ အောင်ကိုက နောက်က နေ အတင်းတွန်းလိုက်တာလေ တွန်းလိုက်တော့ သူ့ရော တစ်ခါတည်း ဖမ်းရော။ ဖမ်းပြီး တော့ မှောက်ခိုင်းတာ ငါ့ရှေ့ပဲမှောက်တာ။ လက်ပြန်ကြိုးကြီးတုပ်ပြီးတော့ ဒီတိုင်းကြီး မှောက်ထားတာ။ အတင်းကန်တာ ငါက မကန်ပါနဲ့ မလုပ်ပါနဲ့ ငါ့သားတွေက ဘာမှ မလုပ်ပါဘူး။ ငါ့သားတွေက အတင်းငိုပြောတာ အတင်းပိတ်ရိုက်ကန်တာ။ သူတို့ ခြေထောက်ကြီးတွေနဲ့ အတင်းကန်တာ”
“သူတို့က သေနတ်တွေနဲ့ လိုက်ပစ်တာ။ ကျုပ်အော်မှပဲ သူတို့က သေနတ်တွေဖောက်တာ။ ကလေးတွေ တိတ်တိတ် ခေါ်ဖမ်းတာ"
ဖမ်းဆီးသွားပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာမှ သတ်ဖြတ်မီးရှို့ခံထားရတဲ့ သားသုံးယောက် ရဲ့ အလောင်းတွေကို ပြန်တွေ့ခဲ့ရတာလို့ ဒေါ်အေးက ဆိုပါတယ်။
ဒေါ်အေးရဲ့ အကြီးဆုံးသမီးကတော့ စစ်ကြောင်းဝင်လာပြီး ပစ်ခတ်ချိန်မှာပဲ အသက်လု ထွက်ပြေးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“သူတို့က သေနတ်တွေနဲ့ လိုက်ပစ်တာ။ ကျုပ်အော်မှပဲ သူတို့က သေနတ်တွေဖောက် တာ။ ကလေးတွေ တိတ်တိတ် ခေါ်ဖမ်းတာ။ အဲဒီကနေပြီးတော့ အဲဒီကနေခေါ်ပြေးမှ ရွာထဲကဟာတွေလည်း ပြေးကြတာပဲ။ အဲဒါသုံးယောက် အမေကတော့ ငါ့သားတွေ ပါသွားမှတော့ လိုက်သွားမယ်ဆိုပြီး လိုက်သွားတာ အမေက။ ဖမ်းခံရတဲ့အထဲ မပါဘူး။ ကျုပ်ကတော့ လွတ်အောင်ပြေးတာပဲ ဘာမှမဟုတ်ပါဘူး။ မောင်လေးကဆို ဖိနပ်ကို မပါဘူး။ ဟိုတစ်ယောက်က ခုံပေါ်တင် အိပ်တာဆိုတော့ ကုပ်ဆွဲပြီးခေါ်သွား။ တစ်ယောက်ကကျတော့ လက်လေးမြှောက်ထွက်သွားရတာ ဘယ်သွားမလို့တုန်းဆိုပြီး ကျုပ်တို့ မေးလည်းမရတော့ပါဘူး။ လှည့်ကိုမကြည့်ရဲတော့ဘူး သူတို့။ အတင်းနှိပ်စက် တယ်လို့ ပြောတာပဲ ကျုပ်တော့ မမြင်လိုက်ရပါဘူး”
အသတ်ခံခဲ့ရတဲ့ ဒေသခံကိုးဦးထဲမှာ အသက် ၁၇ နှစ်ကနေ ၆၅ နှစ်အထိပါဝင်ပြီး အမျိုးသားခုနစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအထဲက အသက် ၄၅ နှစ်အရွယ် ဒေါ်ဝင်းဌေးနဲ့ ၄၈ နှစ်အရွယ် ဒေါ်ချောပိုတို့ကို စစ်ကောင်စီတပ်သားတွေက လက်ပြန်ကြိုးတုပ်ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ အလယ်ရှိုရွာခံ ဒေါ်အေးက ပြောပါတယ်။
“ငါရယ် အဲဒီကောင်မလေး သေတဲ့နှစ်ယောက်ရယ် ငါ့ကို ဒီလိုအနောက်က မှောက်ခိုင်းတာ။ သူတို့ကို ဒီလို အရှေ့က မှောက်ခိုင်းတာ။ ငါက သူတို့ထတော့ ထလိုက်မလို့၊ ထမလိုက်နဲ့ဦးတဲ့ တစ်ခါတည်း သူတို့ ကို အရှေ့ ခေါ်သွားပြီးတော့ ရှေ့နားရောက်တော့ သေနတ်နှစ်ချက်သံကြားတယ်။ ဟောတော်ဆိုတော့ လေးလေး အသာနေတဲ့။ သေနတ်နှစ်ချက်သံကြားပြီး ခဏလေးနေတော့ ခင်ဗျားလည်းထတဲ့ အနောက် မပြန်ရဘူး အရှေ့ပြန်တဲ့။ ငါလည်း ငါ့အိမ်ကို အရှေ့ကနေပတ်ပြီး ငါ့အိမ်ထဲ ဝင်တာ။ ငါနဲ့လိုက်တဲ့ ဟိုနှစ်ယောက်ကတော့ အသတ်ခံရတာပဲ တစ်ခါတည်း ဝင်းဌေးနဲ့ ချောပို”
