လေကြောင်းရန်စိုးရိမ်ပြီး ကနီဒေသခံရှစ်ထောင်နီးပါး ထွက်ပြေး

RFA Burmese
2023.05.20
လေကြောင်းရန်စိုးရိမ်ပြီး ကနီဒေသခံရှစ်ထောင်နီးပါး ထွက်ပြေး ကနီမြို့နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်က တွေ့ရစဉ်။
ပြည့်အောင်နိုင်(ကနီ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ချောင်းမ၊ မင်းမနဲ့ သမင်ခြံရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်မယ်ဆိုတဲ့သတင်းတွေ ထွက်လာတာကြောင့် ကျေးရွာသားတွေ ညတွင်းချင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကနီဒေသခံတွေက RFA ကိုပြောပါတယ်။

မေလ ၁၄ ရက်နဲ့ ၁၆ ရက်က ချောင်းမနဲ့မင်းမရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ကျေးရွာစာသင်ကျောင်းတွေ ပျက်စီးခဲ့ရတာကြောင့် အခုလည်း စိုးရိမ်ပြီး ထွက်ပြေးကြရတာပါ။

မေလ၂၀ ရက် ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်းနဲ့ဗုံးကြဲမယ်လို့ သတင်း ထွက်လာတာကြောင့် ထွက်ပြေးခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောင်းမရွာခံတစ်ဦးက RFA ကိုပြောပါတယ်။

“အဲဒါက မနေ့ည (မေလ ၁၉ ရက်ည) ၈ နာရီလောက်မှာ သတင်းကထွက်လာတာပါဗျ။ မနက်ခင်း ၃ နာရီ၊ ၄ နာရီကို “မ” သုံးမပေါ့။ “မ” သုံးမကို ဗုံးကြဲမယ်ဘာညာဆိုတော့ အဲဒါမျိုးတွေပြောကြတာ လေသံတွေကြားတော့ ရပ်ရွာက ပြောမယ်ဆိုရင် ပြည်သူလူထု တော်တော်များကတော့ မနေရဲကြလို့ ဘေးလွတ်ရာကို ရှောင်တိမ်းအိပ်နေကြတာဗျ”

လေကြောင်းနဲ့တိုက်ခိုက်လာမှာကို ကြောက်လန့်ပြီး ချောင်းမ၊ မင်းမ၊ သမင်ခြံအပြင် လယ်ရှည်ရွာက ရွာသား ရှစ်ထောင်ဝန်းကျင် ဘေးလွတ်ရာရှောင်တိမ်းနေရတာလို့ ဆိုပါတယ်။

အဲဒီ ရွာ လေးရွာမှာ စုစုပေါင်းအိမ်ခြေ နှစ်ထောင်ဝန်းကျင်ရှိပြီး ထွက်ပြေးနေကြသူတွေ မေလ ၂၀ ရက် ဒီကနေ့လယ်အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ပြောပါတယ်။

လုံခြုံရေအရအမည်မဖော်လိုတဲ့ ကနီဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ အရပ်သား၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ မခွဲခြားဘဲ လေကြောင်းက တိုက်ခိုက်လေ့ရှိတာကြောင့် အခုလို ထွက်ပြေးကြရတာလို့ RFA ကို ပြောပါတယ်။

“ဒေသခံတွေက လေယာဉ်တက်လာပြီဆိုရင်ကို လန့်နေတော့တာဗျာ။ ကြောက်နေကြတာပေါ့။ ပြည်သူရယ်၊ ကာကွယ်ရေးအဖွဲ့ရယ် မခွဲခြားဘဲ အကုန်လုံးကို ဗုံးကြဲတာဆိုတော့လေ။ စာသင်ကျောင်းတွေ၊ လူနေအိမ်တွေကို ကြဲတာဆိုတော့ ရှောင်တိမ်းနေရတာပေါ့။ ရှောင်ရတဲ့အခါမှာလည်း ပြဿနာပေါင်းစုံပါပဲ။ ပြေးရင်းလွှားရင်း ပိုးထိ (မြွေကိုက်) တာတို့၊ မီးဖွားတာတို့၊ ချောင်းရေတွေကျလာတာတို့၊ မိုးထဲရေထဲ တစ်ညလုံး အစာငတ်ဘာငတ်နဲ့ နေရတဲ့ဟာတွေလည်းရှိတယ် ”

ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ တောတောင်တွေထဲမှာ ရာသီဥတုဆိုးရွာတဲ့ဒဏ်ကို ရင်ဆိုင်နေကြရပြီး အမိုးအကာတွေလည်း လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေတဲ့ မေလ ၁၄ ရက်နေ့မှာပဲ ကနီမြို့နယ်မှာ အင်အား တစ်ရာလောက်နဲ့ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာကြောင့် မေလ ၁၄ ရက်နေ ၁၉ ရက်အထိ ဒေသခံ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ကနီမြို့နယ်တွင် စစ်ကြောင်းထိုးနေတာကြောင့် ထွက်ပြေးရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Pyae Aung Naing Kani)
ကနီမြို့နယ်တွင် စစ်ကြောင်းထိုးနေတာကြောင့် ထွက်ပြေးရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Pyae Aung Naing Kani)

ကနီမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကတော့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“လတ်တလောမှာ စစ်ရေးက တင်းမာနေဆဲပါ။ အသေးစိတ်က အကုန်ပြောလို့မရသေးပါဘူး။ စစ်ကြောင်းထိုးတာ မနေ့က ကျောက်လုံးကြီးတောင်ပေါ်ကို ရောက်နေတဲ့ဟာက ပျူစောထီးရွာဖြစ်တဲ့ ရေလယ်ကျွန်းဘက်ကို ပြန်သွားမှာမို့လို့ လမ်းကြောင်းက နှစ်ခွဖြစ်နေတော့ ဒေသခံတွေ ပိတ်မိနေမှာဆိုးလို့ ရှောင်တိမ်းနေရတယ်ဗျ။ မနေ့က တိုက်ပွဲတော့မဖြစ်ဘူး။ တစ်နေ့က ရက်တွေမှာတော့ဖြစ်တယ်။ တိုက်ပွဲဖြစ်လို့ ဒီကောင်တွေ (စစ်ကောင်စီတပ်) လေယာဉ်သုံးတယ် ”

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန် ဖမ်းဆီးတာနဲ့ သတ်ဖြတ်ခံရတာတွေ ဖြစ်လာနိုင်တာကြောင့် စစ်ကြောင်းဖြတ်မယ့်ရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒေသခံပြည်သူတွေ အခုလို နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့အပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီးဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

"ဒေသခံတွေက လေယာဉ်တက်လာပြီဆိုရင်ကို လန့်နေတော့တာဗျာ။ ကြောက်နေကြတာပေါ့။ "

ကနီမြို့နယ်ထဲမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်နှစ်ရာထက်မနည်း ပျက်စီးနိုင်တယ်လို့ ကနီမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက RFA ကို မေလ ၁၅ ရက်က ဖြေဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ မေလ ၆ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ခုနစ်သိန်းခွဲနီးပါးအထိ ရှိလာပြီဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။