ကောလင်းတိုက်ပွဲဆက်ပြင်းထန်နေ ပြည်သူငါးဦးခန့်သေဆုံးပြီး ၁၅၀၀ ကျော်ပိတ်မိနေဆဲ

RFA Burmese
2023.11.05
ကောလင်းတိုက်ပွဲဆက်ပြင်းထန်နေ ပြည်သူငါးဦးခန့်သေဆုံးပြီး ၁၅၀၀ ကျော်ပိတ်မိနေဆဲ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိတိုက်ပွဲကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Kawlin info

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်မှာ နိုဝင်ဘာလ ၃ ရက် မနက်ကစ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ငါးဦးထက်မနည်း သေဆုံးနိုင်ပြီး ဒဏ်ရာရသူ အများအပြားရှိနေတယ်လို့ ကောလင်းဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့အပြင် နိုဝင်ဘာ ၃ ရက်ကတည်းက လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် သေဆုံးထိခိုက်သူ အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၃ ရက် ည ၈ နာရီကလည်း တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ ၁၂ မိုင်ခန့်ဝေးတဲ့ ဖလဲရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၄ နှစ်အရွယ် ဒေသခံ ဦးနိုင်မင်းဦး ထိမှန်သေဆုံးခဲ့တယ်လို့ ကောလင်းဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ကတည်းက မြို့ပေါ်ပိတ်မိနေတဲ့ ဒေသခံတစ်သောင်းကျော်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ကယ်ထုတ်ပေးနေပေမယ့် လေကြောင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာကြောင့် နိုဝင်ဘာလ ၅ ရက် မနက်ပိုင်းထိ ပိတ်မိနေသူ ၁၅၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

"ပြည်သူတွေရဲ့ အခြေအနေကတော့ ပိတ်မိတဲ့လူ ပိတ်မိတယ်။ လေယာဉ်နဲ့ကြဲလို့ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်"

ကောလင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းမှာ နိုဝင်ဘာ ၅ ရက် မနက် အစောပိုင်းက နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကပါ ပစ်ခတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကောလင်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနက်ပိုင်းအခြေအနေကတော့ အင်အား(စစ်ကောင်စီတပ်) ကို တိုက်နေတုန်း ရှိသေးတယ်။ အဲဒါကို လေယာဉ်နဲ့ လာလာပစ်တာ။ မနက်က ဂျက်ဖိုက်တာနဲ့ လာကြဲသွားတယ်။ ပြည်သူတွေရဲ့ အခြေအနေကတော့ ပိတ်မိတဲ့လူ ပိတ်မိတယ်။ လေယာဉ်နဲ့ကြဲလို့ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ အဲဒါတွေက သေချာ အသေးစိတ်တော့ မသိသေးဘူး။ ပိတ်မိတယ်ဆိုတာက သူတို့က အရှေ့ပိုင်း (ကောလင်းမြို့) ကို ထွက်ဖို့လုပ်နေတဲ့အချိန်မှာ (စစ်ကောင်စီတပ်သား) တွေ ရောက်လာကြတော့ မထွက်လိုက်နိုင်တာ"

ထွက်မပြေးနိုင်တဲ့ ဒေသခံတွေဟာ နေအိမ်တွေထဲမှာပဲ ပုန်းခိုနေကြရတယ်လို့ သူကပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးကတော့ ပစ်ခတ်နေတဲ့ကြားကပဲ ပိတ်မိနေတဲ့ ပြည်သူတွေကို ဆက်ပြီးကယ်ထုတ်နေတယ်လို့ ပြောပါတယ်။

"ပြည်သူတွေတော့ တတ်နိုင်သမျှ ကယ်ထုတ်နေပါတယ်ဗျ။ ဒီနေ့မနက်လည်း ကယ်ထုတ်တဲ့သူတွေရှိတယ်။ ဖုန်းလိုင်းတွေ အကုန်လုံးပြတ်နေတော့ တချို့ အပြင် ရောက်နေပေမယ့်လည်း အဆက်အသွယ်ပြတ်နေတာတွေ အဲလိုမျိုးတွေရှိတယ်ဗျ။ အခုစစ်ကောင်စီတပ်တွေက ထွေအုပ်ရုံးနားပတ်လည်တစ်ဝိုက်မှာ နေရာယူထားတယ်ဗျ။ အဲဒီအထပ်မြင့်တိုက်တွေမှာ။ သူတို့က ပြည်သူတွေ လမ်းပေါ်ထွက်ရင်လည်း ပစ်တယ်ဗျ။ သူတို့ပစ်လို့ သေတဲ့သူတွေလည်းရှိတယ်။ ပြည်သူတွေကို အကာအကွယ် ယူတာပေါ့။ ပြည်သူတွေရှိတော့ ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ထင်တိုင်း မပေါက်ဘူးပေါ့ အဲလိုမျိုး"