နေအိမ် ၁၀၀ နီးပါးအပြင် ဆိုင်ကယ်အစီးရေ ၃၀ ကျော်၊ လယ်ယာသုံးနဲ့ အိမ်မွေး ကျွဲ၊ နွား တိရစ္ဆာန် အကောင် ၃၀ ကျော်၊ ဝမ်းစာအတွက် စုဆောင်းထားတဲ့ စပါးတွေပါ မီးလောင် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။
ပြည်သူကနေ ပြည်သူကိုပြန်ကူညီတဲ့ စားနပ်ရိက္ခာနဲ့ ရပ်တည်နေရတဲ့ဘဝကို ဝမ်းနည်းမိ တယ်လို့ နေအိမ် မီးထဲပါသွားတဲ့ အလယ်ရှိုရွာခံ အဘွားအိုတစ်ဦးက RFA ကို ပြောပါတယ်။
“မရလိုက်ဘူး။ ကြောင်အိမ်ငါးလုံး ရေစဉ့်အိုး ငါးလုံး၊ အုတ်ကန်က သုံးလုံး။ စောင်၊ အနှီးစုတ်တောင် မရလိုက်ပါဘူး များများ။ စပါး ၂၀၀ လောက်။ ဝမ်းနည်းတယ် သား။ ဒီလို ဝေတာစားရမယ့်ဘဝ ရောက်သွားတာ”
နောက်ထပ် ရွာခံအမျိုးသမီးတစ်ဦးကလည်း စစ်ကြောင်းဝင်လာချိန် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရပြီး ပိုင်ဆိုင်တဲ့ပစ္စည်းအားလုံး မီးထဲပါသွားပြီလို့ ပြောပါတယ်။

“ဘာပစ္စည်းမှကို အဟုတ်ကို မရလိုက်ပါဘူးကွယ်။ အိုးခွက် စလောင်းပဲကျန်ရစ်တာပါ။ အိုးခွက်စလောင်းတောင် မရလိုက်ပါဘူး ပြောတာပါ။ ကျန်ရစ်တာနဲ့တောင် တွေ့နေပြီ။ စကားတွေကစ မမှန်တော့ ပါဘူးကွယ် နေရထိုင်ရတာကလည်း အဲဒီလိုဘဝအခြေအနေ ကို ရောက်သွားတော့တာပါ။ ကလေးနှစ်ယောက်နဲ့ အလွတ်ပြေးလာတာတာပါ”
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ ခရီးထွက်နေတာကြောင့် သူ့အနေနဲ့ ဒီအကြောင်း အသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကြောင်းတွေဟာ အရပ်သား ပြည်သူတွေကို သတ်ဖြတ်တာ မရှိသလို နေအိမ်တွေကိုလည်း မီးရှို့တာမျိုး ဘယ်တော့မှ မလုပ်ဘူးလို့ အရင်က RFA ကို ငြင်းဆိုထားပါတယ်။
ခင်ဦးမြို့နယ်မှာ အာဏာသိမ်းနှစ်နှစ်အတွင်း ရွာပေါင်း ၅၉ ရွာက နေအိမ် ၂၉၃၀ လုံးမီးရှို့ ခံခဲ့ရပြီး ၁၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသလို ဒေသခံနဲ့ PDF စုစုပေါင်း ၂၅၄ ဦးထက်မနည်း အသတ်ခံခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်မှုကိစ္စတွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီးခံ ခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းအရ အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။