စစ်ကောင်စီတပ်သားတွေရှိတဲ့ ကောလင်းမြို့မရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနဲ့ အ.ထ.က (၁) ကျောင်းဝန်းထဲကို နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၃ နာရီလောက်မှာ PDF နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေပြင်းထန်နေတာပါ။

နိုဝင်ဘာ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က မြို့ပေါ်ကို ဂျက်တိုက်‌လေယာဉ်နဲ့ ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တဲ့အတွက် အဆောက်အအုံအချို့ ထိခိုက် ပျက်စီးခဲ့သလို လမ်းပေါ်မှာ ရုပ်အလောင်းနှစ်လောင်းတွေ့ရှိထားတယ်လို့ ကောလင်းအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာလ ၅ ရက် မနက် ၉ နာရီ ၄၅ မိနစ်ခန့်မှာလည်း တံတားဦးဘက်ကနေတက်လာတဲ့ ဂျက်တိုက်လေယာဉ်တစ်စီးက ကောလင်းမြို့ပေါ်ကို ပစ်ခတ်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အခိုင်အမာနဲ့ ခုခံနေတဲ့အပြင် လေကြောင်းပစ်ကူကြောင့် မြို့သိမ်းတိုက်ပွဲ ကြန့်ကြာနေတာလို့ ကောလင်းမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ထွေအုပ်ရဲ့ဘေးမှာ ဆေးရုံ၊ ဆေးရုံရဲ့ ဘေးမှာ အ.ထ.က (၂)။ အ.ထ.က (၂) လောက်အထိကို ကိုယ့်လူတွေက နေရာယူပြီးတော့ မီတာနှစ်ရာကျော်လောက် နေပြီးတော့ပေါ့၊ တိုက်ပွဲအပြင်းအထန်ဖြစ်နေတာပေါ့။ စခန်းသိမ်းမှာပေါ့။ အဓိကတော့ စခန်းသိမ်းမှာ။ ထွေအုပ်ရဲ့ လေးဘက်လေးတန်ပေါ့လေ ကိုယ့်လူတွေက အခိုင်အမာတော့ ဝိုက်ထားနိုင်တယ်။ ဒါပေမဲ့ သူတို့က ဘန်ကာတွေ ကောင်းတဲ့အတွက် ရယ်၊ လက်နက်အင်အား ကောင်းတဲ့အတွက်ရယ် ကိုယ့်ဘက်က ကပ်လို့ အဆင်မပြေဘူးဖြစ်နေတာ။ လေယာဉ်ဖြတ်တောက်ရေးကလည်း ကိုယ့်ဘက်က တိုက်ပွဲဖြစ်လို့ နာရီဝက်လောက်ကြာရင် လာပစ်လိုက်၊ ကိုယ့်ဘက်က ဆုတ်ပေးလိုက်ရဆိုတော့ တိုက်ပွဲက ရှေ့ကို ထပ်တိုးလို့မရဘူးဖြစ်နေတာပေါ့"

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ ရှိ အမှတ် (၁)၊ အခြေခံပညာ အထက်တန်းကျောင်းကို ၂၀၁၈ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - အထက - ၁ ကောလင်း - ဖေ့စ်ဘွတ်)
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ ရှိ အမှတ် (၁)၊ အခြေခံပညာ အထက်တန်းကျောင်းကို ၂၀၁၈ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - အထက - ၁ ကောလင်း - ဖေ့စ်ဘွတ်)

ကောလင်းမြို့ပေါ်တိုက်ပွဲကြောင့် မြို့ပေါ်အပြင် မြို့ပေါ်နဲ့ နှစ်မိုင်ပတ်လည်ရွာတွေက ပြည်သူတွေပါ ထွက်ပြေးနေရပြီး စုစုပေါင်း တစ်သိန်းဝန်းကျင်ရှိနေပြီလို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ဒါ့ပြင် တိုက်ပွဲနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ တိုင်ရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က နိုဝင်ဘာ ၅ ရက်မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက် သိမ်းပိုက်ခံနေရသလို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကိုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တွေ ဆက်တိုက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။